" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 7, 2024

မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံး AA သိမ်းပိုက်

Myanmar Now
စထွန်းအောင်
February 7, 2024
မင်းပြားမြို့ တိုက်ပွဲတွင် တပ်မမှူး အပါအဝင် စစ်သား ၁၀၀ ကျော်နှင့် တပ်မိသားစုဝင်များ၊ စစ်ကောင်စီအရပ်ဘက်အရာရှိများ AA ထံ လက်နက်ချခဲ့ကြသည်။

တိုက်ပွဲများပြင်းထန်နေသည့် နိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် အာဏာသိမ်းစစ်တပ်၏ တပ်ရင်းစခန်းအားလုံးကို သိမ်းပိုက်၊ ထိန်းချုပ်နိုင်ပြီဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့(ဖေဖော်ဝါရီ ၆) တွင် အတည်ပြုသည်။

မင်းပြားမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်ကြသည့် ခမရ ၃၇၉ ၊ ၃၈၀ နှင့် ၅၄၁ တို့ အခြေစိုက်ခဲ့ကြသည်။

မင်းပြားအခြေစိုက် စစ်ကောင်စီတပ်များ (ဓာတ်ပုံ – AA)

မြို့နှင့် ၂ မိုင်ကျော်အကွာတွင် တစ်ဆက်တစ်စပ်တည်း တည်ရှိနေသော ထိုတပ်ရင်း ၃ ရင်းအနက် ခမရ ၃၈၀ ကို ဇန်နဝါရီလမကုန်မီကတည်းက သိမ်းပိုက်ခဲ့ပြီးဖြစ်သည်၊ နောက်ဆုံးကျန်နေသည့် ခမရ ၃၇၉ နှင့် ခမရ ၅၄၁ တို့ကိုလည်း ဆက်လက် ထိုးစစ်ဆင်ပြီး တစ်ပတ်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“မင်းပြားမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေအားလုံးကို ကျွန်တော်တို့ ရက္ခိုင့်တပ်တော်က သိမ်းပိုက်၊ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်” ဟု AA ပြောခွင့်ရအရာရှိ ဦးခိုင်သုခက Myanmar Now ကို ယနေ့တွင် ပြောသည်။

စစ်ကောင်စီ၏ လက်ကျန် တပ်ရင်း ၂ ခုကို AA တိုက်ခိုက်၊ သိမ်းပိုက်စဉ် ထိုတပ်ရင်းများမှ ရာနှင့်ချီသည့် စစ်သားများ၊ ၎င်းတို့မိသားစုဝင်များ AA ထံ လက်နက်ချခဲ့ကြသည်ဟု ရခိုင်အခြေစိုက် လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဦးခိုင်သုခကလည်း အဆိုပါ လက်နက်ချသည့် အခြေအနေနှင့်ပတ်သက်ပြီး မကြာခင် သတင်းထုတ်ပြန်သွားမည်ဟု ဆိုသည်။

AA ထံ လက်နက်ချ၊ အလင်းဝင်သူဦးရေ ၅၀၀ကျော် ရှိပြီး ထိုအထဲတွင် တပ်မမှူး အပါအဝင် စစ်သား ၁၀၀ ကျော်နှင့် တပ်မိသားစုဝင်များ၊ မင်းပြားမြို့မှ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သည်ဟု ရခိုင်သတင်းဌာနတစ်ခုဖြစ်သော Narinjara က ယနေ့ ရေးသားထားသည်။

ဇန်နဝါရီလအတွင်းက မင်းပြားမြို့အခြေစိုက် ခမရ (၃၇၉) တပ်ရင်းထံမှ AA သိမ်းဆည်းရမိသော စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ – AA )

ယနေ့နံနက် ၉ နာရီခန့်အချိန်တွင် ခမရ ၃၇၉ မှ စစ်သား ၁၀၀ကျော်နှင့် ၎င်းတို့မိသားစုဝင်များကို ကားလေးစီးဖြင့် AA တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည်ဟု Narinjara သတင်းတွင် ဖော်ပြထားသည်။

မင်းပြားမြို့ရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးကျောင်း၏ နောက်ဆုံးအခြေအနေကို မသိရသေးပေ။

မင်းပြားမြို့အခြေစိုက် တပ်ရင်းများမှာ အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၉) လက်အောက်ခံတပ်များ ဖြစ်ကြသည်။ စခက ၉ လက်အောက်တွင် တပ်ရင်း ၁၀ ရင်း ရှိပြီး ထိုအထဲမှ ၈ ရင်းကို AA က သိမ်းပိုက်ထားပြီး ဖြစ်သည်။

အသိမ်းခံရသည့် ခမရ ၃၇၉ သည် လက်ရှိ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ တပ်ရင်းမှူးအဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။

အောက်တိုဘာ ၂၇ တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က စစ်ကောင်စီကို စစ်ကြေညာပြီး ထိုးစစ်ဆင် ရာ စခန်းအများအပြားကို လျင်မြန်သည့်အဟုန်ဖြင့် တိုက်ခိုက်သိမ်းယူကာ မြို့တချို့ကို ထိန်းချုပ်လိုက်ကြသည်။

၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားသော အဆိုပါ ထိုးစစ် နိုဝင်ဘာ ၁၃ တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ရောက်သွားရာ တိုက်ပွဲများပြင်းထန်နေပြီး AA က စစ်ရေးအသာစီး ရရှိထားသည်။

၂၀၀၉ ခုနှစ်က ကချင်ပြည်နယ်၊ လိုင်ဇာတွင် လူအင်အားဆယ်ဂဏန်းဖြင့် စတင်တည်ထောင်ခဲ့သော၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်သည့် AA သည် ယခုအခါ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပြီးလျှင် လူသူ၊ လက်နက် အတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */