" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, April 19, 2024

မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့်ပူးပေါင်းရန် ဆွေးနွေးချက် ရိုနေဆန်းလွင် ငြင်း

Western News
April 19, 2024

ပုံစာ - မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားကြသည့် ဦးထွန်းခင်နှင့် ရိုနေဆန်းလွင်။ (ဓါတ်ပုံ - ရိုနေဆန်းလွင်) 

နိုင်ငံတဝန်း အကြမ်းဖက်မှုပေါင်းမျိုးစုံကို ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီက မွတ်ဆ လင်ခေါင်းဆောင် ရိုနေဆန်းလွင်နှင့် ဦးထွန်းခင်တို့သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့် ပူးပေါင်းရန် ဆွေးနွေးခဲ့သည်ဟု စွပ်စွဲပြောဆိုထားသည်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် ၎င်းတို့၏ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် ထုတ်ပြန် စွပ်စွဲခဲ့ခြင်းဖြစ်သည်။

ရိုနေဆန်းလွင်နှင့် ဦးထွန်းခင်တို့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများသို့ သွားရောက်ပြီး အာရက္ခတပ်တော် AA ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံကာ မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့် ပူးပေါင်းဆောင်ရွက်ရန် ခေါ်ယူသည်ဟု အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲထားခြင်းဖြစ်သည်။

သို့သော်လည်း စစ်ကောင်စီ၏ ပြောဆိုချက်သည် မှန်ကန်သည့် သတင်းမဟုတ်ကြောင်းနှင့် AA ထိပ်ပိုင်းခေါင်း ဆောင်အချို့နှင့် တွေ့ဆုံဆွေးနွေးခြင်းမရှိကြောင်း ကိုရိုနေဆန်းလွင်က ငြင်းဆိုထားသည်။

” အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲပြောဆိုနေတာပဲ ရှိပါတယ်။ ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားခဲ့တာ မှန်ပါတယ်။ AA က ထိပ်ပိုင်းခေါင်းဆောင်အချို့နဲ့ တွေ့ခဲ့တယ်ဆိုတာက မဟုတ်ပါဘူးခင်ဗျာ။ နောက်ပြီးတော့ ရိုဟင်ဂျာလူငယ် ၅ သောင်းလောက်ကို AA နဲ့ ပူးပေါင်းအောင် ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ကျနော်တို့ ဆွေးနွေးခဲ့တာလည်း မရှိဘူးခင်ဗျာ။ တွေ့ဆုံတာလည်းမရှိသလို ဆွေးနွေးတာလည်း မရှိပါဘူးခင်ဗျာ။ ” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ဘူးသီးတောင်မြို့တွင် လက်ရှိ ဖြစ်ပွားနေသော နေအိမ်များမီးရှို့၊ အပြစ်မဲ့ရပ် သားပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီး စသည့် ပဋိပက္ခကို ၎င်းတို့ လက်သပ်မွေးစားထားသော ARSA နှင့် ARA အကြမ်းဖက်အဖွဲ့တို့ ကျူးလွန်နေသည့် လုပ်ရပ်ကို မျက်ကွယ်ပြုကာ အာရက္ခတပ်တော် AA အား အပြစ်ပုံချထားသည်။

ဘူးသီးတောင်မြို့တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကို AA လုပ်နေသည်ဟု စစ်ကောင်စီ၏ စွပ်စွဲပြောဆိုချက်ကို ရိုနေဆန်းလွင်က ငြင်းဆိုထားပြန်သည်။

” စစ်ကောင်စီကပေါ့နော် ရိုဟင်ဂျာလူငယ်တွေကို အတင်းဖိအားပေး၊ အဓမ္မစစ်သားမစုဆောင်း၊ စစ်သင်တန်းမပေးဘူးဆိုရင် ဒီလိုမျိုး နားလည်မှုလွဲမှာ မဟုတ်ပါဘူး။ တစ်ဖက်နှင့်တစ်ဖက် အမြင်စောင်းမှာလည်းမဟုတ်ဘူး။ စစ်ကောင်စီက ပဋိပက္ခကို ဖန်တီးချင်တယ်ဆိုတာကို ကျနော် ထင်ထင်ရှားရှား တွေ့ရတယ်။ ဒီဒေသမှာ AA က ပဋိပက္ခကို ဖန်တီးနေတယ်ဆိုတာထက် စစ်ကောင်စီက သူလုပ်နေတာကို လူမမြင်အောင်ပေါ့နော် လူတွေ အ ထင်အမြင် နားလည်မှုလွဲအောင် တစ်ဖက်ကို အပြစ်ပုံချတာလို့ပဲ ကျနော်မြင်တယ် ခင်ဗျာ။ ” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း ၂၀၁၂ ခုနှစ် ပဋိပက္ခနှင့် ၂၀၁၇ ပဋိပက္ခများကို မြန်မာစစ်တပ် လက်ရှိ စစ်ကောင်စီသည် ကြံ့ ခိုင်ရေးပါတီဝင်များဖြင့် ပူးပေါင်းပြီး ၎င်းတို့ ဖန်တီးခဲ့သော ပြဿနာများကို ဒေသခံရခိုင်ပြည်သူလူနှင့် လက်နက် ကိုင်အဖွဲ့အစည်းများကို အပြစ်ပုံချနေသည်။

နှစ်ဖက်အသိုင်းအဝိုင်း ပြန်လည်သင့်မြတ်ရေးနှင့် အတူယှဉ်တွဲနေထိုင်ရေးတို့ကို နှစ်တော်အကြာ အချိန်များစွာယူပြီး ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မွတ်ဆလင်ဘာသာရေးအဖွဲ့အစည်းများနှင့် AA တို့က ကြိုးစားတည်ဆောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်းအထိ အာရက္ခတပ်တော် AA သည် မွတ်ဆလင်များနှင့် ရခိုင်တိုင်းရင်းသားများကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ချစ်ကြည်ရေးဘောလုံးပွဲများ၊ ဘာသာရေးပွဲများပူးပေါင်းကျင်းပခြင်းနှင့် အပြန်အလှန် ကူးလူးဆက်ဆံရေးများကို တည်ဆောက်ပေးခဲ့သည်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်ပြည်အတွင်း စစ်ရှုံးနေ၍ မွတ်ဆလင်လူငယ်များကို ရာနှင့်ချီအတင်း အဓမ္မခေါ်ယူပြီး စစ်သင်တန်းပေးကာ AA အား တိုက်ခိုက်နေ၍ စစ်ကောင်စီသည် လက်နှင့်ရေးခြင်းကို ခြေနှင့်ဖျက်ဆီးပစ်နေသည်ဟု AA က ၂၀၂၄ အစောပိုင်းတွင် ထုတ်ပြန်ပြောဆိုထားသည်။

ယခုလည်း မွတ်ဆလင်လူငယ် အထူးသဖြင့် အသက်မပြည့်သေးသည့် ကလေးငယ်များကို အတင်းအဓမ္မဖိအားပေးပြီး ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့တို့တွင် AA အား အလိုမရှိဟု ကန့်ကွက်ဆန္ဒထုတ်ဖော်ခိုင်းနေကြောင်းနှင့် ဘူးသီးတောင်မြို့တွင် အကြမ်းဖက်နေသော ARSA နှင့် ARA အကြမ်းဖက်အဖွဲ့များကို စစ်ကောင်စီက အားပေးအားမြောက်ပေးနေသည်။

ဘူးသီးတောင်မြို့တွင် အကြမ်းဖက်နေသော အဖွဲ့များမှာ ARSA, ARA အဖွဲ့များအပြင် စစ်ကောင်စီက လတ် တ လော ခေါ်ယူ စစ်သင်တန်းပေးထားသော မွတ်ဆလင်လက်နက်ကိုင်များလည်း ပါဝင်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ အကြမ်းဖက်သမားများသည် ဘူးသီးတောင်မြို့က အရပ်သားနေအိမ် ၂၀၀ ကျော်နှင့် နိုင်ငံတကာကူညီရေးအဖွဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ရုံးနှင့် ဆေးပေးခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

MSF ကလည်း ၎င်းတို့ ရုံးနှင့် ဆေးပေးခန်း မီးရှို့ဖျက်ဆီးခံရသည်ကို ဧပြီလ ၁၇ ရက်နေ့က အတည်ပြုထုတ်ပြန်ထားပြီး ဆေးပေးခန်း မီးရှို့ဖျက်ဆီးခံရ၍ ပဋိဇီဝဆေးများကဲ့သို့သော အသက်ကယ်ဆေးများနှင့် ဆုတ်ရောင်ရောဂါကုဆေးများ ပျက်စီးသွားကြောင်း ဆိုသည်။

ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးခြင်းသည် ပြည်သူများရရှိနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့်လူသားစာနာထောက် ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ရရှိရန် ငြင်းပယ်ခြင်းဖြစ်ပြီး နောက်ဆုံးထိုးနှက်ချက်ဖြစ်ကြောင်းနှင့် အသက် ၅ နှစ်အောက်ကလေးများကို အဓိက ထိခိုက်စေကြောင်း MSF က ပြောသည်။
Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */