" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 7, 2024

ရခိုင်မှာ AA သိမ်းပိုက်တဲ့ မြို့နှစ်မြို့နဲ့ စစ်ကောင်စီတပ်ရင်း ကိုးရင်းအထိရှိလာ

RFA
RFA Burmese
2024.02.07
 

စစ်ကောင်စီ၏ ခမရ (၅၄၀) တပ်ရင်းတစ်ရင်းလုံးအား သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့က ရက္ခိုင့်တပ်တော် AA မှ ထုတ်ပြန်ထားစဥ်။ AA Info Desk 
 
ရခိုင်ပြည်နယ်၊ မင်းပြားမြို့က စစ်ကောင်စီတပ်ရဲ့ အခြေစိုက်တပ်ရင်း ခမရ (၃၇၉)၊ (၃၈၀)နဲ့ (၅၄၁) စတဲ့ တပ်ရင်းသုံးရင်းလုံးကို ဖေဖော်ဝါရီလ ၆ ရက် မနေ့မနက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က မနေ့ညကထုတ်ပြန်ပါတယ်။

ခမရ (၃၈၀) တပ်ရင်းကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၈ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် ကျန်ရှိနေတဲ့ ခမရ (၃၇၉) နဲ့ (၅၄၁) တပ်ရင်းနှစ်ခုကို မနေ့ကမှ ထပ်မံသိမ်းပိုက်ခဲ့တာပါ။ လက်ရှိမှာတော့ မင်းပြားမြို့ကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းပြားဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မင်းပြားမြို့ အခြေအနေကတော့ AA က ထိန်းချုပ်လိုက်ပြီလို့ ပြောလို့ရပါတယ်။ စစ်သားတွေအကုန်လုံးက အလင်းဝင်တာလေ။ လေယာဉ်နဲ့လာပစ်မှာကိုတော့ ပြည်သူတွေက စိုးရိမ်နေတာရှိပါတယ်။ AA က သိမ်းတော့သိမ်းထားပြီ။ ဒါပေမဲ့ လေယာဉ်နဲ့ လာပစ်မှာကိုစိုးရိမ်လို့ အပြင်သိပ်မထွက်ရဲဘူးလေ”


ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၄ ရက်နေ့က ပေါက်တောမြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ကြောင်း ရက္ခိုင့်တပ်တော် (AA) ကကြေညာခဲ့ပြီးနောက် ပေါက်တောမြို့နယ်နဲ့ဆက်စပ်နေတဲ့ မင်းပြားဟာ ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်တဲ့ ဒုတိယမြောက်မြို့ ဖြစ်လာတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
“AA အဖွဲ့က ကနဦးသိမ်းပိုက်နေတာဟာ ကျန်ရှိနေတဲ့အခြားဒေသတွေကိုပါ အလွယ်တကူစစ်ကစားနိုင်ဖို့ဖြစ်တယ်”
ကျောက်တော်မြို့အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) လက်အောက်မှာ မင်းပြားအခြေစိုက် ခမရ (၃၇၉)၊ (၃၈၀)၊ (၅၄၁) တပ်ရင်းတွေအပြင် မြောက်ဦးအခြေစိုက် ခမရ (၃၇၇)၊ (၃၇၈)၊ (၅၄၀) တပ်ရင်းတွေနဲ့ ကျောက်တော်အခြေစိုက် ခမရ (၃၇၄)၊ (၃၇၅)၊ (၃၇၆)၊ (၅၃၉) စုစုပေါင်း ခြေမြန်တပ်ရင်း ဆယ်ရင်းရှိပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ အဲဒီအထဲက မြောက်ဦးမြို့အခြေစိုက် ခမရ (၃၇၇) နဲ့ ကျောက်တော်အခြေစိုက် ခမရ (၃၇၅) တပ်ရင်းနှစ်ရင်းသာ ကျန်တော့တာဖြစ်ပြီး ကျန်တပ်ရင်းရှစ်ရင်းစလုံးကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်တော်အခြေစိုက် အမှတ် (၃၇၇) အမြောက်တပ်ရင်းကိုလည်း AA က သိမ်းပိုက်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကစတင်ခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ပလက်ဝဒေသနဲ့ ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေကို ဆက်လက်ထိန်းချုပ်ဖို့ ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကျောက်တော်အခြေစိုက် စကခ (၉)၊ တောင်ကုတ်မြို့အခြေစိုက် စကခ (၅) နဲ့ ဘူးသီးတောင်မြို့အခြေစိုက် စကခ (၁၅) စတဲ့ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် သုံးခုရှိပါတယ်။ အဲဒီအထဲက အလယ်မှာရှိတဲ့ စကခ (၉) လက်အောက်ခံတပ်တွေကို AA အဖွဲ့က ကနဦးသိမ်းပိုက်နေတာဟာ ကျန်ရှိနေတဲ့အခြားဒေသတွေကိုပါ အလွယ်တကူစစ်ကစားနိုင်ဖို့ဖြစ်တယ်လို့ ရခိုင်စစ်ရေးအခြေအနေကို လေ့လာနေတဲ့ ရခိုင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ရခိုင်ပြည်နယ်ရဲ့ ပထဝီအနေအထားအရ ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်မှာက စကခသုံးခုရှိတာပေါ့နော်။ ဘူးသီးတောင်အခြေစိုက်တဲ့ စကခ တစ်ခုရှိမယ်။ တောင်ကုတ်အခြေစိုက်တဲ့ စကခတစ်ခုရှိမယ်ပေါ့။ ရခိုင်ပြည်နယ်ကိုက ဒီသုံးခုက ခွထားတဲ့သဘောရှိတာပေါ့နော်။ အလယ်မှာရှိတဲ့ ကျောက်တော်အခြေစိုက်တဲ့ စကခသာပျောက် သွားလို့ရှိရင်တော့ ရခိုင်ပြည်နယ်ရဲ့အလယ်ဗဟိုကို AA က ဖောက်ထုတ်လိုက်တဲ့သဘောရှိတာပေါ့။ စစ်ကောင်စီရဲ့ စစ်ရေးထိန်းချုပ်မှု အဓိကကျတဲ့ဒေသကို AA ကထိန်းချုပ်လိုက်တော့ AA က အဲဒီဒေသကိုအခြေပြုပြီးတော့ အခိုင်အမာ တည်ဆောက်ပြီးတော့ တခြားဒေသတွေကို ပိုပြီးတော့ လွယ်လွယ်ကူကူနဲ့ လိုသလိုစစ်ကစားနိုင်တဲ့ အနေအထားတွေဖြစ်သွားမယ်”


စစ်ကောင်စီဟာ အဲဒီတပ်ရင်းတွေနဲ့ မြို့တွေ မကျသွားဖို့ကို ကြည်း၊ ရေ၊ လေပူးပေါင်းပြီး ခုခံခဲ့ကြပေမယ့် ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့တာကြောင့် အရေးပါတဲ့တပ်ရင်းတွေကို လက်လွှတ်လိုက်ရတာလို့လည်း သူကဆိုပါတယ်။

-

လက်ရှိမှာလည်း မြောက်ဦး၊ ကျောက်တော်မြို့မှာ ကျန်ရှိနေတဲ့တပ်ရင်းတွေကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး အဲဒီမြို့တွေသာထပ်မံကျသွားရင် ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ခြေစိုက်တဲ့ အမ်းမြို့နယ်မှာ စစ်မြေပြင်အသစ်တွေ ဖြစ်လာနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

“ဒီမြို့တွေသာကျသွားရင် နောက်ထပ်စစ်မြေပြင်ရဲ့အရွှေ့က ရခိုင်ပြည်နယ် မြို့တော်ဖြစ်တဲ့ စစ်တွေဘက်ကိုရွှေ့ လာမယ်လို့ ယူဆလို့ရသလို အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းမြို့ဘက်ကိုလည်း ရွှေ့သွားနိုင်တယ်။ နောက်ပြီးတော့ ဘူးသီးတောင်ဘက်တွေ၊ ရသေ့တောင်ဘက်တွေလည်း ပါလာနိုင်တယ်ပေါ့။ အခုရက်ပိုင်းအ တွင်းမှာ မြောက်ဦး၊ ကျောက်တော်သာကျသွားရင်တော့ နောက်ထပ် စစ်မြေပြင်အသစ် ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ ယေဘုယျအားဖြင့် သုံးသပ်လို့ရပါတယ်”


ရက္ခိုင့်တပ်တော် (AA) က သူတို့သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီ တပ်ရင်းတွေနဲ့ပတ်သက်လို့ နှစ်ဖက်ထိခိုက်မှုအခြေ အနေ၊ လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သားတွေ၊ တပ်မိသားစုဝင်တွေနဲ့ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ တပ် သားအရေအတွက် စတာတွေကို ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

RFA က စုံစမ်းသိရတဲ့အချက်အလက်တွေအရတော့ ကျောက်တော်အခြေစိုက် ခမရ (၅၃၉) တပ်ရင်းတစ်ရင်းတည်းကတင် စစ်ကောင်စီ တပ်သားတွေနဲ့ မိသားစုဝင် သုံးရာကျော် ဇန်နဝါရီလ ၁၆ ရက်နေ့ လက်နက်ချခဲ့ပါတယ်။ ကျန်တဲ့တပ်ရင်းတွေမှာလည်း လက်နက်ချတဲ့ စစ်ကောင်စီ တပ်သားတွေရှိနေပေမယ့် အရေအတွက်အတိအကျကိုတော့ မသိရပါဘူး။

နောက်ထပ် ရခိုင်စစ်ရေးအခြေအနေ လေ့လာနေတဲ့ဒေသခံတစ်ဦးကတော့ ဒီလပိုင်းအတွင်းမှာတင် ရခိုင်မြောက်ပိုင်းက မြို့နယ်ငါးမြို့နယ်လောက် ရက္ခိုင့်တပ်တော် (AA) လက်ထဲကို ရောက်မယ့်အခြေအနေဖြစ်နေတယ်လို့ RFA ကိုပြောပါတယ်။

“ရခိုင်မြောက်ပိုင်းက လေးမြို့နယ် ငါးမြို့နယ်လောက်တော့ AA လက်ထဲကို ဒီလပိုင်းမှာ ရောက်သွားမယ်လို့ထင်တယ်။ မြောက်ပိုင်းရသွားရင် တောင်ပိုင်းကိုလည်း ဆက်မယ်လို့ထင်ပါတယ်။ အစကတော့ ကျွန်တော်တို့တွေးထားကြတာက တောင်ပိုင်းဘက်ကတော့ ၂၀၂၅ ခုနှစ် ပတ်ဝန်းကျင်လောက်မှာ အရင်က ရခိုင်မြောက်ပိုင်းက အခြေအနေလောက်ရှိမယ်လို့ထင်တာ။ အခုက သူတို့ရမ်းဗြဲတို့ တောင်ကုတ်တို့ဘက်ကိုအထိ ထိန်းနိုင်တဲ့အခြေ အနေရှိတာ မြင်တွေ့ရတယ်ပေါ့။ စစ်ကောင်စီတပ်သားတွေကလည်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတာနဲ့ အိန္ဒိယကိုထွက်ပြေးနဲ့ပေါ့နော်။ သူတို့အချိန်တိုအတွင်းမှာ ပိုပြီးလက်နက်ချတာ များလာနိုင်တယ်ထင်တယ်”


ရက္ခိုင့်တပ်တော် (AA) ဟာ အခုလို စကခ (၉) လက်အောက်ခံတပ်ရင်းတွေကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်နေသလို တစ်ဖက်မှာလည်း မောင်တော၊ ရမ်းဗြဲစတဲ့မြို့နယ်တွေနဲ့ တခြားမြို့နယ်တချို့မှာ စစ်ကောင်စီတပ်စခန်း တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာရှိပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောင်ပြို (လက်ဝဲ)၊ တောင်ပြို (လက်ယာ) စစ်ကောင် စီနယ်ခြားစောင့်စခန်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ဖြစ်ပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း မနေ့ညနေပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်းပြားမြို့အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ (၃၇၉) တပ်ရင်းမှ သိမ်းပိုက်ရရှိထားသည့် လက်နက်တချို့အား ရက္ခိုင့်တပ်တော် (AA)က ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့က ထုတ်ပြန်ထားစဉ်။ (Photo: AA Infodesk)

အဲဒီစခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီနယ်ခြားစောင့်တပ်သား အလောင်းအများအပြားနဲ့ လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းရမိသလို စစ်ကောင်စီတပ်သား နှစ်ရာကျော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ရမ်းဗြဲမြို့က စစ်ကောင်စီ တပ်စခန်းကိုတော့ ပြီးခဲ့တဲ့ဒီဇင်ဘာလကစလို့ ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ တိုက်ပွဲကြောင့် ရမ်းဗြဲမြို့ခံတစ်သောင်းကျော် မြို့လုံးကျွတ် ထွက်ပြေးနေကြရဆဲဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လူနေအိမ် ခြောက်ဆယ်ကျော် မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အခုလို ရခိုင် စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကမေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကိုလည်း RFA က မေးမြန်ထားဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတာ အချိန်သုံးလနီးပါးရှိနေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးဒဏ်ရာရတာတွေလည်း တိုးလာနေပါတယ်။

RFA ကပြုစုထားတဲ့စာရင်းတွေအရ ရခိုင်မှာ တိုက်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ဘေးကြောင့် သေဆုံးတဲ့အရပ်သား ၁၁၀ ကျော်နဲ့ ဒဏ်ရာရသူ ၂၅၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */