စစ်တွေ ဇွန် ၁၃
ကြည်ရေးစီမံကိန်းအရ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့သို့ အိန္ဒိယနိုင်ငံအစိုးရက လယ် ထွန်စက် ၁၅ စီး၊ စပါး ရိတ်သိမ်းခြွေလှေ့စက် ၁၅ စီး၊ ကွန်ပျူတာအလုံး ၄၀ နှင့် ဆက်စပ် ပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက စစ်တွေမြို့ စစ်တွေဆိပ်ကမ်း၌ ကျင်းပသည်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးလာစေရန်
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးMr. Saurabh Kumar က ရခိုင်ပြည်နယ် အ တွက် စိုက်ပျိုးရေး ကဏ္ဍများ ဖွံ့ဖြိုးလာစေရန်နှင့် လူငယ်များအကြား နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက် လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ လယ်ထွန်စက်များ၊ ရိတ်သိမ်း ခြွေလှေ့ စက် များ၊ ကွန်ပျူတာများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြား သည်။
အကျိုးရှိရှိအသုံးပြုသွားမည်
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ကျေးဇူးတင် စကား ပြန်လည်ပြောကြားရာတွင် မြန်မာနိုင် ငံနှင့် အိန္ဒိယနိုင်ငံ သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ ကာလကြာရှည် ချစ်ကြည်ရင်းနှီးစွာ နေ ထိုင်လာခဲ့ကြသည့် နိုင်ငံဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် စိုက်ပျိုးရေးကဏ္ဍနှင့် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် အမှန်တကယ်လိုအပ် နေသည့် ပစ္စည်းများကို အိန္ဒိယနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကျိုး ရှေးရှုပြီး ကူညီဆောင်ရွက်ပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေး ကို အဓိကအားထားရသည့် ပြည်နယ်တစ်ခုဖြစ်ရာ ယခုပေးအပ်လှူဒါန်းသည့် ပစ္စည်းများ ကို အကျိုးရှိ ရှိအသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက လယ်ထွန်စက် ၁၅ စီး၊ စပါးရိတ် သိမ်းခြွေလှေ့စက် ၁၅ စီး၊ ကွန်ပျူတာအလုံး ၄၀ နှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ် လှူဒါန်းသည်။
ပေးအပ်လှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် ဦးကျော်အေးသိန်း၊ ဦးကျော်လွင်၊ ဦးအောင်ကျော်ဇံ၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းတို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် သံရုံးမှ တာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းနှင့်ဓာတ်ပုံ-ဟန်မင်း
No comments:
Post a Comment