VOA
ဗွီအိုအေ (မြန်မာပိုင်း)
ဗွီအိုအေ (မြန်မာပိုင်း)
16 နိုဝင်ဘာ၊ 2019
မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင် အကျပ်အတည်းကို ထင်ရှားပေါ်လွင်စေပြီး ဖြေရှင်းနိုင်မယ့် ဘယ်လိုနည်းလမ်းမျိုးမဆို အသုံးဝင်မယ်လို့ ယူဆတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန၊ အကြီးတန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ဒါပေမယ့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကနေ စုံစမ်းစစ်ဆေးမယ်ဆိုတာက မှန်ကန်တဲ့နည်းလမ်း ဟုတ်မဟုတ်ဆိုတာကိုတော့ မှတ်ချက်မပေးပါဘူး။ ဒီအကျပ်အတည်းကို ထင်ရှားပေါ်လွင်အောင်လုပ်ဖို့၊ မြန်မာအစိုးရက အရေးယူူလုပ်ဆောင်လာအောင် လုပ်ဖို့ကတော့ အရေးကြီးတယ်လို့လည်း သောကြာနေ့က နိုင်ငံခြားရေးဌာနမှာလုပ်တဲ့ ရှင်းလင်းပွဲတခုအတွင်း ပြောသွားပါတယ်။
တဆက်ထဲမှာပဲ နောက်ထပ် အလားတူ အကျပ်အတည်းတခုကိုလည်း အခုလို အလေးထားမှုမျိုးနဲ့ ကိုင်တွယ်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံ၊ Xinjiang ဒေသမှာ မွတ်ဆလင်ဖြစ်ရုံသက်သက်နဲ့ပဲ အကြီးအကျယ် ဘေးဒုက္ခရောက်နေကြတဲ့ မွတ်ဆလင်လူထုရဲ့ အခြေအနေကို နှိုင်းယှဉ်ထောက်ပြပြီး ပြောသွားတာပါ။ ဒီလိုကိစ္စရပ်တွေအားလုံးကို အလေးဂရုပြုဖို့ လိုတယ် လို့ ပြောပါတယ်။
အခုရှင်းလင်းပြောဆိုတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်း တာဝန်ရှိသူဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖူးသူလည်းဖြစ်ပြီး မိမိတို့ရဲ့စိုးရိမ်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြုတဲ့အကြောင်း၊ အဖြေတခုရဖို့အတွက် မြန်မာနိုင်ငံက လုပ်ဆောင်နေကြောင်း၊ အထောက် အထားကဒ်ပြား၊ နိုင်ငံသားဖြစ်မှု၊ ဒုက္ခသည်စခန်းတွေ မှာ နေထိုင်နေရတာ ခုနစ်နှစ်ကျော်ပြီဖြစ်တဲ့ လူတွေရဲ့ဘေးဒုက္ခ စတဲ့ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုပြီး လုပ်ဆောငနိုင် တယ်ဆိုတာကို မိမိတို့အားလုံး သဘောတူတယ်လို့ ယူဆကြောင်း၊ ဒီကိစ္စရပ်တွေအားလုံးကို ဖြေရှင်းရမှာဖြစ်ပြီး ညတွင်းချင်း ပြေလည်မယ့်အဖြေမျိုးတော့ ရှိမှာမဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်းတာဝန်ရှိသူက ပြောသွားပါတယ်။
နိုင်ငံတကာကသုံးနှုန်းတဲ့ ရိုဟင်ဂျာဆိုတာကို မြန်မာအစိုးရက လက်မခံဘဲ ICC ရဲ့ စုံစမ်းစစ်ဆေးမှုမှာလည်း အဖွဲ့ဝင်နိုင်ငံမဟုတ် တာကြောင့် ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ အခိုင်အမာပြောထားပါတယ်။
No comments:
Post a Comment