Saturday, July 6, 2019

ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း ကျေးရွာတချို့မီးလောင် ပျက်စီး

VOA  
ဗွီအိုအေ (မြန်မာဌာန)
05 ဇူလိုင်၊ 2019
ကိုနိုင်ကွန်းအိန်
ရခိုင်ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးကြသော စစ်ရှောင်များ (ဇန်နဝါရီ၊ ၀၄၊ ၂၀၁၉)
 
  မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်နေတဲ့ ဒေသက ကျေးရွာတချို့မှာ မီး လောင် မှုတွေ ဖြစ်ပွားနေပါတယ်။ ဒေသခံတချို့ကတော့ စစ်သားတွေက မီးရှို့တာလို့ ပြောကြပေမဲ့လည်း တပ်မတော် တာ ဝန်ရှိသူတွေကတော့ တိုက်ပွဲတွေအတွင်း လက်နက်ကျည်ဆံတွေ ထိမှန်ရာက မီးလောင် မှုဖြစ်တာလို့ ပြောပါတယ် 
 တချိန်တည်းမှာပဲ တိုက်ပွဲတွေကြောင့် နယ်စပ်ကို တိမ်းရှောင်ကြတဲ့ ဒုက္ခသည်တွေ ကိုလည်း အိန္ဒိယအာဏာပိုင်တွေက ပြန်လည်ပို့ဆောင်တာတွေ ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ကသတင်းပေးပို့ ထားပါတယ်။

မြန်မာစစ်တပ်နဲ့ AA တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ကျေးရွာတချို့မှာ မီးလောင်မှုတွေ ဖြစ်ပွားနေတာပါ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်အနီး၊ သရက်ပြင်ကျေးရွာအုပ်စု အ လယ်ချောင်းကျေးရွာအနီး ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ရွာထဲကအိမ်တွေ မီးလောင်ခဲ့ကြောင်း ဒေသခံတွေက အကြောင်း ကြားခဲ့ကြတယ်လို့လည်း ဘူးသီးတောင်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

“ကျနော်တို့ကို သတင်းပို့တာ ရှိတယ်။ အဲဒီအလယ်ချောင်းရွာက မီးရှို့နေတယ်။ မီးခိုးတွေတက်နေတယ် ဆိုပြီးတော့ အဲဒီလို အကြောင်းကြားလာတယ်။ အဲဒီရွာက ခမီးရွာ။ အဲဒီမှာလူမရှိတော့ဘူး။ လူတွေက ဒီ မှာ အကုန်လုံး ဒုံးသိန်ကယ်ဆယ်ရေးစခန်းကို ရောက်နေပြီး။ တိုက်ပွဲတော့ဖြစ်တယ်။ မနက်ပိုင်းတော့ ဖြစ် တယ်။ ဒီနေ့အနက်ပိုင်းက မောချောင်းဆိုတဲ့ အဲဒီတောနက်ထဲမှာ ဖြစ်တယ်လို့ အဲဒီလိုပဲ ကျနော်တို့ သိတယ်။”

မီးလောင်မှုအတွင်း လူမနေတဲ့ အိမ်ခြေ ၄၀ ခန့်လောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့မှာ ပဲ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့နယ်‌‌ မြောက်‌ပိုင်‌း အမျက်‌‌တောင်‌‌ကျေးရွာမှာလည်း မီးလောင်မှု ဖြစ်ခဲ့ကြောင်း ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြော ပါတယ်။

“ဒီနေ့နေ့လယ် ၂ နာရီမှာတော့ ရွာနဲ့ ၆ ဖါလုံလောက် ဝေးတဲ့ နေရာမှာပေါ့ နာရီဝက်လောက် တိုက်ပွဲဖြစ် တယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပြီးတော့ သူတို့ဒီ ရွာကို ရောက်လာကြတယ်ပေါ့။ ရွာသားတွေကျတော့ တပ်မတော်လာတယ်ဆိုရင်ပဲ သူတို့နီးစပ်ရာတွေပေါ့ သူတို့ ထွက်ပြေးကြတယ်။ ဘုန်ကြီးကျောင်းရဲ့ အေ ရှ့ဘက်ပေါ့နော်... အိမ်ကတော့ ခုနစ် လုံး လောက်တော့ မီးလောင်တယ်။ နောက်တခါ တနေရာမှာတော့ သုံး လုံးလောက်နဲ့ အားလုံးစုစုပေါင်း ဆယ် လုံးလောက်တော့ ပါသွားပြီဆိုပြီးတော့ သူတို့ သတင်း ပို့ လာ တာ ရှိပါတယ်။”

အမျက်‌‌တောင်‌‌ ကျေးရွာသား တဦးကတော့ မြန်မာစစ်တပ်က မီးရှို့တာလို့ ပြောပါတယ်။

“ဒီနေ့ ၂ နာရီခွဲလောက်က ရွာထဲဝင်ပြီး စစ်တပ်က မီးရှို့သွားတယ်။ ရွာအဝင်မှာ သေနတ်သံဖေါက်ပြီး မီးရှို့တယ်။”

တိုက်ပွဲဖြစ်ရာ နယ်မြေတွေက ကျေးရွာတွေမှာ မီးလောင်မှုတွေ ဖြစ်ပွားနေပြီး စစ်တပ်က ရှို့တာလို့လည်း ဒေသခံတွေက စွပ်စွဲနေတဲ့ အပေါ်မှာတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူး ကြီးဝင်းဇော်ဦးက အခုလိုပြောပါတယ်။

“တိုက်ပွဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဗုံးသီးရွာထဲကို ကျသွားလို့ ဒီဘက်က ဆောက်ထားတဲ့ အိမ်တွေ၊ တိုက်ကြီးတာကြီးတွေ မဟုတ်ဘူး။ ထရံကာအိမ်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပစ်လိုက်တဲ့ ဗုံးသီး အဲဒီရွာကိုကျရင်လည်း အဲဒီရွာ မီးလောင်မှာပဲ။ တပ်ကတော့ ရှို့မှာ မဟုတ်ဘူး။ တိုက်ပွဲက အဲဒီအနားမှာ ဖြစ်တာကိုး။ ရွာထဲကနေပြီးတော့ဟုတ်လား..... AA တွေကို လက်ခံမထားနဲ့။ လက်ခံထားမယ်ဆိုလို့ ရှိရင်တော့ ဒီလိုလေးပဲ ဖြစ်နေမှာပဲ။”

မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲကြောင့် ဒေသခံရွာသားတွေ နေရပ်စွန့်ခွာနေရသူအများအပြား ရှိလာနေတာပါ။

ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်က ပလက်ဝမြို့နယ်အတွင်း မြန်မာ့စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ရွာ သား ၂၀၀ ကျော်ကို မီဇိုရမ်အစိုးရကနေ မြန်မာပြည်ဘက်ခြမ်းကို အင်အားသုံး ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

ဇူလိုင် ၂ ရက်နေ့က အိန္ဒိယရိုင်ဖယ်တပ်ဖွဲ့ကနေ အိန္ဒိယနယ်စပ်ရောက် စစ်ရှောင်ဒုက္ခသည်တွေကို အတင်း နရပ်ပြန်ပို့ခဲ့တယ်လို့ ရခိုင်တပ်တော် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“အိန္ဒိယပြည် အစိုးရကနေပြီးတော့မှ နယ်စပ်လုံခြုံရေး အာသံရိုင်ဖယ်ပါတယ်။ နောက်ပြီးတော့ဒီ မီဇိုရမ် ပြည်နယ်က ရဲအဖွဲ့ပေါ့။ သူတို့အဲဒီ သုံး အဖွဲ့ပေါင်းပြီးတော့မှ အဲဒီဒုက္ခသည်အိမ်တွေပေါ့နော်... မနက် ၁၀ နာရီလောက်မှာ အကုန်လုံး ဖျက်။ ပြီးတော့လူတွေလည်းအတင်းရွှေ့ချ၊ အိမ်တွေဖျက်။ သူတို့အဲဒီမှာ အတင်း အကျပ် ပြန်ပို့တာပေါ့။ ဖမ်းပြီးတော့ပို့တာ။ အကုန်လုံးကတော့ ၂၁၉ ယောက်ပေါ့နော်။ မြန်မာပြည် ထဲ ကဆိုရင် မြိတ်ဝဆိုတဲ့ ရွာရှိတယ်။ အဲဒီနယ်စပ်ကျောက်တိုင် ရှေ့မှာ သူတို့ပို့တာ။ အဲဒီမြိတ်ဝဆိုတဲ့ ရွာကို ပို့တာပေါ့။ အဲဒီမှာ ဗမာစစ်တပ်စခန်း ရှိတယ်။”

လက်ရှိစစ်ရှောင်တွေ မြန်မာဘက်ခြမ်း ပလက်ဝမြို့နယ် မြိတ်ဝရွာမှာ ရောက်ရှိနေတယ်လို့ ချင်းပြည်နယ် အစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်က ပြောပါတယ်။

“ဟုတ်တယ်။ ကျနော်အခု ထပ်ကြားတာတော့ ယေကျ်ား ၁၂၀၊ အမျိုးသမီးက ၈၀ ။ မြိတ်ဝက လူတွေလို့ ပြောတယ်။ ၂၀၁၇ အဲဒီမှာ တိုက်ပွဲတွေဖြစ်တုန်းက သူတို့အဲဒီ အိန္ဒိယနယ်စပ်ကြားမှာ တဘက်ကမ်းမှာပဲ မြို့သစ်တွေ၊ ရွာသစ်တွေ အဲဒီမှာသွားပြီးတော့ နေကြတယ်။”

ဒီ စစ်ဘေးရှောင်ပြည်သူတွေကို မီဇိုရမ်ပြည်နယ် အစိုးရကနေ ဇွန်လကတည်းက နေရပ်ပြန်ပို့ဖို့ စီစဉ်ခဲ့ပေမဲ့ ရာသီဥတု အခြေအနေ ဆိုးဝါးမှုကြောင့် ရက်ရွှေ့ဆိုင်းခဲ့ပြီး ဇူလိုင်လဆန်းမှာမှ ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

မနေ့တုန်းကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မင်းပြားမြို့နယ်နဲ့ ချင်းပြည်နယ်ပလက် ဝမြို့နယ် ဘက်မှာ နှစ်ဘက် တိုက်ပွဲဖြစ်ခဲ့ကြောင်း တပ်မတော်ဘက်ကရော AA ဘက်ကပါပြောဆိုခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ အဖမ်းဆီးခံရမှု ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရမှုစတဲ့ လူ့အခွင့်အေ ရးချိုးဖေါက်မှု ဒဏ်ခံနေရသလို စစ်ဘေးဒုက္ခသည်အဖြစ် နေရပ်ကနေစွန့်ခွာတိမ်းရှောင်နေရတာ ဦးရေ ၄၆,၀၀၀ ကျော် ရှိလာနေပြီး ဖြစ်တယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */