Myanmar Photo Agency
12 May 2024 By MPA CJ 012
ရခိုင်ဒေသတွင်း တိုက်ပွဲများကြောင့် ရခိုင်ဒေသရှိ ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာလူမျိုးများကြား လူမျိုးရေးပဋိပက္ခများနှင့် ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက်နေချိန်တွင် ရက္ခိုင့်တပ်တော်၏ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တက်ကြွလှုပ်ရှားသူများအနေဖြင့် လူမျိုးရေးအား ခုတုံးလုပ်ကာ ကိုယ်ကျိုးရှာနေကြောင်း ၎င်း၏ တွစ်တာစာမျက်နှာမှတစ်ဆင့် ပြောဆိုလိုက်သည်။
“အသုံးချခံ ကိုယ်ကျိုးရှာ တတ်ကြွလှုပ်ရှားသူများသည် ကိုယ်ကျိုးစီးပွားဆန်သည့် တစ်သီးပုဂ္ဂလ အယူအဆများဖြင့် ပြင်းထန်စွာ ထိုးနှက်နေသော်လည်း စစ်မှန်သော သူရဲကောင်းများသည် သနားကြင်နာတတ်သောစိတ်ဖြင့် မကြောက်မရွံ့၊ တာဝန်ကျေပွန်စွာ အောင်ပွဲအတွက် ခိုင်မြဲစွာ သန္နိဋ္ဌာန်ချထားသည်။ ထိုသူများသည် အဖမြေအတွက် စစ်မှန်သော သူရဲကောင်းများဖြစ်သည်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရိုဟင်ဂျာဒုက္ခသည်များကို ကယ်ထုတ်နေသော ဓါတ်ပုံများနှင့်အတူ ယင်းစာကို ယခုကဲ့သို့ ရေးသားထားခြင်းဖြစ်သည်။
ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့(FRC)၏ ပူးတွဲတည်တောင်သူ ကိုရိုနေဆန်းလွင်ကလည်း “အခုလို စွပ်စွဲပြောဆိုတာကတော့ စစ်အစိုးရလက်ထက်ကလည်း ရှိခဲ့တာပဲ။ NLD လက်ထက်မှာလည်း ဒီလိုပဲ စွပ်စွဲခံခဲ့ရတာ။ အသရေဖျက်ခံရတာတွေလည်း ရှိခဲ့တာပါပဲ။ ဒါပေမဲ့ ဒါတွေက ဘယ်တုန်းကမှ အမှန်တရား ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့လူမျိုး လူ့ဂုဏ်သိက္ခာနဲ့ အညီနေထိုင်နိုင်ရေး ရသင့်ရထိုင်တဲ့ အခွင့်အ ရေးတွေ အားလုံး ရရှိရေးအတွက် နှုတ်ဆိတ်နေမှာ မဟုတ်ဘူး။ ဒီလူတွေ အပေါ်မှာ ရာဇဝတ်မှုကျူးလွန်တယ်ဆိုရင် နှုတ်ဆိတ်နေမှာ မဟုတ်ဘူး။ ပြောစရာရှိတာ ပြောရမှာပါပဲ” ဟု MPA ကို ပြောသည်။
ရခိုင်စစ်မျက်နှာတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်ကို တန်ပြန်တိုက်ခိုက်နိုင်ရန်အတွက် ရိုဟင်ဂျာ ဒုက္ခသည်များကို အတင်းအဓမ္မ စစ်သားစုဆောင်းကာ စစ်သင်တန်းပေးပြီး ရှေ့တန်းသို့ပို့ဆောင်၍ တိုက်ပွဲဝင်စေခဲ့သည်။
လက်ရှိ ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီတပ်က ရိုဟင်ဂျာများကို အဓမ္မစစ်မှုထမ်းစေပြီး လူသားဒိုင်း အဖြစ် အ သုံးချမှုများရှိနေသလို ရက္ခိုင့်တပ်တော်ကလည်း ရိုဟင်ဂျာရွာများ၌ တိုက်ပွဲဖော်ဆောင်သည်ဟု ဝေဖန်မှုများလည်း ရှိထားသည်။
“ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းက ၂၁ ရာစုမှာမှ ဖန်တီးလာတာဖြစ်တယ်။ မြန်မာစစ်ကောင်စီနဲ့ ပေါင်းပြီး ဘူးသီးတောင်မှာ နေအိမ်တွေကို မီးရှို့တယ်။ ရိုဟင်ဂျာဆိုတဲ့ သူတွေကိုယ်တိုင်ကပဲ စစ်ကောင်စီနဲ့ ပေါင်းပြီး စစ်ရဇဝတ် မှုကို ချိုးဖောက်နေတာပဲဖြစ်တယ်။ သူတို့က ရက္ခိုင့်တပ်တော်ကို တိုက်ခိုက်တဲ့အခါမှာ တပ်တော်အနေနဲ့ စစ်ရေးအရ ပြန်ပြီး တိုက်ခိုက်တာပဲ ရှိတယ်။ ဖမ်းမိတဲ့ သုံ့ပန်းကို စစ်သုံ့ပန်းဥပဒေအရပဲ ထိန်းသိမ်းထားတာမျိုးပဲ ရှိတာပါ။ သူတို့အနေနဲ့ ရက္ခိုင့်တပ်တော်ကို လူမျိုးရေးအရ ခုတုံးလုပ်ပြီး ဝေဖန်ပြောဆိုနေတာတွေက ရက္ခိုင့်တပ်တော်ကို သိက္ခာကျအောင် လုပ်နေတယ်လို့ပဲ သုံးသပ်ချင်ပါတယ်“ ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ဆိုသည်။
ရိုဟင်ဂျာလက်နက်ကိုင်များဖြစ်သည့် ARSA, ARA, RSO အဖွဲ့များနှင့် ဆက်စပ်သော အဖွဲ့အစည်းများကလည်း ရခိုင်စစ်ရေးနှင့်ပတ်သက်၍ Genocide (လူမျိုးတုန်းသတ်ဖြတ်မှု) စကားလုံးကို လက်နက်တစ်ခုသဖွယ် အသုံးချနေကြသည်ဟု ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုက ပြီးခဲ့သည့် မေ ၈ ရက်က ပြောဆိုထားသည်။
“ကျွန်တော်တို့ အဖွဲ့အစည်းအပေါ်မှာ မနာလိုမုန်းထားတဲ့ တချို့သော ကိုယ်ကျိုးရှာ ဘင်္ဂါလီမူဆလင်တက်ကြွလှုပ်ရှားသူတွေက အခြေအပြစ်မရှိစွပ်စွဲတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ULA/AA အနေနဲ့ အပြစ်မဲ့ပြည်သူတွေကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပေးနေတာပဲ ရှိပါတယ်။ ဘယ်အပြစ်မဲ့ ပြည်သူတစ်ဦး တစ်ယောက်ကိုမှ မတရားအနိုင်ကျင့်တာ၊ သတ်ဖြတ်တာမျိုး လုံးဝ(လုံးဝ)မရှိပါဘူး။ စစ်မြေပြင်က ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုတောင်မှ နိုင်ငံတကာ စစ်ဥပဒေအတိုင်းပဲ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်” ဟု ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုသည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၂၊ ၂၀၁၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကြောင့် ရခိုင်နှင့် မွတ်ဆလင်အသိုင်းအဝိုင်းကြား တင်းမာမှုအချို့ရှိခဲ့သော်လည်း လက်ရှိတွင် AA ကြိုးပမ်းမှုကြောင့် ဆက်ဆံ ရေး ကောင်းမွန်လာသည်ဟု ဒေသခံများက ပြောဆိုနေကြပြီး လက်တွေ့တွင် ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာတို့ကြား ဆက်ဆံမှုသည် အဖုအထစ်တစ်ခုရှိနေသည်ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့(FRC)၏ ပူးတွဲတည်တောင်သူ ကိုရိုနေဆန်းလွင်က သုံးသပ်ထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yc2vn8dx
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
Photo - MPA
စာတည်း - ကိုလင်း
#ရခိုင်ဒေသ #ရခိုင်လူမျိုး #ရိုဟင်ဂျာလူမျိုး #လူမျိုးရေးပဋိပက္ခ #ရက္ခိုင့်တပ်တော် #MPA #CJ012
Link : Here
No comments:
Post a Comment