" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 12, 2024

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်

ဧရာဝတီ
11 February 2024

၂၀၂၄ ဇန်နဝါရီ ၂၇ရက်က မန္တလေး ပြည်သူ့စစ် ၇/ ၂၀၂၄ သင်တန်းဆင်းပွဲ

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ယမန်နေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည့် အရွယ်ရောက် ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းကြရမည်ဆ်ိုသော ပြည်သူ့စစ်မှုထမ်းဥပဒေကိုလူအများ လက်မခံဘဲ ဝေဖန်မှုများရှိနေသည်။

ထိုဥပဒေကို ၂၀၁၀ နိုဝင်ဘာ ၄ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး သန်းရွှေက ဥပဒေပြုခဲ့ခြင်းဖြစ်ပြီး အရပ်သား အစိုးရများ လက်ထက်တွင် ကျင့်သုံးခြင်း မရှိသော်လည်း ယခုအခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်လည်ကျင့်သုံးရန် ကြေညာလိုက်ခြင်းဖြစ်သည်။

ယင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားပြီး ထိုဥပဒေအရ နိုင်ငံသားတိုင်းစစ်မှုထမ်းရမည်ဖြစ်ကာ အမျိုးသားများအနေဖြင့် အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ် မပြည့်မီအထိ သတ်မှတ်ထားပြီး အမျိုးသမီးများအနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အထိ သတ်မှတ်ထားကြောင်း ဆိုထားသည်။

ထိုကြေညာချက်ကြောင့် ပြည်သူလူထုမှာ စိုးရိမ်ပူပန်မှုများရှိခဲ့ပြီး တိုက်ပွဲများတွင် အထိနာနေသည့် စစ်ကောင်စီ တပ်အတွက် လိုအပ်နေသည့် စစ်သည်အင်အားပြန်လည် ဖြည့်တင်းရန်နှင့် လူသားဒိုင်းအဖြစ် အသုံးပြုရန် ထိုသို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ အိမ်ထောင်မတဦးက “သားသမီးတွေက အရွယ်ကောင်းတွေ ဖြစ် နေကြပြီ။ အိမ်မှာနေရင်းကို မလုံခြုံတော့ဘူး။ နိုင်ငံထဲမှာနေရင် သူတို့ စစ်ထဲထည့်မှာ ကြောက်ပြီး ပြည်ပလွှတ်မယ် ဆိုရင်တောင် လွှတ်လို့ရပါတော့မလား မသိ ဘူး။ Facebook ပေါ်မှာ ပြောနေကြသလို ဟာသလုပ်စရာ ကိစ္စ မဟုတ်ဘူး။ သူတို့လုပ်ချင်ရင် ဘာမဆို ဖြစ်သွားနိုင်တဲ့ အခြေအနေဖြစ်နေပြီ။ အဲဒီကိစ္စကြောင့် တညလုံး အိပ်လို့ကို မပျော်ပါဘူး။ ရပ်ကွက်ထဲမှာလည်း ဧည့်စာရင်း နေ့တိုင်း စစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

စစ်မှုထမ်းရန်အတွက် အတတ်ပညာတခုခုဖြင့် ကျွမ်းကျင်သူဖြစ်ပါက အမျိုးသားဆိုလျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ် အထိနှင့် အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ် မှ ၃၅ နှစ်အထိ သတ်မှတ်ထားကြောင်း၊ စစ်မှုထမ်းရန်ကာလကို ၂ နှစ် အထိ တာဝန်ထမ်းဆောင်ရန် သတ်မှတ်ထားပြီး စက်မှုလက်မှုပညာသည်များ၊ ကျွမ်းကျင်သူများအဖြစ် ဆင့်ခေါ်ခံရ သူများမှာ ၃ နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေများတွင် ၅ နှစ်အထိ တာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဥပဒေ၌ ပြဋ္ဌာန်းထားသည်။

၂၀၁၀ နိုဝင်ဘာ ၄ရက်က ပြဌာန်းသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ

စစ်ကောင်စီ သတင်းပြန်ကြားရေး ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ မဖြစ်မနေကျင့် သုံးရန် လိုအပ်ပြီး ဂုဏ်ယူဝမ်းမြောက်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံသားတိုင်းဟာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ရေး ဒို့တာဝန် အရေး ၃ပါးကို စောင့်ထိန်းဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့်မို့ ဒီဟာတွေကို စောင့်ထိန်းဖို့ တာဝန်ရှိတာနဲ့အညီ စစ်ပညာ သင်ကြားဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ် “ ဟု ပြော သည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ပြည်နယ်နှင့်တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်အထိ ဖွဲ့စည်းပြီး အဆိုပါအဖွဲ့မှ စစ်မှုထမ်းရန် ဆင့်ခေါ်မည်ဖြစ်ပြီး စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူအနေဖြင့် တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြ ငြင်း ဆိုမည်ဆိုပါ ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

မြောက်ဥက္ကလာ ပြည်သူတဦးက “တရားမျှတမှု မရှိတဲ့ ဒီလိုကာလတွေမှာ လုပ်ချင်ရာလုပ်နေတော့ အဓိက လည်စင်း ခံရမှာက ပြေး စရာမြေ မရှိတဲ့ အခြေခံလူတန်းစား ပြည်သူတွေပါပဲ။ မဖြစ်မနေ စစ်မှုထမ်းခိုင်းရင် မဖြစ်သင့်တာတွေ ပိုဖြစ်သွား လိမ့်မယ်။ ပြေးနိုင်မှပဲ လွတ်မယ်” ဟု ပြောပါတယ်။

အဆိုပါ စစ်မှုထမ်းဥပဒေကို လက်မခံကြောင်းနှင့် စစ်ကောင်စီက လိုအပ်သည့် အင်အားဖြည့်တင်းရန် တရားဝင် ပေါ်တာဆွဲခြင်းမျိုးသာ ဖြစ်ကြောင်း ရန်ကုန်မြို့နေ လူငယ်တချို့က ဆိုသည်။

သာကေတမြို့နေ လူငယ်တဦးက “ဒီလောက် သူတို့ကို ပြည်သူတွေ မုန်းနေကြတာ သူတို့က အဲဒီလို လူတွေထဲ သေနတ်ထည့်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ ကျနော်တို့အနေနဲ့ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုရင် ထောင် ၅ နှစ်ပဲ အကျခံ လိုက်မယ်၊ မလုပ်နိုင်ဘူး။ သူတို့က ပြည်သူတွေကို ရှေ့တန်းထွက်ရင် မိုင်းအန္တရာယ်ကာကွယ်ဖို့၊ လူသား တံတိုင်း အနေ နဲ့ပဲ အသုံးချကြမှာလို့ပဲ ထင်တယ်” ဟု ပြောသည်။

လက်ရှိတွင် တိုင်းနှင့်ပြည်နယ်ရှိ ကျေးရွာများတွင်လည်း ပျူစောထီးဟု ခေါ်သည့် ပြည်သူ့စစ်ထဲ ဝင်ရောက်ရန် စာရင်း ကောက်ခံယူနေမှုများရှိသလို၊ ပြည်သူ့စစ်ထဲ မဝင်လိုသည့် ရွာခံလူငယ်လူရွယ်များအနေဖြင့်လည်း ရှောင်တိမ်းမှုများ ပြုလုပ်နေကြကြောင်း သိရသည်။

စစ်တပ်ထောက်ခံသူများက ၂၀၁၀ ရွေးကောက်မတိုင်မီက ၃ရက်အလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတည်ပြုပေးခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ယခင် အရပ်သား အစိုးရ ၂ဆက်တွင် ဒို့တာဝန် အရေးသုံးပါးကို မထိခိုက်သဖြင့် မကျင့်သုံး ခဲ့သော်လည်း ယခုအခါ ပြည်ထောင်စု ပြိုကွဲရေးကို ရှေးရှု့လာသည်သာမက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အချုပ်အခြာအာဏာကိုပါ ထိပါးလာသလို တဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်များက အဓမ္မ လူသစ် စုဆောင်းနေသည်အပြင် ပြည်ပနိုင်ငံများက သွယ်ဝိုက်သောနည်းဖြင့် ကျူးကျော်လာ သဖြင့် အတည်ပြုလိုက် ခြင်းဖြစ်ကြောင်းရေးသားကြသည်။

တချို့သော စစ်တပ်ထောက်ခံသူများကမူ ဤဥပဒေသည် မင်းနှင့် ပြည်သူ ချစ်ကြည်ဖြူသည့် ကာလတွင်သာလုပ် ဆောင်သင့်ပြီး ယခုအချိန် ပြန်လည်အသက်သွင်းခြင်းမှာ ကိုယ်လ့ည်ပင်းကိုယ် ကြိုးကွင်းစွပ်ရာကျကြောင်း ဆိုသည်။

ပအိုဝ်းပြည်သူ့စစ် (PNO/PNA) မှ ရွာသားများအား ပြည်သူ့စစ်အဖြစ် ခေါ်ယူစုဆောင်းထားမှုကို ယခုလအတွင်း တွေ့ရစဉ်
 

ထို့အတူ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် အနုပညာရှင်များကိုပါ စစ်မှုထမ်းရန် လှုံ့ဆော်ထားကြပြီး၊ နာမည်ကြီး အနုပညာရှင်များအနေဖြင့် ဦးစီးဦးဆောင် ထမ်းရွက်မှုပြုကြရန်၊ နယ်လှည့်ဖျော်ဖြေရေးများတွင်ပါ တာဝန်ထမ်းဆောင်နိုင်ကြောင်း ရေးသားကြသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်သည့်အတွက် အကြောင်းကြောင်းကြောင့် ရှောင်လွှဲမရဘဲ စစ်တပ်ထဲသို့ ရောက်ရှိသွားပါကလည်း ပြည်သူ့ရင်ခွင်အဖွဲ့သို့ အကြောင်းကြားနိုင်ကြောင်း၊ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက် ကူညီပေးရန်အဆင်သင့်ရှိကြောင်းလည်း CDM စစ်သားများဖြင့် ဖွဲ့စည်းထားသည့် ယင်း အဖွဲ့က အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အထိ အခိုက် ကျဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး စစ်တပ်အင်အားပြုန်းတီးမှုများနေချိန်တွင် စစ်မှုထမ်း ဥပဒေကို ပြန်အသက်သွင်း၍ တပ်အင်အားဖြည့်တင်းရန် ကြိုးစားလာခြင်းဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုကြ သည်။

ရခိုင်ပြည်နယ်တွင် ဇန်နဝါရီ ၃၀ ရက်က တပ်ဆုတ်လာသည့် စကခ ၉ လက်အောက်ခံ ကျောက်တော် အခြေစိုက် ခမရ ၃၇၄၊ ခမရ ၃၈၀ မှ စစ်ကောင်စီတပ်ဖွဲ့နှင့် မိသားစုဝင်များကို သွားရောက်ကြိုဆိုသည့် စစ်သင်္ဘော ၃ စင်းမှာ ကျောက်တော်မြို့အထွက် ကစ္ဆပနဒီမြစ်အတွင်း တိုက်ခိုက်ခံရ၍ နစ်မြှုပ်ခဲ့ပြီး သင်္ဘောပါလာသူ ၇၀၀ နီးပါး သေဆုံးခဲ့ရကြောင်း သိရသည်။

(ပလောင်) တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အနေဖြင့်လည်း ဖေဖော်ဝါရီ ၄ ရက်တွင် သက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိသော ပလောင်/တအာင်းအမျိုးသားတိုင်း စစ်မှုထမ်းရမည့်ဥပဒေကို ထုတ်ပြန်ခဲ့ပြီး သားယောက်ျားလေး ၃ ဦးရှိသည့်အိမ်တွင် ၁ ဦးမှာ စစ်မှုထမ်းရမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကလည်း ရှမ်းပြည်နယ် အထူးဒေသ ၁ အတွင်း နေထိုင်သူများအနေဖြင့် အသက် ၁၆ နှစ်ပြည့်ပြီးပါက မည်သူမဆို စစ်မှုထမ်းဆောင်ရမည် ဖြစ်ကြောင်းပြီးခဲ့နှစ်အတွင်းက ထုတ်ဖော်ပြောဆိုထားသည်။

Link : Here

 

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */