Thursday, April 11, 2019

မြောက်ဦးမြို့နယ် လက္ကာကျေးရွာ တစ်ရွာလုံးနီးပါး ထွက်ပြေး

နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ဧပြီ ၁၁/ ၂၀၁၉



 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ရွာသားများအားလုံး သည် ယနေ့ နံနက်က စပြီး ညနေ ၃ နာရီထိ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြကြောင်းသတင်းရရှိသည်။
ဧပြီလ ၁၀ ရက်နေ့ လက္ကာကျေးရွာအနီး ပစ်ခတ်သံများ ကြားရပြီးနောက် ကျေးရွာအတွင်းမှ လူပေါင်း ၂၇ ဦးအား စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ၎င်းနောက် လက္ကာကျေးရွာသားများသည် ကြောက် လန့် စိုးရိမ်ပြီး ယနေ့ နံနက် ၉ နာရီခန့်ကစပြီး ညနေ ၃ နာရီခန့် အထိ ရွာလုံးကျွတ် ထွက်ပြေး နေကြောင်း သူတို့အား လမ်းကြုံ ကားဖြင့် လိုက်ပါပို့ဆောင် ကူညီပေးခဲ့သူ အရှင်သဘာဝနဒီ နိရဉ္စရာသတင်းဌာနသို့ မိန့်ကြားသည်။
 
“မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပါတယ်။ ဒီနေ့ မနက်ကနေ ညနေ ၃ နာရီ ထိုး တဲ့ အချိန် အထိ လက္ကာကျေးရွာက လူတွေ ရွာလုံးကျွတ် ပြေးနေတုန်းဘဲ။လူပေါင်း တစ်ထောင်ကျော် ထွက် ပြေး နေကြပါတယ်။ ခြေနဲ့ပြေးသူပြေး၊ ထော်လာဂျီနဲ့ ပြေးသူပြေး၊ ကားနဲ့ပြေးသူပြေး အဲသလို ပြေးနေကြ တာ။ သူတို့ပြေးနေတာလမ်းမှာကြုံလို့ ဦးဇင်း ကားနဲ့တောင် နှစ်ခေါက် သုံးခေါက်လောက် ကူညီ ပိုးပေးခဲ့ တယ်” ဟု အရှင်သဘာဝနဒီက မိန့်ကြားသည်။

လက္ကာရွာသားများ ထွက်ပြေး ခိုလုံနေကြသည့် ကျေးရွာများမှာ ပီပင်ရင်း၊ တင်းတိန်ကန်၊ ဒလှ၊န ဂါရံ ရွာများ ဖြစ်ကြောင်း သိရသည်။

လက္ကာကျေးရွာမှ တင်းတိန်ကန်စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းသို့ရောက်ရှိနေသူ ဦးကျော်စိုးလှ က “ကျနော်တို့ ရွာနားမှာ ပစ်သံခတ်သံတွေကြားနေရတယ်။ ပြီးတော့ ရွာထဲကိုကျည်ဆံတွေ ကျရောက် တာ တွေလည်း ရှိတယ်။ ဖမ်းဆီးသွားတာတွေလည်းရှိတယ်။ အဲ့ဒါကြောင့် နေလို့မ သင့်တော်တော့ဘူးဆိုပြီး ကျနော်တို့ တရွာလုံး ထွက်ပြေးကြတာ။ တစ်ချို့က ကယ်ဆယ်ရေး စခန့်တွေရှိတဲ့နေရာကို ပြေးကြတယ်။ တစ်ချို့က ဆွေမျိုးတွေရှိတဲ့ဘက်ကို ပြေးကြတယ်။ ရွာပြိုနေပါပြီ”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိ လက္ကာရွာတွင် အသက်အရွယ်ကြီးရင့်နေသူ အိမ်စောင့် တစ်ချို့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အိမ် တစ် အိမ်သာ ကျန်ရှိနေတော့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဇနီးဖြစ်သူ ဒေါ်လှမြသန်းက ပြောဆိုသည်။

“အရမ်းဝမ်နည်းစရာကောင်းပါတယ်။ ရွာမှာ အကုန်လုံး ကြောက်ပြီး ထွက်ပြေးသွားကြပါပြီ။ ကျွန်မတို့ အိမ် တစ် ဆောင်တည်းဘဲ ကျန်ပါတော့တယ်။ ကျွန်မတို့လည်း ထွက်ပြေးချင်ပေမယ့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်နေတော့ ထွက်ပြေးလို့မရပါဘူး။ အခြေအနေက အရမ်းစိုးရိမ်စရာကောင်းပါတယ်” ဟု သူမက ပြော ကြားသည်။

တင်းတိန်ကန် ကျေးရွာကယ်ဆယ်ရေးစခန်းတွင် ဘူးရွက်မညိုး၊ ဘုရားကြီးရွာ၊ တိမ်ညိုတောင်၊ တိမ်ညို မြောက်၊ လက္ကာကျေးရွာတို့မှ ထွက်ပြေး ရောက်ရှိလာသူ ဦးရေ စုစုပေါင်း ၈၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း တင်းတိန်ကန် ကယ်ဆယ်ရေးစခန်းမှ ဒုက္ခသည်များအားကူညီဆောင်ရွက်ပေးနေသူ ဦးမြင့်ကျော်က နိရဉ္စ ရာသတင်းဌာနသို့ပြောသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */