Myanmar Photo Agency
13 May 2024 By MPA CJ 012
ရခိုင်ဒေသတွင်း စစ်ရေးဖော်ဆောင်ခွင့်မရှိသော ရိုဟင်ဂျာဒေသများ၌ စစ်ရေးဖော်ဆောင်နေသလို နေရပ်ပြန်လိုသည့် ရိုဟင်ဂျာဒုက္ခသည်များအပေါ် ခြိမ်းခြောက်မှုများရှိနေသည်ဟု စွပ်စွဲပြောဆိုမှုများအပေါ် AA က ငြင်းဆိုခဲ့သည်။
လွန်ခဲ့သည့်သုံးရက်ခန့်က ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရိုဟင်ဂျာကျေးရွာ ခုနှစ်ရွာခန့်ကို AA ကရွှေ့ပြောင်းခိုင်းမှုများရှိခဲ့ပြီး ရိုဟင်ဂျာလူမျိုးစုကို ကာကွယ်ပေးရမည့်အစား ကျေးရွာများအတွင်း စစ်ရေးဖော်ဆောင်မှုများရှိနေကြောင်း ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့(FRC)၏ ပူးတွဲတည်တောင်သူ ကိုရိုနေဆန်းလွင်က စွပ်စွဲထားသည်။
"ရိုဟင်ဂျာရွာထဲမှာ တပ်ရင်းတွေရှိလို့ စစ်ရေးဖော်ဆောင်ရမှာဆိုရင်တော့ ကျတော်တို့တွေက လက်ခံပြီးသားဖြစ်တယ်။ ဒီလိုမဟုတ်ဘဲနဲ့ တပ်ရင်းတွေမရှိဘဲနဲ့ တိုက်ပွဲဖော်တာတွေဟာ ဒီလူတွေကို ကစဉ့်ကလျားဖြစ်ပြီး အကာအကွယ်မဲ့တဲ့ ဘဝရောက်အောင် တွန်းပို့လိုက်တာပဲဖြစ်တယ်”ဟု ၎င်းက MPA ကိုပြောသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ ကောင်းမွန်သော အခြေအနေများကိုသာ လူသိအောင်ချပြပြောဆိုနေသော်လည်း မြေပြင်နှင့် ကွာဟမှုများရှိနေသည့်အပြင် ရိုဟင်ဂျာရွာများတွင် စစ်ရေးဖော်ဆောင်မှုများကြောင့် သောင်းနှင့်ချီသော ရိုဟင်ဂျာများအနေဖြင့်လည်း အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ၎င်းကဆက်လက်ပြောသည်။
ရိုဟင်ဂျာများအပေါ် ရက္ခိုင့်တပ်တော်၏ ပြုမူဆက်ဆံပုံများ ကွာဟနေသည်ဟု ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများ၏ ဝေဖန်ပြောဆိုမှုများကို ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သူခိုးလူဟစ်ဆိုသလိုဖြစ်နေကြောင်း AA ကတုန့်ပြန်ပြောဆိုခဲ့သည်။
“အခုလို စွပ်စွဲပြောဆိုနေတာတွေက သူခိုးလူဟစ်ဆိုသလို ပြောင်းပြန်ပြောနေကြတာ။ ဘူးသီးတောင်မြို့ထဲက ရခိုင်၊ ဟိန္ဒူနဲ့ တခြားမူဆလင်မဟုတ်သူတွေ ပိုင်ဆိုင်တဲ့ အိမ်အလုံး ၅,၀၀၀(ငါးထောင်)လောက်ကို ဘင်္ဂါလီမူဆလင်အဖွဲ့အစည်းတွေက ဗမာစစ်တပ်နဲ့ ပေါင်းပြီး မီးရှို့ဖျက်စီးခဲ့ကြတာ ရှိပါတယ်”ဟု ၎င်းက ပြန်လည်စွပ်စွဲခဲ့သည်။
ထို့အတူ တက်ကြွလှုပ်ရှားသူနာမည်ခံကာ အကြမ်းဖက်မှုမျိုးစုံကျူးလွန်ရာတွင် အကြမ်းဖက်အဖွဲ့အစည်းများအား နောက်ကွယ်မှ အားပေးအားမြှောက်ပြုနေမှုများကိုလည်း လက်ခံနိုင်စရာ မရှိကြောင်း ဦးခိုင်သုခက ဆက်လက်ပြောသည်။
“ရိုဟင်ဂျာတွေကို AA က ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားတယ်ဆိုတာကိုတော့မငြင်းလိုပါဘူး။ နေရာတိုင်းကို စစ်ကောင်စီက ထိန်းချုပ်ထားတာ မဟုတ်ဘူး။ တချို့နေရာတွေမှာ AA ထိန်းချုပ်ထားတာရှိတယ်။ ဒီနေရာတွေမှာလည်း ရိုဟင်ဂျာတွေ နေထိုင်တာတွေရှိကြပါတယ်။ သူတို့ နယ်မြေမှာ ရှိတဲ့အတွက် ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားတယ်ဆိုတာကို လက်ခံတယ်။ တချို့ရွာတွေမှာဆိုရင် စစ်တိုက်ဖို့အတွက် အိမ်တွေကနေ ဖယ်ခိုင်းတယ်။ ပြောဆိုနေတဲ့ဟာတွေက တစ်ဝက်မှန် တစ်ဝက်မှားတဲ့ အနေအထားမှာ ရှိနေတယ်။ အကုန်လုံးက မှန်မနေဘူး”ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့(FRC)၏ ပူးတွဲတည်တောင်သူ ကိုနေဆန်းလွင်က ဆိုသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားခြင်းကို ထုတ်ပြပြီး တစ်ဖက်တွင် စစ်ရာဇဝတ်မှု ကျူးလွန်မှုများ ရှိနေသလို ယင်းရာဇဝတ်မှုများကို ဖုံးကွယ်ထားကြောင်း၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့(FRC)၏ စုံစမ်းချက်အရ ရက္ခိုင့်တပ်တော်အနေဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများရှိနေကြောင်းနှင့် ယင်းအကြောင်းအရာများကိုလည်း အချိန်ယူစုံစမ်းနေကြောင်း ၎င်းကဆက်လက်ပြောသည်။
ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းကလည်း “ရိုဟင်ဂျာဆိုတဲ့ ARSA အဖွဲ့က စစ်ကောင်စီနဲ့ပေါင်းပြီး ရက္ခိုင့်တပ်တော်ကို တိုက်ခိုက်တဲ့အချိန်မှာ ရက္ခိုင့်တပ်တော်က ကိုယ်တို့ ရခိုင်လူမျိုးတွေရဲ့ ရပိုင်ခွင့်တွေကိုရဖို့ တိုက်တာဖြစ်တယ်။ တိုက်ပွဲမှာ ကျရှုံးမှုဆိုတာ ရှိမှာပါပဲ။ တိုက်ပွဲမှာ ကျရှုံးတာကိုတော့ လူမျိုးတုန်းသတ်တယ်လို့ ပြောလို့မရဘူး။ လူမျိုးတုန်းသတ်တယ်ဆိုတာက အရပ်သားပြည်သူတွေကို မတရားညှဉ်းပန်းနှိပ်စက်တာ သတ်ဖြတ်တာကမှ လူမျိုးတုန်းသတ်တယ်လို့ ခေါ်တာဖြစ်တယ်။ တိုက်ပွဲမှာ ကျရှုံးတာဟာ လူမျိုးတုန်းသတ်တာ မဟုတ်ဘူး ရှေ့တန်းစစ်မြေပြင်မှာ ဖြစ်တဲ့ကိစ္စဟာ စစ်အရေးတစ်ခုပဲ”ဟု ပြောသည်။
လက်ရှိ ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီတပ်က ရိုဟင်ဂျာများကို အဓမ္မစစ်မှုထမ်းစေပြီး လူသားဒိုင်းအဖြစ်အသုံး ချမှုများရှိနေသလို ရက္ခိုင်တပ်တော်ကလည်း ရိုဟင်ဂျာရွာများ၌ တိုက်ပွဲဖော်ဆောင်သည်ဟု ဝေဖန်မှုများလည်း ရှိထားသည်။
၂၀၁၆ ခုနှစ်တွင် ရခိုင်မြောက်ပိုင်းရှိ နယ်ခြားစောင့်စခန်းများအား ARSA အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က စစ်ဆင်ရေး ပြုလုပ်ခဲ့ရာတွင် ၂၀၁၇ ခုနှစ်၌ ရိုဟင်ဂျာ တစ်သန်းကျော် တစ်ဘက်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး စစ်တပ်၏ ကျူးလွန်မှုများအား လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ကမ္ဘာ့နိုင်ငံ အများစုက ရှုမြင်ကြသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/mwe8nc4v
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ဓာတ်ပုံ - HDCO (ပုံစာ - ရက္ခိုင့်တပ်တော်ထံ ခိုလှုံလာသော ရိုဟင်ဂျာဒုက္ခသည်များအား မေ ၈ ရက်က တွေ့ရစဉ်)
စာတည်း - ကိုလင်း
#ရခိုင်ဒေသ #စစ်ရေး #ရိုဟင်ဂျာဒေသ #AA #MPA #CJ012
Link : Here
No comments:
Post a Comment