Friday, February 14, 2025

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅ 
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
 
မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအရ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိပ်တန်းစစ်အရာရှိတချို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း UK အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် အာဂျင်တီးနားနိုင်ငံ ရာဇသတ်ကြီးဥပဒေအရ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့ စစ်ခေါင်းဆောင် ၂၂ ယောက်အပြင် ၂၀၁၇ ခုနှစ်က သမ္မတတာဝန်ယူထားတဲ့ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဝရမ်း ထုတ်ပါတယ်။

BROUK အဖွဲ့ထုတ်ပြန်ချက်မှာတော့ စစ်တပ်တာဝန်ရှိသူတွေကိုသာ ဖမ်းဝရမ်းထုတ်ဖို့ အဖွဲ့က ၂၀၂၃ မှာ တရားရုံးမှာတောင်းဆိုခဲ့တာဖြစ်သလို ဦးထင်ကျော်၊ ဒေါ်ဆောင်ဆန်းစုကြည်တို့နဲ့ပတ်သက်တဲ့ အထောက်အထားတွေကို တရားရုံးကိုမပေးခဲ့ဘူးလို့ဆိုထားပါတယ်။ အာဂျင်တီးနားတရားလိုရှေ့နေ တွေက သီးခြားဆုံးဖြတ်ပြီး ဖမ်းဝရမ်းထုတ်ဖို့ တရားရုံးကို တောင်းဆိုတယ်လို့ပြောပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းမထုတ်ဖို့ BROUK ရဲ့တောင်းဆိုချက်ကိုလည်း တရားရုံးက ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တယ်ဆိုပြီး လက်တင်အမေရိက လူ့အခွင့်ရေး အဖွဲ့တွေက အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့ကတရားရုံးတခုမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာမှာ အမှုဖွင့်ခဲ့တာပါ။ ဒီအမှုမှာ သက်သေအထောက်အထားတွေ ခိုင်ခိုင်လုံလုံ ရထားပြီဖြစ်တဲ့အတွက် ဖမ်းဝရမ်းထုတ်လိမ့်မယ်လို့ ခန့်မှန်းကြောင်း အာဂျင်တီးနား လူ့အခွင့်အရေးရှေ့နေ Tomas Quintina ကလည်း ပြီးခဲ့တဲ့နှစ် မေလကတည်းက VOA ကို ပြောကြားခဲ့ပါတယ်။

အခုလို စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လိုက်တာဟာ ရိုဟင်ဂျာတွေအပါအဝင် စစ်တပ် လက်အောက်ခံစားနေရသူတွေအတွက် တရားမျှတမှုရဖို့ သမိုင်းဝင်ခြေလှမ်းတခု ဖြစ်တဲ့အကြောင်း UK အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောဆိုပါတယ်။

ရိုဟင်ဂျာတွေကို နေရပ်ရင်းကနေ အတင်းအကျပ်မောင်းထုတ်မှု၊ ညှဥ်းပန်းနှိပ်စက်မှုတွေကို ကျူးလွန်ကြောင်းစွပ်စွဲချက်နဲ့ မြန်မာစစ်ခေါင်းဆောင် ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး ရှေ့နေချုပ် Karim Khan ကလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်မှာ ICC ကို လျှောက်လဲချက် တင်သွင်းခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */