Tuesday, May 21, 2019

ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာသား တစ် ဦး အသတ်ခံရ

နိရဉ္စရာ 
ထွန်းလင်းနိုင်
နိရဉ္စရာ၊ မေလ ၂၁/၂၀၁၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်တံတားအနီးရှိ ကြာညိုပြင် ကျေးရွာသား တစ်ဦး မေလ ၂၀ ရက်နေ့ ည ၆ နာရီအချိန်ခန့်က လုပ်ကြံ သတ်ဖြတ်ခံရပြီး သေဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

"ရဲကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီအမှုဖွင့်မယ်လို့ ပြောပါတယ်။ ဘာပုဒ်မနဲ့ဖွင့်မယ်ဆိုတာတော့ အတိ အကျမသိရသေးပါဘူး။ မိသားစုသဘောထားကတော့ ဘာမှန်းမသိရသေးပါဘူး" ဟု ကြာညိုပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါသတ်ဖြတ်ခံရသူ ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာနေ ကိုစိုးဝင်းနိုင် အသက် ၃၇ နှစ်(ဘ) ဦးမောင်အေးညွှန့်ဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ် ခင်ခင်သန်းနှင့် သားသမီး ၃ ဦးကျန်ရစ်ခဲ့ကြောင့် သိရသည်။

ဇနီးဖြစ်သူ ဒေါ်ခင်ခင်သန်းက “ ကိုစိုးဝင်းနိုင် အိမ်ဘယ်မှာလဲ။ ကျွန်မတို့အိမ်ခြံထဲကို လူနှစ်ဦး ဘုတ်ငှားမယ် ဆိုပြီး ဝင်လာပါတယ်။ ကျွန်မယောင်္ကျားက မိုးချုပ်နေပြီ။ မနက်မှ သွားရအောင်၊ ထမင်းတွေ ဘာတွေစားပြီး ဒီမှာ ညအိပ်ပါ ညီလေးတို့ဆိုပြီး ပြောပါတယ်။ အဲဒီအချိန်မှာ ကျွန်မက အိမ်ပေါ်ထက်မှာပါ။ သေနတ်တစ်ချက် ဒိုင်းဆိုပြီး ကြားပါတယ်။ ကျွန်မယောင်္ကျားက ခြံဝကို လိုက်ပါသွားတာကို တွေ့ရပါတယ်။ ခဏအကြာပြန်ဝင်လာပြီး ဝါးတစ်ပြန်လောက်မှာ ဘိုင်းကနဲ လဲသွားပါတယ်။ ကျွန်မအိမ်ပေါ်က ဆင်းပြီး သူ့ကို သွားပွေ့တော့ သူ့ကို သေနတ်နဲ့ပစ်တာမဟုတ်ဘဲ ဓါးနဲ့ ထိုးသွားတယ်လို့ ပြောပါတယ်။ ကျွန်မက ဒီလောက်ဘဲ သိလိုက်ရတာပါ” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

သတ်ဖြတ်သွားသူ နှစ်ဦးမှာ ဗမာလိုလို ရခိုင်လိုလို ပြောသဖြင့် ၅ မိနစ်ခန့် အချိန်အတွင်း ဘယ်သူ ဘယ်ဝါ မှန်း မသိလိုက်ရဟု သူမက ပြောဆိုသည်။

“ ကျွန်မမှာ ဒီနှစ် ကိုးတန်းတက်မယ့် သမီးကြီး တစ်ဦးရယ်၊ သားတစ်ယောက်က တစ်နှစ်ခွဲ၊ နောက်တစ် aယာက် သုံးလဘဲ ရှိပါသေးတယ်။ ကျွန်မသမီးကြီးက အရမ်းငိုပါတယ်။ အဖေသေသွားတော့ ကျောင်းတက် ရမှာ မဟုတ်တော့ဘူးဆိုပြီး အရမ်းငိုပါတယ်” ဟု ပြောဆိုသည်။

ကိုစိုးဝင်းနိုင်အား ထိုးသွင်းဓါးဒဏ်ရာလေးချက်ဖြင့် ဘူးသီးတောင်ဆေးရုံသို့ ယူဆောင်ရန်ပြင်ဆင်နေစဉ် ကြာညိုပြင် ကျေးရွာတွင် သေဆုံး သွားကြောင့် ကြာညိုပြင် ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးအောင်သိန်းလှက ပြောသည်။

ကိုစိုးဝင်းနိုင်အား မေလ ၂၁ ရက် ယနေ့နေ့လည်က ဘူးသီးတောင်မြို့ရှိ သုဿန်တွင် သဂြိုလ်ခဲ့သည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */