" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 2, 2024

ရခိုင်က မွတ်ဆလင်များကို စစ်သားမစုဆောင်းဟု စစ်ကောင်စီက ငြင်းနေသော်လည်း မြေပြင်တပ်သားများမှ စုဆောင်းနေသည်မှာ မှန်ကန်သည်ဟု မွတ်ဆလင်များပြော

Western News|
၂၀၂၄ မတ် ၂ ၂

(ရခိုင်က မွတ်ဆလင် ၄၀၀ နီးပါး စစ်သားစုဆောင်းခံနေရ)

ရခိုင်ပြည်အတွင်းက မွတ်ဆလင်အမျိုးသားလူငယ်များကို စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းနေခြင်းမှာ မှန်ကန်မှုမရှိဘဲ လုပ်ကြံဖန်တီးရေးသားနေသော သတင်းသာဖြစ်သည်ဟု အာဏာသိမ်း စစ်ကောင်စီမှ ငြင်းဆိုလိုက် သည်။ 

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာမှတစ်ဆင့် ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ငြင်းဆိုနေသည်။ 

ရခိုင်က မွတ်ဆလင်များသည် နိုင်ငံသားလဲမဟုတ်၊ စစ်မှုထမ်းစုဆောင်းရေးအဖွဲ့ကလည်း တိုင်းနှင့်ပြည်နယ် ဦးစီးအဖွဲ့သာ ဖွဲ့ရသေးပြီး မြို့နယ်၊ ခရိုင်၊ ရပ်/ကျေးအဖွဲ့များ မဖွဲ့ရသေး၍ ရခိုင်ပြည်အတွင်း စစ်သားစုဆောင်းခြင်းများ မရှိကြောင်း စစ်ကောင်စီက ငြင်းဆိုထားခြင်းဖြစ်သည်။ 

သို့သော်လည်း ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံးမွတ်ဆလင်ဒုက္ခသည်စခန်းမှ အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ်အတွင်းရှိသော မွတ်ဆလင်အမျိုးသား ၁၁၇ ဦးကို ဖေဖော်ဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကျောက်ဖြူအခြေစိုက် ခမရ ၅၄၂ တပ်ရင်းမှ စစ်မှုထမ်းရန် လာခေါ်သွားပြီဟု ကျောက်ဖြူဒေသခံများနှင့် မွတ်ဆလင်များက ပြောသည်။ 

ကျောက်တစ်လုံးဒုက္ခသည်စခန်း တာဝန်ခံကလည်း မွတ်ဆလင်များအား စစ်မှုထမ်းရန် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကျောက်ဖြူမြို့ရှိ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးကဲနှင့် စစ်တပ်က အရာရှိများ လာရောက်ပြီး စာရင်းကောက်ယူသွားသည်ဟု အတည်ပြုပြောဆိုထားသည်။ 

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မွတ်ဆလင်တစ်ဦးက " စစ်ကောင်စီက ငြင်းနေတယ်။ ဒီမှာက ခေါ်ယူသွားပြီ။ ခမရ ၅၄၂ တပ်ရင်းမှာ သင်တန်းပေးမယ်လို့ ပြောတယ်။ ၁၁၇ ဦးပါသွားပြီ။ ဒါကအမှန်ပါ။ ပထမ စာရင်းကောက်ယူတုန်းက ၁၆၃ ဦး အဲဒီထဲမှာ ကျန်းမာရေးမကောင်းတဲ့သူတွေကို ထားခဲ့ပြီး ၁၁၇ ဦးကို ခေါ်သွားတာ။ အဲဒါလဲ ငြင်းနေသေးရင် မဟုတ်ဘူးလို့ ပြောတဲ့သူတွေ စခန်းကို လာရောက်ကြည့်ပါလို့ ပြောချင်တယ်။ " ဟု ပြောသည်။ 

ယင်းအပြင် စစ်တွေမြို့နယ် ဒါးပိုင်၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဘုမေ စသည့်ကျေးရွာများမှ မွတ်ဆလင်အမျိုးသား ၁၅၀ ဦးထက်မနည်းကိုလည်း ခေါ်ယူသွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ 

စစ်တွေဒေသခံ သတင်းရင်းမြစ်တစ်ဦးက " ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေ့လယ်က ဘုမေကျေးရွာဘက်က မွတ်ဆလင်တွေ စစ်ကောင်စီ စစ်ဝတ်စုံ၊ လက်နက်အပြည့်နဲ့ စစ်ကား ၃ စီးနဲ့ ခေါ်ယူသွားတာကို မြင်တွေ့လိုက်ရတဲ့သူတွေရှိတယ်။ ၁၅၀ လောက်တော့ ခန့်မှန်းရတာပဲ။ စစ်တွေမြို့အထွက်မှာရှိတဲ့ ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရုံးဘက်သို့ ခေါ်သွားတာကို တွေ့လိုက်ရတယ်။ " ဟု ‌ဆိုသည်။ 

ဘူးသီးတောင်၊ မောင်တောတွင်လည်း မွတ်ဆလင် ၁၁၁ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းရန် စာရင်းကောက်ယူသွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

သတင်းရင်းမြစ်တစ်ဦးက " အခု လောလောဆယ်တော့ ဘူးသီးတောင်က မွတ်ဆလင် ၁၁၁ ထက်မနည်း ပါသွားပြီ။ ပုစွန်ချောင်းကျေးရွာမှ ၁၃ ဦး၊ တပ်မချောင်းကျေးရွာမှ ၅၅ ဦး၊ ငကျိုင်တောက် ကျေးရွာမှ ၃၃ ဦး၊ ကျောက်ဖြတောင် ကျေးရွာမှ လူငယ် ၁၀ ဦးပါသွားတယ်။ ရခိုင်နဲ့ မွတ်ဆလင်ကြားမှာ ပြဿနာဖြစ်လာနိုင်တယ်။ စစ်ကောင်စီက အဲလိုအကွက်တွေကို ရွှေ့နေတာ။ " ဟု ပြောသည်။

ဆက်လက်ပြီး ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက တိုင်းနှင့်ပြည်နယ်အဆင့်သာ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဖွဲ့စည်းပေးထားပြီး မြို့နယ်၊ ခရိုင်နှင့် ရပ်/ကျေးများတွက် အဖွဲ့မဖွဲ့ရသေးဟု ပြောဆိုထားသည်။ 

ထိုစကားသည် လက်တွေ့တွင် ကိုက်ညီမှုမရှိဘဲ ရခိုင်ပြည် ဂွမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ များအား အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး စည်းရုံးဟောပြောပွဲများ ပြုလုပ်နေသည်။ 

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကစ၍ စည်းရုံးဟောပြောနေပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံ ရပ်မိရပ်ဖများအပါအဝင် အသင်းအဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။ 

" အဓိက ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ ရည်ရွယ်ချက်တွေ၊ စစ်မှုထမ်းရမယ့် အသက်အရွယ်နဲ့ ကာလအပိုင်းအခြားတွေကို ပြောပြပါတယ်။ စစ်မှုထမ်းရင် ဘယ်လိုအကျိုးကျေးဇူးတွေရမယ်နဲ့ မထမ်းဘူးဆိုရင် ဘယ်လိုအရေးယူ ပြစ်ဒဏ်ပေးမယ်ဆိုတဲ့ အကြောင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ပြောခဲ့တာဖြစ်ပါတယ်။ " ဟု ပြောသည်။ 

စစ်မှုထမ်းဥပဒေတွင် မြန်မာနိုင်ငံသား အမျိုးသားတိုင်း အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း မဖြစ်မနေ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီက ပြောဆိုထားပြီး အမျိုးသမီးများ စစ်ထမ်းရန်မလိုဟုလည်း ပြောဆိုထားသည်။ သတ် မှတ်ထားသော အသက်အရွယ်ရှိ လူငယ်အမျိုးသားများအနေဖြင့် စစ်မှုထမ်းဥပဒေကို ရှောင်လွှဲပါက ထိရောက်သော ပြစ်ဒဏ်များကို ပေးမည်ဟုလည်း စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုနေသည်။ 


ပုံစာ - မွတ်ဆလင်များအား စစ်မှုထမ်းခေါ်ယူရန် ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံးမွတ်ဆလင်ဒုက္ခသည်စခန်းသို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ဓါတ်ပုံ - APM)
Western News-WN

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */