" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 5, 2023

ရိုဟင်ဂျာစခန်းမီးလောင်မှု လူနှစ်ရာခန့်ပျောက်ဆုံးနေ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.05
မတ်လ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက ဘာလုခါလီစခန်း မီးလောင်ပြီးနောက် ပိုင်ဆိုင်မှုတွေကို လိုက်လံရှာဖွေနေသည့် ရိုဟင်ဂျာဒုက္ခသည်များကိုတွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် (၁၁) မှာ မတ် ၅ ရက်နေ့ မနေ့ညနေ ၂ နာရီ မိနစ် ၄၀ မှာမီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ခြေနှစ်ထောင်ကျော်ဆုံးရှုံးခဲ့ပြီး လူဦးရေ နှစ်ရာလောက် ပျောက်ဆုံးနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက လူဦးရေသုံးသောင်းကျော်နေထိုင်ပြီး အိမ်ခြေခုနှစ်ထောင်ကျော်ရှိတဲ့ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်လို့ အိမ်ခြေ နှစ်ထောင်လောက် ဆုံးရှုံးသွားကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။


မိသားစုဝင်တွေလည်း တကွဲတပြားဖြစ်ရပြီး လူနှစ်ရာလောက်ပျောက်ဆုံးနေကြောင်းနဲ့ အဲ့ဒီထဲမှာ ကလေးငယ်တွေ ပါဝင်ကြောင်း မီးဘေးသင့်ဒုက္ခသည်တွေအရေးလိုက်ပါဆောင်ရွက်နေတဲ့ ကုတုပါလောင်ဒုက္ခသည်စခန်းက ကိုအောင်မြိုင်က ပြောပါတယ်။

“ပျောက်နေတာ ခန့်မှန်းခြေနှစ်ရာကျော်ကျော်လောက်ရှိပါတယ်။ သူတို့ရတဲ့နေရာကိုရောက်သွားတာလေ ပြေးပြီးတော့။ ပျောက်နေတဲ့အထဲမှာ ကလေးလည်းရှိတယ်။ မိသားစုတွေမစုံတာလည်းရှိတယ်။ ဥပမာအားဖြင့် မိ သား စုတစ်စုဆိုရင် လူလေးငါးယောက်တစ်ဖက်ကို ရောက်သွားတာရှိတယ်။ တချို့က တစ်ဖက်ကိုရောက်သွားတယ်။ အဲ့လိုမျိုးမစုံတဲ့မိသားစုတွေက အများကြီးရှိတယ်။ အဲ့ဒီထဲမှာမှ မိသားစုဝင်တချို့မတွေ့ဘူး။ ကလေးတချို့ပျောက်သွားတာရှိတယ်။ အဲ့လိုအခြေအနေဖြစ်သွားတာ။ အခုကရှာနေပြီ။ မနက်ဖြန် စခန်းတာဝန်ခံဆီသတင်းပေးမယ်။ တချို့လူတွေလည်း ရှာနေပါပြီ။ အဲ့လိုအခြေအနေရှိပါတယ်။”

သေဆုံးသူတွေရှိတယ်လို့ ကနဦးသတင်းကြားနေရပေမယ့် အတည်မပြုနိုင်သေးဘူးလို့လည်း သူကပြောပါတယ်။
မီးလောင်မှုကြောင့် ပျောက်ဆုံးနေသည့် ကလေးငယ် ( ပန်းရောင်အင်္ကျီဝတ်ဆင်ထားသူ) တစ်ဦး။ (Photo: Aung Myaing)

ဘာလုခါလီဒုက္ခသည်စခန်းက နေအိမ်မီးထဲပါသွားတဲ့ ရော်ရှိဒုလ္လာခေါ် ဦးတင်ဝင်းက မီးလောင်ချိန်မှာ မိသားစုတွေ တကွဲတပြားထွက်ပြေးခဲ့ရပြီး အခုတော့ ဇနီး၊မိခင်၊ သား၊ သမီးတွေနဲ့ ပြန်တွေ့ပြီလို့ ပြောပါတယ်။

နေအိမ်မီးထဲပါသွားလို့ ပိုင်ဆိုင်တာတွေ အားလုံးဆုံးရှုံးသွားခဲ့ပြီး လောလောဆယ် အရေးပေါ်အမိုးအကာတွေ လိုအပ်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။

“ကျွန်တော်တို့ အိမ်လည်းပါပြီ။ကျွန်တော်တို့ ဆွေမျိုးလေးအိမ်ရှိတယ်။ လေးအိမ်စလုံးပါသွားပြီ။ ကျွန်တော်တို့ လယ်ကွင်းမှာ မီးမရှို့တဲ့နေရာမှာ အမိုးလည်းမရှိ၊ အကာလည်းမရှိ အပြင်မှာပါ။ အခုတော့ ဘယ်သူမှလာမကြည့်ဘူး။ အားလုံးဆုံးရှုံးသွားတယ်။ အားလုံးပါသွားလို့။ ကျွန်တော်တို့ ပြောချင်တာကတော့ လောလောဆယ်နေဖို့ အမိုးအကာလိုမှာပါ။ အရေးပေါ်ဆိုရင်နေဖို့ အမိုးအကာတွေလိုမှာပါ။”

ဘာလုခါလီစခန်းမီးလောင်ရာမှာ စာသင်ကျောင်း၊ ဆေးခန်းနဲ့ ဗလီ ၁၃လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးဒုက္ခ သည်ခန့်မှန်းခြေ တစ်သောင်းလောက်ရှိတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။

နှစ်နာရီလောက်ကြာ မီးလောင်ခဲ့တယ်လို့ ဘာလုခါလီဒုက္ခသည်စခန်းက အမည်မဖော်လိုတဲ့ နောက်ထပ် ဒုက္ခ သည်တစ်ဦးကပြောပါတယ်။ မီးလောင်ဆုံးရှုံးခဲ့တဲ့အထဲမှာ သူရဲ့နေအိမ်တော့မပါခဲ့ပါဘူး။

၂ဝ၂၃ ခုနှစ် မတ်လ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းနေသည့် မြင်ကွင်းကို တွေ့မြင်ရစဉ်။ (Photo: Reuters)

ကနဦးသတင်းအရ ရှို့မီးလို့ သိထားပြီး ဒုက္ခသည်စခန်းတွေကို လုံခြုံရေးချထားပေးဖို့ ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရထံ တောင်းဆိုလိုတယ်လို့ သူက ဆက်ပြောပါတယ်။

“မသမာသူတွေရဲ့ မီးရှို့တိုက်ခိုက်မှုကြောင့် နေအိမ်ပေါင်း နှစ်ထောင်ဝန်းကျင်လောက် လောင်ကျွမ်းသွားတာကိုတွေ့ရပါတယ်။ ကုလသမဂ္ဂကော၊ ဘင်္ဂလားဒေ့ရှ်အစိုးရကပါ လုံခြုံရေးတိုးမြှင့် မချထားဘူးဆိုရင် အထူးသဖြင့် စစ်တပ်ကို ဒုက္ခသည်စခန်းကို စေလွှတ်မထားဘူးဆိုရင် နောက်ဆက်တွဲ ဒီထက် ဆိုးဝါးတဲ့အခြေအနေကို ကျွန် တော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေ ရင်ဆိုင်ရဖွယ်ရှိကြောင်း ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကို အသိပေးချင်ပါတယ်။”

ဒုက္ခသည်စခန်းမီးလောင်ခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည် တစ်သောင်းနှစ်ထောင်လောက် မီးဘေးဒုက္ခသည်ဖြစ်ခဲ့ပြီး နေအိမ် ၂၀၀၀ နီးပါးပျက်စီးခဲ့ကြောင်းနဲ့ အဲ့ဒီအထဲမှာ ဆေးရုံနဲ့ သင်ကြားရေးစင်တာ အပါအဝင် အ ဆောက်အဦ ၉၀ လောက် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံး UNHCR က သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်စုစုပေါင်း ကိုးသိန်းကျော်ရှိပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */