" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 2, 2024

ထိုင်းလွှတ်တော် မြန်မာ့အရေးဆွေးနွေးပွဲအပေါ် မြန်မာတက်ကြွလှုပ်ရှားသူရဲ့ သုံးသပ်ချက်

VOA
ညိုညိုလွင်
၀၁ မတ်၊ ၂၀၂၄

ထိုင်းလွှတ်တော်အဆောက်အဦ

ထိုင်းနိုင်ငံ လွှတ်တော်မှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို ထိုင်းအာဏာပိုင်တွေ နဲ့ မြန်မာ နိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ တာ၀န်ရှိသူတွေ ဦးဆောင်ပြီး မတ်လ (၂)ရက်နေ့နဲ့ (၃) ရက်နေ့တွေမှာ နှစ်ရက်ကြာ ကျင်းပမှာပါ။ ​ဒီဆွေးနွေးပွဲကို တက်ရောက်မယ့် သူလည်းဖြစ်၊ ထိုင်းနိုင်ငံမှာ အနှစ် (၃၀) ကျော်နေထိုင်နေပြီး မြန်မာ့အရေးဦးဆောင် လှုပ်ရှားနေသူတဦးလည်းဖြစ်တဲ့ ထိုင်း-မြန်မာ မဟာမိတ်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးမြင့်ဝေကို မညိုညိုလွင်က တွေ့ဆုံ မေးမြန်း တင်ပြထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီ ညွတ် ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အပြင် နိုင်ငံတကာကိုယ်စားလှယ်တွေ ပထမဆုံးပါဝင်တဲ့မြန်မာ့အရေးဆွေးနွေးပွဲကို ဘန်ကောက်မြို့ ထိုင်းပါလီမန်ထဲမှာ ကျင်းပမှာဖြစ်ပါတယ်။ အာဏာသိမ်းပြီး ၃ နှစ်အကြာဆွေးနွေးပွဲကို မြန်မာ့ဒီမိုကရေစီအရေးကို ဦးတည်မှုနဲ့ အဲဒီကနေ ထိုင်းနယ်ခြားတလျှောက် လုံခြုံရေးသက်ရောက်မှုတွေအပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree ၊ အမျိုးသားလုံခြုံရေးကော်မတီ နယ်ခြားတာဝန်ခံ Rangsiman၊ ထင်ရှားလှတဲ့ Move Forward ပါတီအမတ် Pita၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအတိုင်ပင်ခံဟောင်း ရှောင်တာနယ်အပါအဝင် နိုင်ငံတကာသံတမန်တွေဆွေးနွေးကြမှာပါ။ ဒီတွေ့ဆုံပွဲက မြန်မာ့အရေးအတွက် အပေါင်းလက္ခဏာ ဆောင်တဲ့လုပ်ရပ်တခုဖြစ်တယ်လို့ တွေ့ဆုံပွဲတက်ရောက်မဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဦးမြင့်ဝေကပြောပါတယ်။

"အခုဟာကတော့ နွေဦးတော်လှန်ရေးနဲ့ ဒီကပေါ်ပေါက်တဲ့အစိုးရ အသိအမှတ်ပြုခံရတာပေါ့နော်။ အပေါင်းလက္ခဏာအဆင့်တခုပေါ့။ နောက်ထပ်လည်းထပ်ပြီးတော့ ပြောရေးဆိုခွင့်တွေရလာမှာပေါ့။ အခုအခမ်းအနားကနေ ပေါ်ပေါက်တဲ့ လူမှုဆက်ဆံရေးတွေကနေ နွေဦးတော်လှန်ရေးရဲ့ ဦးဆောင်တဲ့အပိုင်းက အလုပ်သမားဆို အလုပ်သမားပေါ့၊ ပညာရေးဆို ပညာရေးပေါ့ အဲဒီလိုဆက်ဆံနိုင်လာရင် ထိုင်းထဲကို ဘယ်လိုနည်းနဲ့မဆိုရောက်လာမဲ့သူတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကလေးသူငယ်တွေအရေး အားလုံးက တိုးတက်အောင် ထိန်းညှိသွားလို့ရတာပေါ့"

အခုလို တွေ့ဆုံမှုအခမ်းအနားဖြစ်လာရတာက နွေဦးတော်လှန်ရေးအပေါ် မြန်မာလူထုထောက်ခံမှုက အားကောင်းလွန်းတာကြောင့်ဖြစ်တယ်လို့ ဦးမြင့်ဝေကသုံးသပ်ပါတယ်။

"ထိုင်းနိုင်ငံမှာက မြန်မာနိုင်ငံသား တရားဝင်ချည်းပဲ ၄ သန်းလောက်ကျော်ကျော် ရှိတာပေါ့။ တရားဝင်မြန်မာနိုင်ငံသားတွေကလည်း အခုတော်လှန်ရေးမှာ အများကြီးပံ့ပိုးတယ်။ အဓိကထောက်ခံသူတွေကိုး။ နွေဦးတော်လှန်ရေးမှာ NUG ဟာ လူထုရဲ့တခဲနက်ထောက်ခံမှုရတဲ့အတွက် ထိုင်းဘက်က နောက် ဆုံးအဆင့်က အခုစပြီးစဉ်းစားတာပေါ့။ နောက်ပြီးတော့ သူ့တိုင်းပြည်ရဲ့ နယ်ခြားနဲ့ ဆက်စပ်နေတော့ သူ့မှာလည်း လုံခြုံရေး၊ စီးပွားရေး အကုန်လုံးထိခိုက်တယ်။ အကျိုးအမြတ်လည်းရှိတယ်။ ထိခိုက်မှုတွေလည်းရှိတယ်။ ရှင်းရှင်းပြောရရင်တော့ သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကြောင့် NUG ကြောင့် ဆိုတာထက် နောက်ခံလူထုရဲ့အခြေအနေပေါ့ ။ လူထုရဲ့ထောက်ခံမှုက အရမ်းများလွန်းတယ်။ ပြည်တွင်းမှာကော ပြည်ပမှာကော အထူးသဖြင့်ထိုင်းမှာရှိတဲ့သူတွေက အကုန်လုံးထောက်ခံကြတယ်။ ကြောက်လို့သာ လျှော့ပေးနေရတာ၊ သူများတိုင်းပြည်မို့လို့သာ သူတို့ လုံးဝမကျေလည်တာတွေရှိတယ်။ ဒါတွေကြောင့် ထိုင်းက ထည့်သွင်းစဉ်းစားတယ်လို့ ကျွန်တော်ထင်ပါတယ်"

ဒီဆွေးနွေးပွဲဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တိုနီဘ လင်ကန်တို့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ လက်ရှိ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara ကိုယ်တိုင် တက်ရောက်ဖို့ စီစဉ်ထားပေမယ့် ဗွီအိုအေက နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ သူတက်ရောက်မှာမဟုတ် ဘူးလို့ သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */