" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 27, 2023

စစ်ကောင်စီနှင့်ညီနောင်မဟာမိတ်၃ဖွဲ့ဆွေးနွေးပွဲဘာကြောင့် သဘောတူညီချက် မရသလဲ

ဧရာဝတီ
by စောရယ်
27 December 2023

မူဆယ်မြိုနယ် ၁၀၅ မိုင် စီးပွားရေးဇုန်တွင့် တွေ့ရသည့် ညီနောင်မဟာမိတ် သုံးဖွဲ့

ရှမ်းမြောက်တိုက်ပွဲများအတွင်း မြို့များ အရေးပါသောစခန်းများ ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီသည်တရုတ်အကူအ ညီ ဖြင့် ညီနောင်မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် ၃ဖွဲ့နှင့် ယူနန်ပြည်နယ်၌ ဒုတိယအကြိမ် တွေ့ဆုံဆွေး နွေးကြသော်လည်း သဘောတူညီမှု တစုံတရာမရဘဲ အိမ်ပြန်ခဲ့ရကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် နီးစပ် သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ဆွေးနွေးပွဲသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၊ ကူမင်းမြို့တွင် ဒီဇင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ တရုတ်နိုင်ငံ ၏ အကူအညီနှင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်ကာ မြန်မာအမျိုးသား ဒီမိုက ရက်တစ် မဟာမိတ် တပ် (MNDAA) ၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ရက္ခိုင့် တပ်တော် (AA) တို့ဘက်က အတွင်းရေးမှူးများ တက်ရောက်ကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်က စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အကြား ပထမအကြိမ် ဆွေးနွေးရာ MNDAA နှင့် ဒီဇင်ဘာ ၂၀ရက်တိုင် အပစ်ရပ်ထားရန် သဘောတူညီချက်သာ ရခဲ့ပြီး ယခု ဒုတိယအကြိမ် ဆွေးနွေးပွဲ တွင်လည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထပ်မံ၍ တတိယအကြိမ် ဆွေးနွေးရန် ဆိုသည်ကလွဲ၍ မည်သည့် သဘောတူညီချက်မှ မရပေ။

အစည်းအဝေးနှင့် ပတ်သက်၍ သိရှိထားသော စစ်ရေးလေ့လာသူ မြန်မာနိုင်ငံသားတဦးက ဆွေးနွေးပွဲသဘော တူညီချက် မရသည့် အဓိကအကြောင်းရင်းမှာ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အကြား တပ်နေရာချ ထား ရေးနှင့် ပတ်သက်၍ ညှိမရခြင်းဖြစ်ကြောင်း ဆိုသည်။

၎င်းက “စစ်တပ်ကလည်း ကိုးကန့်တို့ TNLA တပ်တွေ ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်မှာ ရပ်နေတာကို လက်မခံ ဘူး။ မြောက်ပိုင်း ၃ ဖွဲ့ကလည်း သူတို့သိမ်းထားတဲ့နယ်မြေတွေကနေ ဖယ်မပေးနိုင်ဘူး။ အဓိကက တော့ အဲဒါ ညှိမရတာ။ ရှမ်းပြည်မြောက်ပိုင်းမှာ TNLA တောင်းဆိုတဲ့ တအာင်းပြည်နယ်ပဲ ဖြစ်ဖြစ်။ ကိုးကန့်က တောင်းဆိုတဲ့ အထူးဒေသ (၁) အုပ်ချုပ်ခွင့်ကို စစ်တပ်ဘက်က မလိုက်လျောနိုင်ဘူး” ဟု ဆိုသည်။

ပထမအကြိမ်ဆွေးနွေးပွဲအရ တရုတ်နိုင်ငံ၏ ဖိအားကြောင့် MNDAA က အပစ်ရပ်လိုက်ရသော်လည်း စစ်ကောင်စီတပ် သည် အဝိုင်းခံနေရသည့် လောက်ကိုင်မြို့သို့ တပ်မ ၅၅ လက်အောက်ခံတပ်ရင်းအချို့ ကို စစ်ကူပို့ခဲ့သလို လောက်ကိုင်မြို့ ဝန်းကျင်ကိုလည်း ဒီဇင်ဘာ ၁၈ ရက်မှ ၂၄ ရက်ထိ လေကြောင်းတိုက်ခိုက်မှု ၄၉ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ရာ MNDAA နှင့် အပစ်အခတ်ရပ်စဲမှုမှာ တာရှည်မခံလိုက်ဘဲ ပျက်ပြယ်သွားသည်။

လက်ရှိ လောက်ကိုင်တွင် မြေပြင်တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ကိုးကန့်နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀ ခန့် MNDAA ထံ လက်နက်ချထားသည်။

MNDAA သည် လောက်ကိုင်မြို့ထဲရှိ စစ်ကောင်စီရဲစခန်းကို သိမ်းပိုက်ထားသလို မြို့ဧရိယာ ၃ ပုံ ၂ ပုံခန့်ကို ဝင်ရောက် နေရာ ယူနေပြီဖြစ်ကြောင်း Tik Tok လူမှုကွန်ရက်တွင် တက်လာသည့် MNDAA နှင့် နီးစပ်သူများ တင်သော ရုပ်သံဖိုင် အရသိရသည်။

TNLA နှင့် AA တို့ကမူ ပထမအကြိမ်ဆွေးနွေးပွဲပြီးကတည်းက စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲမှု မလုပ်ခဲ့သလို လက်ရှိ ဒုတိယအကြိမ်ဆွေးနွေးပွဲပြီးသည့် ကာလတိုင်အောင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့၌ စစ်ကောင်စီတပ်ကို ဆက်လက် တိုက်ခိုက်နေသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နမ့်ခမ်း ၊ နမ့်ဆန် ၊ မန်တုံ နှင့် မိုင်းလုံမြို့များကို သိမ်းပိုက်ထိန်းချုပ် ထားပြီး စစ်ကောင်စီစခန်းအကြီးအသေးစုစုပေါင်း ၆၀ ထက်မနည်းကို သိမ်းပိုက်ထားသည်။

ဒုတိယအကြိမ်ဆွေးနွေးပွဲပြီးသည့်နောက် BBC နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် TNLA အထွေထွေအတွင်းရေး မှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဆွေးနွေးပွဲအကြောင်း တိုက်ရိုက်မဖြေသော်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ အပေါ် တရုတ်၏ ဖိအားများရှိနေကြောင်း ပြောသွားသည်။

“တရုတ်က သူ့ရပ်တည်ချက်အတိုင်းပဲ သူရပ်တည်တယ်။ ကျနော်တို့ကို နယ်စပ်ဒေသတည်ငြိမ်ရေး ၊တိုက်ပွဲတွေ တအား မပြင်းထန်လာဖို့၊ အခုတိုက်ပွဲတွေ တအားပြင်းထန်လာတဲ့အခါမှာ တိုက်ပွဲရပ်ဖို့ ဖိအားပေးတာတွေ ရှိပါ တယ်။ အဲဒီအနေ အထားကို ကျနော်တို့ ၃ ဖွဲ့ရော ကျန်တဲ့သူရော ဘယ်လိုကျော်လွှားကြမလဲ။ နည်းလမ်းရှာနေ ကြပါတယ်။ ကျနော်တို့ရဲ့ အခြေအနေ နားလည်နိုင်အောင် နည်းလမ်းရှာပြီး တင်ပြ ဆွေးနွေးနေပါတယ်” ဟု BBC နှင့် အင်တာဗျုးတွင် ၎င်းက ဆိုသည်။

ဗိုလ်မှူးချုပ်တားဘုန်းကျော်၏ ပြောဆိုချက်အရ ဆိုလျှင် ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင် တိုက်ပွဲကြောင့် တ ရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်မည်မဟုတ်ဟု ပိုမိုအာမခံခြင်းများ လုပ်လာဖွယ်ရှိကြောင်း ရှမ်းမြောက်ဒေ သ စစ်ရေးလေ့လာသူ မြန်မာနိုင်ငံသားသုတေသီက သုံးသပ်သည်။

“သူတို့ကတော့ မလွဲမရှောင်သာ စစ်တိုက်ရတဲ့အကြောင်းကို တရုတ်ပြည်ကို ပြောပြဖို့ရယ်၊ စစ်ပွဲတွေက တရုတ် နယ်စပ်ကို မထိခိုက်ဖို့ရယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ မထိခိုက်ဖို့ အာမခံဖို့ ရယ်၊ အဲဒါကို ကြိုးစား မယ် ထင်တယ်” ဟု သူကဆိုသည်။

အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ မြန်မာအစီအစဉ်ဆိုင်ရာဒါရိုက်တာဂျေဆင်တာ ဝါ ကလည်း တရုတ်နိုင်ငံသည် ဆွေးနွေးပွဲများတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အကြား ပြေလည်မှု မရနိုင် သည်ကို တွက်ဆထားပြီးဖြစ်နိုင်ကြောင်းဆိုသည်။

၎င်းက “အထူးသဖြင့် ဒီဆွေးနွေးပွဲဟာ တရုတ်ရဲ့ဖိအားကို တုံ့ပြန်တဲ့အနေနဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့က အစည်း အဝေးကို လာတက်တာပါ။ တရုတ်အတွက် ရှင်းလင်းနေတာကမြန်မာစစ်တပ်ဟာကိုးကန့်အပါအဝင်တနိုင်ငံလုံး မှာ ရှိတဲ့ ငွေလိမ် ဂိုဏ်းတွေကို နှိမ်နင်းဖို့နဲ့ MNDAA ကိုကိုးကန့်ဒေသလွှဲပြောင်းပေးဖို့နိုင်ငံရေးဆန္ဒကင်းမဲ့နေတယ် ဆိုတဲ့ အချက်ပဲ ဖြစ် တယ်” ဟု ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အကြား သဘောတူညီချက်မရခြင်းဖြစ်ပြီး တရုတ်အနေနှင့် ၎င်း၏ အကျိုးစီပွားများ ပိုမိုလုံခြုံစေရန် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ကို ပိုမိုဖိအားပေးလာဖွယ် ရှိကြောင်း ဒါရိုက်တာ ဂျေဆင်တာဝါက ဆိုသည်။

စစ်ရေးလေ့လာသူ မြန်မာနိုင်ငံသားသုတေသီတဦးကမူ စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်  တွေ့အားဖြင့် စစ်ရှုံးနေသော်လည်း အရှုံးကိုလက်မခံဘဲ အပေါ်စီးမှ ဆွေးနွေးသဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် သဘောတူညီ ချက်မယူ နိုင်ခြင်းဖြစ်ကြောင်း ထောက်ပြသည်။

၎င်းက “သူတို့ကိုယ်ကို စစ်မရှုံးဘူးလို့ စစ်တပ်က ထင်နေတာ။ သူတို့ စစ်တပ်နဲ့ စစ်တပ်လော်ဘီတွေက သူတို့ ပြန်တိုက်ရင် ရတယ်လို့ ထင်နေကြတယ်။ အဲဒါကြောင့် ဆွေးနွေးလို့မရဘူး။ စစ်ကောင်စီကတော့ အသားကုန် ရုန်းဦးမှာပဲ။ ရုန်းရင်းရုန်းရင်းနဲ့ လောက်ကိုင်တင် မကဘူး။ မူဆယ်နဲ့ လားရှိုးပါ ဒုက္ခရောက်လိမ့်မယ်ထင်တယ်” ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ သေချာသည်က အာဏာသိမ်းစစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့တို့အကြား နိုင်ငံရေးနှင့် စစ်ရေးအရ သဘောတူညီချက် တစုံတရာမရသဖြင့် နှစ်ဖက်အင်အားစုများအကြား စစ်ရေးဖြင့် ဖြေရှင်းမှုများ ဆက်ရှိနေမည်သာဖြစ်သည်။

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */