Friday, December 15, 2023

နိုင်ထက်စီးနင်း ပြုကျင့်ခံနေကြရသည့် ရိုဟင်ဂျာ ကလေး သတို့သမီးများ

မဇ္စျိမ
By ITV
14 December 2023

Photo-AFP

မြန်မာနိုင်ငံမှ အကြမ်းဖက်မှုနှင့် ငတ်မွတ်မှုများမှ ထွက်ပြေးလာကြသော အရွယ်မရောက်သေးသည့် ရိုဟင်ဂျာ မိန်းကလေးငယ် ၂၀ ကျော်ထက်မနည်းသည် အသက်ကြီး မလေးရှား အမျိုးသားများနှင့် အတင်းအကျပ် ထိမ်း မြားလက်ထပ် ခံရပြီး ယင်း အမျိုးသားများက ၎င်းတို့ကို ပုံမှန်ဆိုသကဲ့သို့ နိုင်ထက်စီးနင်းပြုကျင့်ကြသည်။

နေထိုင်ရာ အိမ်မှာပင် အကျဉ်းသားနှင့် မခြားသော ကလေးသတို့သမီး တော်တော်များများသည် ၎င်းတို့ ခင်ပွန်း သည်၏ လက်ဝယ်မှာပင် အဓမ္မပြုကျင့်ခံရခြင်းများနှင့် အခြားသော နိုင်ထက်စီးနင်းပြုကျင့်ခံရခြင်းများ ရင်ဆိုင် နေရကြောင်းကို ထုတ်ပြောလာကြသည်။

တော်တော်များများမှာလည်း မိခင်ဘဝအတွက် အဆင်သင့် မဖြစ်သေးသည့်ကြားမှပင် အတင်းအကျပ် ကလေး ယူစေခြင်း ခံကြရသည်။

၎င်းတို့အား ထိန်းချုပ်ထားသော ခင်ပွန်းသည်များသည် ၎င်းတို့ကို အပြင်ထွက်ခွင့် ခွင့်ပြုခဲသည်ဟု Associated Press က အင်တာဗျူးခဲ့သည့် မိန်းကလေးအားလုံးက ပြောဆိုကြသည်။

မလေးရှားသို့ လာရောက်ရာခရီးတွင် ရိုက်နှက်ခံရခြင်းနှင့် သားမယား ပြုကျင့်ခံရခြင်းများ ကြုံခဲ့ရသည်ဟု အချို့ က ပြောပြီး ငါးဦးမှာ ခင်ပွန်းသည်များ၏ နိုင်ထက်စီးနင်း ပြုကျင့်ခံရသည်ဟု ဆိုကြသည်။

“ဒါဟာ ကျွန်မ ဘဝပေးပါပဲ”ဟု မြန်မာစစ်သားများက နေအိမ်ကို မီးရှို့ပြီး အဒေါ်ဖြစ်သူကို သတ်ဖြတ်ခြင်းအား မျက်မြင်တွေ့ခဲ့ရသည့် အသက် ၁၆ နှစ်အရွယ် အက်ဖ်က ပြောသည်။ “ကျွန်မ အိမ်ထောင်ပြုဖို့ အသင့်မဖြစ်သေး ဘူး၊ ဒါပေမဲ့ ကျွန်မမှာ ရွေးစရာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိ၌ ခင်ပွန်းသည်၏ ပိတ်လှောင်ခံထားရသူ သူမက လွတ်လပ်ခွင့်ဆိုသည်ကို ဘယ်တုန်းကမှ မသိခဲ့ကြောင်း တမ်းတမ်းတတ ဆိုသည်။

“ရိုဟင်ဂျာတွေအတွက် ပျော်ရွှင်ဖွယ် အရပ် မရှိဘူး”ဟု သူက ပြောသည်။

ရိုဟင်ဂျာများကို တိုက်ခိုက်ခဲ့သည့် မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်က အစိုးရကို ဖြုတ်ချလိုက်၍ နေရပ်ရင်း ပြန် ရေးမှာ ရိုဟင်ဂျာများအတွက် အသက်ဘေးခြိမ်းခြောက်မှုသာ ဖြစ်တော့သည်။

ဒုက္ခသည် တော်တော်များများမှာလည်း မည်သည့်အရပ်ဆီမှ သွားလာနိုင်ခွင့် မရှိပေ။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာ သန်းချီကို နိုင်ငံသားဖြစ်ခွင့်နှင့် အလုပ်လုပ်ခွင့်များ ငြင်းပယ် ထားပြီး မည်သည့်နိုင်ငံကမျှလည်း ပြန်လည်နေရာချထားရေး အခွင့်အရေးများ ပေးလာခြင်း မရှိကြပေ။

အခြားသော အရေးကိစ္စများကိုသာ ကမ္ဘာ့စင်မြင့်တွင် အာရုံစိုက်နေကြခြင်းကြောင့် ရိုဟင်ဂျာများ၏ ဒုက္ခကို စိတ်ဝင်စားမှုများ ပါးလျလာခဲ့တော့သည်။

၂၀၁၅ ခုနှစ်အတွင်း ကပ္ပလီပင်လယ်ကို ဖြတ်သန်းသည့် လှေစီးဒုက္ခသည်များသည် အမျိုးသားများ အများစုဖြစ် ပြီး ပင်လယ်၌ ထောင်ပေါင်းများစွာ သောင်တင်ခဲ့ကြသည်။

သို့ရာတွင် ယခုနှစ်၌ ပင်လယ်ဖြတ် အသက်ရှင်သူ ရိုဟင်ဂျာ ၆၀ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးနှင့် ကလေး များ ဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီအရ သိရသည်။

တချိန်တည်းတွင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကြား စိုးရိမ်စရာ အကောင်းဆုံးမှာကလေးသူငယ်ထိမ်းမြား လက်ထပ်ခြင်း ဖြစ်သည်ဟု Save the Children အဖွဲ့က ပြောသည်။

“ကလေး မှောင်ခိုကူးမှုတွေ မြင့်တက်လာတာကို မြင်တွေ့နေရတယ်”ဟု Save the Children မှ အာရှရေးရာ ဒါရိုက်တာ ရှာဟန်းက ပြောသည်။

“မိန်းကလေးတွေဟာ ခုခံအား အနည်းဆုံးပဲ၊ ဒီလို မှောင်ခိုကူးမှာဟာ အရပ်တပါးမှာ ထိမ်းမြားလက်ထပ်ပေးတာ တွေနဲ့ ဆက်စပ်နေတယ်”ဟု ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */