Wednesday, October 30, 2019

ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲဖြစ်၍ မညှင်းတောင်ရွာ သား များထွက်ပြေးရ

နိရဉ္စရာ
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ ၊ အောက်တိုဘာ ၃ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မညှင်းတောင်ရွာနှင့် ငစံဘော်( မုဆိုးချောင်း) ကျေးရွာအကြားတွင် ယနေ့နံနက် ၉ နာရီက မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ ဖြစ်ပွားသောကြာင့် မညှင်း တောင် ကျေးရွာသားများမှာ ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု သတင်းရရှိသည်။

မညှင်းတောင်ကျေးရွာမှ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ တိုက်ပွဲဖြစ်တာက မညှင်းတောင်နဲ့ ငစံဘော်( မုဆိုးချောင်း) ကျေးရွာအကြားမှာ ဖြစ်တာပါ။ တစ်ရွာလုံးထွက်ပြေးကြပါတယ်။ အခု ကျွန်မတို့ ပြိန်းတော ကုန်တန်းကျေးရွာကို ထွက်ပြေးရောက်ရှိနေပါတယ်” ဟု ပြောကြားသည်။

ယခုထွက်ပြေးရခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ရက်ခန့်ကမှ မညှင်းတောင်ကျေးရွာသို့ ပြန် သွားခဲ့ပြီး နှစ်ရက် အကြာတွင် ထပ်မံ တိုက်ပွဲ ဖြစ်သဖြင့် ထပ်မံ ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

“ ကျွန်မတို့ရွာကို မညှင်းတောင်ကို စစ်သားတွေ ဝင်ရောက်လာတဲ့ အတွက် ကျွန်မတို့ မိသားစု အနီးအနား က ညောင်ပင်လှ ကျေးရွာကို ထွက်ပြေးနေထိုင်ခဲ့ပါတယ်။ အဲဒီမှာ ၇ ရက်လောက်နေထိုင်ခဲ့ပါတယ်။ စစ်သား တွေ မရှိတော့ဘူးလို့ သိရတဲ့ အတွက် ရွာကို ပြန်သွားတာ နှစ်ရက်ဘဲရှိပါတယ်။ အိမ်ကို ပြန်ရောက်တော့ အိမ်မှာ ကျန်နေခဲ့တဲ့ ဆန်အပါအဝင် ကြက်၊ ဆိတ်ဘာမှ မကျန်တော့ဘူး။ အိုးတွေလည်း အကုန်လုံးဖျက် ဆီးခံထားရပါတယ်။ ဒီနေ့မှာ တစ်ခါ ထပ် တိုက်ပွဲ ရွာအနီးမှာ ဖြစ်ပွားတဲ့ အတွက် ထပ်မံ ထွက်ပြေးရတာပါ။ အခု အရမ်းအခက်အခဲ ဖြစ်နေပါပြီ” ဟု ၎င်းအမျိုးသမီးက ပြောကြားသည်။

ယနေ့ ဖြစ်ပွားသော စစ်ကြောင်းမှာ ပြိန်းတောကျေးရွာမှ ထွက်ခွာသွားသော စစ်ကြောင်းဖြစ်ပြီး မညှင်း တောင်ရွာအလွန် ငစံဘော် ချောင်းကိုမရောက်မီတွင် AA နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ကုန်တန်းရွာသား တစ်ဦးကလည်း ပြောသည်။

တိုက်ပွဲမှာ မိနစ် ၃ဝ ခန့်ကြာပြီး အပြန်အလှန် ပစ်ခတ်ကြကြောင်း၊ သေနတ်သံများကို နံနက် ၁ဝ နာရီကျော် ထိ ကြားခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးရှိ မညှင်းတောင်မှ ကျေးရွာမှ လူများသာမက အနီးအနားရှီ ငစံဘော်(မုဆိုးချောင်း)၊ ညောင်ပင်လှ ကျေးရွာသားများလည်း ထွက်ပြေးသွားကြသည်ဟု သတင်းရရှိသည်။

အဆိုယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို ဆက်သွယ်မေးမြန်းရာ ယင်း ငစံဘော်ကျေးရွာနှင့် မညှင်းတောင်ကျေးရွာဘက်တွင် တပ်မတော်ဘက်က စစ်ကြောင်းများ မရှိကြောင်း ပြောသည်။

မညှင်းတောင်ကျေးရွာသည် အိမ်ခြေ ၆၂ ဆောင်ရှိပြီး လူဦးရေ ၂ဝဝ ကျော်ရှိကြောင်း သိရသည်။
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */