" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 5, 2024

စစ်ကောင်စီနဲ့ AA တိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ၂ ဦးသေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၅ ဖေဖော်ဝါရီ၊ ၂၀၂၄ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Jalpaitoli ကျေးရွာမှာ မော်တာကျည် ထိမှန်ပြီး သေဆုံးသွားသူ ရိုဟင်ဂျာအမျိုးသားရဲ့ ရုပ်အလောင်းကို အဝတ်စနဲ့ ဖုံးအုပ်ထားစဉ် (ဖေဖော်ဝါရီ ၅၊ ၂၀၂၄)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကြား မော်တာကျည်ဆံ ကျရောက်ပေါက်ကွဲမှုကြောင့် ဒီကနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ အနည်းဆုံး လူ ၂ ဦး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ Jalpaitoli ကျေးရွာမှာ ဒေသစံတော်ချိန် ၂ နာရီကျော်လောက်က မော်တာကျည် ထိမှန်ပြီးအသက် ၄၈ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ အမျိုးသမီးနဲ့ ရိုဟင်ဂျာ အမျိုးသားတယောက် သေဆုံးခဲ့ကြောင်း ဒေသခံရဲမှူး Abdul Mannan ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

သေဆုံးသွားသူ အမျိုးသမီးက စိုက်ပျိုးရေးလုပ်ငန်းအတွက် ငှားရမ်းခိုင်းစေထားတဲ့ ရိုဟင်ဂျာအမျိုးသားကို နေ့လည်စာကျွေးဖို့ မီးဖိုချောင်မှာ ပြင်ဆင်နေတုန်း မော်တာကျည်ထိမှန်ခဲ့တာလို့လည်း မိသားစုဝင်တဦးက ပြောပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားရာက ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) ကပြောပါတယ်။ မနေ့တုန်းက သေ နတ် ကျည် ထိမှန်ဒဏ်ရာရသူလူနာ အနည်းဆုံး ၁၇ ယောက် ရှိခဲ့ပြီး၊ ၂ ယောက်က အသက်အန္တရာယ် စိုးရိမ်ရသလို ၅ ယောက်ရဲ့ ဒဏ်ရာက ပြင်းထန်တယ်လို့လည်း Cox's Bazar အခြေစိုက် MSF အဖွဲ့ ဝန်ထမ်းတယောက်က ပြောပါတယ်။

တချိန်တည်းမှာပဲ တိုက်ပွဲတွေအတွင်း ရက္ခိုင့်တပ်တော် (AA) က အသာစီးရလာတာကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ ယောက်ထက် မနည်းကိုလည်း စောင့်ရှောက်ထားကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် သတင်း ဌာန Channel 24 ကတော့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်ဟာ ဒဏ် ရာရသူ ၁၀ ယောက် အပါအဝင် အနည်းဆုံး ၆၆ ယောက် ရှိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ AA အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ တပ်ဖွဲ့ဝင်တချို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရ သေးပါဘူး။ AA အဖွဲ့အပါအဝင် တိုင်းရင်းသား ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ်ထဲ စတင်ခဲ့တဲ့ စစ်ဆင်ရေးတွေ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရပ်ဆိုင်းသွားပေမဲ့ မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်နဲ့ ချင်း ပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */