" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 18, 2024

မင်းပြားမှာ ရွာထဲ လေကြောင်းဗုံးကြဲခံရမှုကြောင့် ရိုဟင်ဂျာ ၂၃ ဦးသေ၊ ၃၃ ဦးဒဏ်ရာရ

RFA
RFA Burmese
2024.03.17

လေကြောင်းမှ ဗုံးကြဲခံရသည့် မင်းပြားမြို့နယ် သာဒါကျေးရွာကို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်က တွေ့ရစဉ်။
Telegram/ Arakan Princess Media

 
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒါ ရိုဟင်ဂျာရွာထဲကို မတ်လ ၁၈ ရက် ဒီနေ့ မနက်တစ်နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်လို့ ရွာသားတွေက RFA ကိုပြောပါတယ်။

ရွာသားတွေအိပ်နေချိန် ရွာအလယ်တည့်တည့်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးတစ်လုံးကြဲချသွားတာကြောင့် အခုလို အစုလိုက် အပြုံလိုက်သေဆုံး၊ ဒဏ်ရာရကြတာလို့ သာဒါရွာက အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“ညတစ်နာရီခွဲအချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာပါ။ ပွဲချင်းပြီးသေသွားတာက ၂၃ ယောက်ပါ။ သေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေထဲမှာ စစ်ဘေးရှောင်တွေလည်းပါပါတယ်။ စစ်ဘေးရှောင်သေတာက ၁၂ ယောက်ပါ။ မိသားစု တစ်စုမှာ ခုနစ်ယောက် ပါသွားတယ်။ ကျန်တာက ဟိုအိမ်ကတစ်ယောက်၊ ဒီအိမ်က နှစ်ယောက် အဲဒီလိုဖြစ်ပါတယ်။ အခု တစ်ရွာလုံးက ထိုင်ပြီးငိုနေကြပါတယ်။ ထမင်းမစား၊ ဟင်းမစားနဲ့ ဒီလို ဖြစ်နေကြပါတယ်”

သာဒါရွာဟာ မင်းပြားမြို့ရဲ့မြောက်ဘက် သုံးမိုင်အကွာမှာ တည်ရှိတာဖြစ်ပြီး အိမ်ခြေသုံးရာကျော်နဲ့ လူဦးရေ နှစ်ထောင်ကျော်ရှိပါတယ်။ အဲဒီရွာမှာ မင်းပြားမြို့ ဆင်ကြီးပြင်ရွာကနေ စစ်ဘေးရှောင်နေကြတဲ့ ရိုဟင်ဂျာတွေလည်းရှိပြီး အဲဒီအထဲက ၁၂ ဦး သေဆုံးသွားခဲ့သလို နေအိမ်ဆယ်လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။

“ညတစ်နာရီခွဲအချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာပါ။ ပွဲချင်းပြီးသေသွားတာက ၂၃ ယောက်ပါ"
သာဒါရွာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ မင်းပြားမြို့ခံကို ခိုင်မိုးကလည်း ရွာထဲမှာ စုပြုံထားတဲ့ရုပ်အလောင်းတွေ၊ ခြေပြတ်၊ လက်ပြတ်ဒဏ်ရာရသူတွေနဲ့ ငိုကြွေးနေတဲ့မိသားစုဝင်တွေကို တွေ့ခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော် အဲဒီရွာကိုသွားတဲ့အချိန်မှာ မြင်ကွင်းကတော့ ဝမ်းနည်းစရာပဲ။ သူတို့အကုန်ငိုနေကြတယ်။ လူတွေက ခြေတွေ၊ လက်တွေပြတ်လို့။ အလောင်းတွေကလည်း ခြေပြတ်၊ လက်ပြတ်၊ လည်ပြတ်နဲ့။ အလောင်းတွေကို တာပေါ်လင်တွေနဲ့ အုပ်ထားတယ်။ တချို့တွေကလည်း သူတို့ကို သင်္ဂြိုဟ်ဖို့အတွက် တွင်းတူးနေကြတယ်။ တချို့တွေက ထိုင်လို့ငိုနေကြတယ်။ သူတို့ကိုကြည့်ပြီး ကျွန်တော်လည်း အတော်သနားမိတယ်” 

သေဆုံးသူတွေထဲမှာ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေပိုများပြီး နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေရှိပြီး ဆေးကုသမှုခံယူနေကြတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ် ရှိနေသေးတာကြောင့် ဆေးကုသနေတဲ့နေရာကိုတော့ ဒေသခံတွေ ထုတ်ဖော်မပြောလိုကြပါဘူး။



ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည် နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်း ရိုဟင်ဂျာတွေကို ပစ်မှတ်ထား ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ စစ်သား စုဆောင်းတာတွေ ပိုလုပ်နေပြီး ဒါဟာ မပြီးဆုံးသေးတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လက်ကျူးလွန်နေတာပဲ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုနေဆန်းလွင်က ပြောပါတယ်။

“စစ်ကောင်စီက ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်သတ်ဖြတ်တာတွေက တစ်ရက်ထက်တစ်ရက် ပိုပြီး များလာတယ်။ ဒါဟာ စစ်ကောင်စီတပ်က မပြီးဆုံးသေးတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လက်ကျူးလွန်နေတာဖြစ်ပြီးတော့ စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုတွေ နေ့စဉ်နဲ့အမျှ ပိုပြီးတော့ ကျူးလွန်လာတာကို တွေ့ရတယ်။ တစ်ဖက်မှာလည်း AA နဲ့ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ အတင်းအဓမ္မစုဆောင်းမှုတွေ လုပ်နေတာကိုလည်း တွေ့ရတယ်။ ဒါကတော့ သူတို့ရဲ့ မပြီးဆုံးသေးတဲ့ လူမျိုးတုံးသတ်ဖြတ်မှု စီမံကိန်းကြီးတစ်ခုကို အကောင် အထည်ဖော်နေသလို မြင်ရတယ်”
 
စစ်တွေမြို့ပေါ် ကသည်းရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်အကြား လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်နေရာအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဥ်။ (ဓာတ်ပုံ - ရခိုင်ပြည်လွတ်မြောက်ရေးပါတီ- စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန)

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကလည်း စစ်တွေမြို့ ကသည်းရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ရိုဟင်ဂျာ ခုနစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရသွားခဲ့တယ်လို့လည်းဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်း သူတို့လက်လွှတ်လိုက်ရတဲ့ မင်းပြား၊ မြောက်ဦး၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်တွေက နေ့စဉ် လက်နက်ကြီးတွေနဲ့ပစ်လှမ်းပြီးပစ်ခတ်တာ၊ လေကြောင်းတွေနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်ပြီး အရပ်သား သေဆုံး၊ ဒဏ်ရာရတာတွေ နေ့စဉ်လိုလိုရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

RFA ကပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ စတင်တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၃ရက်နေ့ကနေ မတ်လ ၁၈ ရက်ဒီကနေ့အထိ အချိန်လေးလကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လေကြောင်းပစ်ခတ်မှုတွေ၊ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့အရပ်သား နှစ်ရာကျော်နဲ့ ဒဏ်ရာသူ ငါးရာနီးပါးအထိရှိသွားပြီ ဖြစ်ပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */