Tuesday, May 21, 2019

ဒေါက်တာအေးမောင်တို့၏အယူခံလွှာ ရခိုင်ပြည်နယ် တရားလွှတ်တော်တွင် ပယ်ချခံရ

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
နိရဉ္စရာ၊ မေ ၂၁/ ၂၀၁၉
ထောင်ဒဏ်နှစ် ၂ဝ စီချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ အယူခံလွှာ ပယ်ချခံလိုက်ရကြောင်း သိရသည်။


ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏ အယူခံလွှာအား သူတို့၏ရှေ့နေများက ယနေ့ မေလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ တင်သွင်းရာ ပယ်ချခံလိုက်ရခြင်းဖြစ်သည်။

"ကျနော်တို့က နှစ်ဘက်လျှောက်လဲချက်ပေးရတဲ့ အဆင့်ကို မရောက်ဘူး။ ကျနော်တို့အမှုကို လျှောက်လွှာ တင်လိုက်တယ်လေ။ ကျနော်တို့လျှောက်လွှာကို လက်ခံသင့်/ မခံသင့် လျှောက်လဲချက်ပေးရတဲ့အဆင့်ပါ။ ဆိုတော့ ကျနော်တို့လျှောက်လွှာကို လက်ခံသင့်/ မခံသင့် လျှောက်လဲချက်ပေးရတဲ့အဆင့်မှာကိုက လျှောက်လွှာကို လက်မခံဘဲ ပယ်တာပါ။ လျှောက်လွှာဆိုတာက အယူခံလွှာပေါ့။ အယူခံလွှာကို ပယ်တာပါ။ ဒီနေ့ လျှောက်လဲချက်ပေးရတယ်၊ ဒီနေ့ ပယ်ပါတယ်"ဟု ဒေါက်တာအေးမောင်၏ရှေ့နေ ဦးကျော်ညွန့်မောင် က နိရဉ္စရာသို့ ပြောသည်။

အယူခံလွှာအား ရခိုင်ပြည်နယ်တရားလွှတ်တော်မှ ပယ်ချလိုက်သည့်အတွက် ပြည်ထောင်စု တရား လွှတ်တော်သို့ ဆက်လက် တင်ပြသွားမည်ဟုလည်း ရှေ့နေများက ဆိုသည်။

အယူခံလွှာပယ်ချခံရခြင်းနှင့်ပတ်သက်ပြီး စာရေးဆရာဝေဟင်အောင်၏အစ်ကိုဖြစ်သူ ဦးသိန်းဝင်းက "တင် က တည်းကနေ မျှော်တော့ အရမ်း မမျှော်လင့်ခဲ့ဘူး။ ဘာကြောင့်လဲဆိုရင် ဒီအမှုအလားအလာ၊ သူတို့တွေ ကို ဖမ်းတယ်ဆိုကတည်းကနေ ဥပဒေကြောင်းအရ တရားရုံးကနေပြီးတော့ စိစစ်ကြတယ်။

နှစ်ဘက်သက်သေတွေကို စစ်တယ်၊ ဆေးတယ်။ အခြားအရာတွေ အားလုံးကိုနေပြီးတော့ မျက်စိထဲမှာ အစအဆုံး သိတဲ့တစ်ယောက်အနေနဲ့ ဘာပဲဖြစ်ဖြစ် ဥပဒေပါအကြောင်းအရာကို လေးစားလိုက်ပြီးတော့ ဟိုဘက်၊ ဒီဘက် ဆွေးနွေးကြတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီဘက်က သက်သေတွေထွက်ဆိုချက်အရဆိုရင် အမိန့်ချတဲ့အခါ တစ်စုံတရာ စွပ်စွဲထားသလောက်ဖြစ်မှာမဟုတ်ဘူးလို့ နားလည်ခဲ့တယ်ပေါ့။ သို့သော်လည်း အမိန့်ချလိုက်တာက အမြင့်ဆုံးအ မိန့်ကိုချလိုက်တယ်။ ချတယ်ဆိုလောက်ကနေ သူတို့ဟာ နိုင်ငံရေး ညစ် ပတ်တယ်။ လူမျိုးရေးနှိပ်ကွပ်တယ်။ ဒါကြောင့် ဒါကိုတော့ အများကြီးမျှော်လင့်ချက်မထားဘူး"ဟု နိရဉ္စရာ သို့ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့သည် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရသေ့ တောင် မြို့မှ စာပေဟောပြောပွဲတစ်ခုတွင် နိုင်ငံတော်ကိုအကြည်အညိုပျက်စေသည့်စကားများကို သုံးနှုန်း ပြောဆိုခဲ့သည်ဟုဆိုကာ ရခိုင်ပြည်နယ်အစိုးရ၏ တရားစွဲဆိုခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် သူတို့နှစ်ဦးသည် နိုင်ငံတော်ပုန်ကန်မှုပုဒ်မနှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်တို့ဖြင့် စစ်တွေခရိုင်တရားရုံးက ပြီးခဲ့သည့်မတ်လ ၁၉ ရက်နေ့တွင် ထောင်ဒဏ်နှစ် ၂ဝ စီ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် သူတို့နှစ်ဦးသည် စစ်တွေထောင်မှတဆင့် ရန်ကုန်မြို့ရှိ အင်းစိန်ထောင်သို့ ဧပြီလတွင် ပြောင်းရွှေ့ပို့ ဆောင်ခြင်းကို ခံနေရသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */