" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 5, 2024

စစ်တပ် ပစ်သောလက်နက်ကြီး ဘင်္ဂလားဒေ့ရှ်ဘက်ကျပြီး နှစ်ဦးသေ

Myanmar Now
ရောင်နီ
February 5, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်နိမိတ်အတွင်း မြန်မာစစ်တပ်၏ မော်တာကျည် ကျရောက်ပေါက်ကွဲကာ အသက် ၅၀ အရွယ် Husne Ara ဆိုသော အမျိုးသမီးတစ်ဦးနှင့် ၎င်းတို့ နေအိမ်တွင် အလုပ်လုပ်သော ရိုဟင်ဂျာတစ်ဦး သေဆုံးသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တောင်ပြို (လက်ဝဲ) နယ်ခြားစောင့်ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဆက် လက်တိုက်ခိုက်နေစဉ် စစ်ကောင်စီဘက်က ခုခံပစ်ခတ်ရင်း တစ်ဖက်နိုင်ငံအတွင်း မော်တာကျည် ကျရောက် ပေါက်ကွဲကာ လူ ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၅) မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်နမိတ်အတွင်း မြန်မာစစ်တပ်၏ မော်တာကျည် ကျရောက်ပေါက်ကွဲကာ အသက် ၅၀ အရွယ် Husne Ara ဆိုသော အမျိုးသမီးတစ်ဦးနှင့် ၎င်းတို့ နေအိမ်တွင် အလုပ်လုပ်သော ရိုဟင်ဂျာတစ်ဦး သေဆုံးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်အခြေစိုက် မီဒီယာတစ်ခုတွင် ဖော်ပြသည်။

ပြင်းထန်နေသော တိုက်ပွဲကြောင့် နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်ဘက်ကျေးရွာများမှ ဒေသခံများသည် တိမ်းရှောင်နေရသည်ဟုလည်း သိရသည်။

တောင်ပြို (လက်ဝဲ) နယ်ခြားစောင့်ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် AA ထံ လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာရမည်ဟု မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က အသိပေးထားသည်။

နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးရှိ စစ်ကောင်စီစခန်းနှစ်ခုကို AA က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ညနေကပင် ထိုးစစ်ဆင်ခဲ့ပြီး ယမန်နေ့ညနေ ၆ နာရီက တောင်ပြို (လက်ယာ) စခန်းသိမ်းနိုင်ခဲ့ကာ နှစ်ဖက်အကျအဆုံးရှိခဲ့သည်ဟုမြောက် ပိုင်းမဟာမိတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယမန်နေ့တွင် ရဲနှင့်စစ်သား ၁၀၀ နီးပါး လက်နက်များနှင့်အတူ နယ်စပ်ဖြတ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှ ၎င်းတို့တပ်ဖွဲ့ဝင်များကို ပြန်လည်ခေါ်ဆောင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr Hasan Mahmud က ထုတ်ဖော်ပြောသည်ဟု Dhaka tribune တွင် ဖော်ပြသည်။

“မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ကျွန်တော်တို့ သံအမတ်ကို ဆက်သွယ်တယ်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (BGP) အဖွဲ့ဝင်တွေကို ပြန်ခေါ်ဖို့ လိုလားတယ်။ သူတို့ကို ဘယ်လို ပြန်ပို့ပေးမလဲဆိုတာ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မြန်မာနယ်ခြားစောင့်ရဲများအနေဖြင့် နယ်စပ်ဖြတ်ကာ ပိုမိုဝင်ရောက်လာနိုင်သည်ဟုလည်း ဆိုသည်။

      ကော့ဘဇားတွင် ရှိသည့် ဆာဒါးဆေးရုံမှာ ဆေးကုနေသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – The Territorial News)

AA နှင့် တိုက်ပွဲဖြစ်ပြီးနောက် ဆုတ်ခွာလာရသော စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သား အနည်းဆုံး ၉၅ ဦးသည် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးဝင်ရောက်လာ၍ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က လက်နက်များဖြုတ်သိမ်းကာ ဘေးကင်းရာ ပို့ဆောင်ပေးထားရသည်။

ဖေဖော်ဝါရီ ၄ မွန်းလွဲပိုင်းတွင် မြန်မာနယ်ခြားစောင့် အဖွဲ့ဝင် ၅၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် ညနေပိုင်းတွင် ၆၈ ဦးအထိ ရှိလာပြီး တနင်္လာနေ့ နံနက်ပိုင်း (ဖေဖော်ဝါရီ ၅) နံနက်အထိ လူ ၉၅ ဦးအထိ ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ထုတ်ပြန်ထားသည်။

ထွက်ပြေးလာသော မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များအနက် ဒဏ်ရာရသူ ၁၅ ဦး ပါဝင်ပြီး ၎င်းတို့အနက် ၉ ဦးကို ကော့ဘဇားရှိ ဆာဒါးဆေးရုံမှာ ပို့ဆောင်ကုသထားဟုလည်း သိရသည်။

မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရန် ရာနှုန်းပြည့် သေချာနေသော စစ်စခန်းတချို့ကို အပြီးသတ်သိမ်းယူနိုင်ရေး AA က ဆက်လက်ထိုးစစ်ဆင်နေသည်ဟု မြောက်ပိုင်းအဖွဲ့က ဆိုသည်။

ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ရွှေလောင်းတင်ရွာအနီးတွင် မြစ်တွင်းသွားလာနေသည့် နေဗီ (စစ်ရေယာဉ်) နှင့် AA တို့ တိုက်ပွဲတစ်နာရီခန့်ကြာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီနေ့ ၁၂ နာရီလောက်က ရွှေလောင်းတင်၊ ကပ်ချောင်း၊ ကန်ပြင်ရွာနားမှာ တိုက်ပွဲဖြစ်တာ။ နေဗီ အသွားတစ်စီး၊ အပြန်တစ်စီးရှိတယ်။ အဲဒါတွေနဲ့ တိုက်ပွဲဖြစ်ကြတာ။ လေယာဉ်တစ်စီးလည်း ဝဲနေခဲ့တယ်။ ပစ်တော့မပစ်ခဲ့ဘူး။ ကျွန်မတို့တော့ ပုန်းခိုကျင်းမှာ ဝပ်နေရတယ်” ဟု ဆိုသည်။

Link  : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */