" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 10, 2024

စစ်တပ် ပစ်သည့် လက်နက်ကြီးကြောင့် စစ်တွေရှိ ရိုဟင်ဂျာ ၈ ဦး သေဆုံး

Myanmar Now
ရောင်နီ
March 10, 2024

အချိန်မရွေးတိုက်ခိုက်ခံရနိုင်ခြေရှိနေသော မြို့တော်စစ်တွေရှိ မြို့ခံအများစုသည် တိမ်းရှောင်နေပြီး ရိုဟင်ဂျာ အများစုသည် စစ်ကောင်စီကြောင့် ထွက်ခွာခွင့်မရဘဲ ကျောက်ဖြူတွင် နေထိုင်သူများက ပြည်သူ့စစ်စုဆောင်း ခြင်းများပါ ခံနေရသည်။

၂၀၂၃ မေလအစောပိုင်းက မိုခါမုန်တိုင်းအတွင်း စက်လှေများ မျောပါမသွားစေရန် ကြိုတင်ပြင်ဆင်နေသည့် သဲချောင်းရွာမှ ရိုဟင်ဂျာစက်လှေတချို့။ (ဓာတ်ပုံ-Myanmar Now)

ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် ယမန်နေ့ (မတ် ၉) ည ၉ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ ရိုဟင်ဂျာ ၈ ဦး သေဆုံးပြီး ၉ ဦးခန့် ဒဏ်ရာရရှိသွားသည်ဟု မြို့ခံများထံမှ သိရသည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ အမှတ် (၁၂) ရဲတပ်ရင်းက လက်နက်ကြီး နှစ်ကြိမ်ထက်မနည်း ပစ် ခတ်သည့်အနက် လက်နက်ကြီးကျည်တစ်လုံးမှာ မြို့လယ်အနီး အောင်မင်္ဂလာရပ်ကွက်နှင့် ကသဲ ရပ်ကွက်အစပ်သို့ ကျရောက်ပေါက်ကွဲခဲ့၍ လူအများထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒဏ်ရာရသူ ၉ ယောက်၊ သေသူ ၈ ယောက်။ အကုန်လုံး မွတ်စလင်တွေပဲ။ ကျား၊ မ ဘယ်နှဦးပါလဲ မသိရသေးဘူး။ ကလေးငယ်တွေလည်း ပါတယ်” ဟု လူမှုကူညီရေးအဖွဲ့တစ်ခု၏ ပြောပြချက်ကို ကိုးကား၍ ၎င်းက Myanmar Now ကို ပြန်ပြောပြသည်။

ထိခိုက်ဒဏ်ရာရရှိသွားသူများကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု လတ်တလော သိရသည်။

ထိုလက်နက်ကြီးအသံကို ကျယ်လောင်စွာကြားလိုက်ရပြီး နေအိမ်များတုန်လှုပ်သွားသည်ဟု ၎င်းက ဆက်ပြောသည်။

“ဂျိမ်း–ဂျိမ်းနဲ့ အသံတွေအကျယ်ကြီးပဲ။ အိမ်တွေတောင် တုန်ခါသွားတယ်။ အဲဒီနေရာ (ရဲတပ်ရင်း) က အရင်တုန်းက သိပ်ပစ်တယ်။ အခု မပစ်တာ ကြာပြီ။ မနေ့ကမှ စပစ်တာ” ဟု ၎င်းက ဆိုသည်။

ရခိုင်အခြေစိုက် အာရက္ခမင်းသမီး မီဒီယာတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ၅ ဦးထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်ကလည်း စစ်ကောင်စီရေတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းရှိ စျေးထဲသို့ ကျရောက်ပေါက်ကွဲသွား၍ အရပ်သား ၂၀ ကျော် သေဆုံးကာ လူ ၄၀ ခန့် ထိခိုက်ဒဏ်ရာရရှိသွားသည်။

စစ်ကောင်စီတပ်က နေ့စဉ်ကဲ့သို့ လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် နေအိမ်တွင် ရှိနေသော်လည်း မလုံခြုံကြောင်း မြို့ခံနောက်တစ်ဦးက ပြောသည်။

“မြို့ထဲမှာတော့ မလုံခြုံတဲ့အခြေအနေ ဖြစ်နေပါပြီ။ ကျွန်တော့်မှာတော့ မိသားစုတွေ အကုန်ရှောင်သွားပါပြီ။ ကျွန်တော်တစ်ယောက်တည်းပဲ အိမ်စောင့်ကျန်လိုက်တယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူနေရပ်ကွက်များကို ကျရောက်မှုနှင့် တိုက်ပွဲလည်း အချိန်မရွေး ဖြစ်ပေါ်လာနိုင်သဖြင့် အများစုသည် မြို့ကို စွန့်ခွာသွားကြပြီဟု နောက်ထပ်တစ်ဦးကလည်း ပြောသည်။

စစ်တွေမြို့အောင်င်္ဂလာရပ်ကွက်တွင် ရိုဟင်ဂျာအများစုနေထိုင်ကြပြီးသဲချောင်း၊ ဘောဒူဖ၊ဘာဆရာ စသည့် ကျေးရွာအများအပြားတွင် ရိုဟင်ဂျာများနေထိုင်လျက်ရှိသည်။ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်ချင်ကြသော်လည်း စစ်ကောင်စီရန်ကြောင့် ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲနေကြသည်။

ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်မြောက်ပိုင်း စစ်တွေမြို့တစ်ဝိုက်မှ မြို့နယ်များကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်သည်။ 
စစ်တွေမြို့ ကမ်းခြေရှိ အထိမ်းအမှတ်ရုပ်တုတစ်ခုကို မိုခါမုန်တိုင်း မတိုက်ခတ်မီ မေလ ၁၃ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – Myanmar Now)
စစ်တပ်စခန်းတိုင်းကို တိုက်မည်ဟု ကြေညာထားသော AA သည် ပြည်နယ်စစ်ကောင်စီအဖွဲ့ရုံးစိုက် ရာ စစ်တွေကိုလည်း အချိန်မရွေးဝင်တိုက်နိုင်ခြေ ရှိနေသည်။

လက်ရှိတွင် စစ်တွေမြို့အနီးရှိ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) များဖြစ်သော ၅၃၆ ၊ ၅၃၇ နှင့် ၅၃၈ တို့ကို AA က ထိုးစစ်ဆင်တိုက်နေသလို ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲရှိ စစ်ကောင်စီ စခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

စစ်ကောင်စီသည် စစ်တွေမြို့ရှိ ဘေးပတ်ပတ်လည်ရှိ ကျေးရွာများကို ရှင်းလင်းကာ ခံစစ်ပြင်ထားပြီး လက်နက်ကြီးအထိုင်စခန်းများ တိုးချဲ့မှုများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (မတ် ၉) တွင် စစ်ကောင်စီတပ်သည် စစ်တွေမြို့မှ ရသေ့တောင်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ်တစ်ဆယ်ကျော် မီးလောင်ပျက်စီးခဲ့သည်။

ထို့ပြင် ရမ်းဗြဲမြို့အားလည်း စစ်ကောင်စီသည် နေဗီပေါ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းတို့အပြင် ဂျက်တိုက်လေယာဉ်၊ Y-12 ၊ ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းတို့ကို တစ်နေကုန် ပြုလုပ်နေခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ရခိုင်ဒေသအတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်မနှောင်းခင်လက်နက်ချရန်၊ အလံဖြူထောင်ရန်လည်း AA က ထပ်မံသတိပေးထားသည်။

စောစီးစွာ လက်နက်ချပါက စောစီးစွာ အသက်ရှင်ခွင့် ရမည်ဖြစ်သည်၊ လက်နက်ချအညံ့ခံရန် ပြောသော်လည်း အညံ့မခံသော စခန်းတိုင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု AA က ယမန်နေ့တွင် ထပ်ထုတ်ပြန်ထားသည်။

AA သည် ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */