" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 12, 2023

၁၂ ရက်အကြာတွင် ကွမ်းလုံကို အပြီးသိမ်းနိုင်ဟု MNDAA ထုတ်ပြန်

 ဧရာဝတီ
MNDAA သိမ်းပိုက်ထားသည့် ကွမ်းလုံမြို့နှင့် စစ်တပ်စခန်းတခု/MNDAA

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ရေးအရ ဗျူဟာကျသော ကွမ်းလုံမြို့ကို ၁၂ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီး နောက် ယနေ့ နံနက် ၁၀ နာရီခန့်တွင် အပြီးသိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် ( MNDAA )က ထုတ်ပြန်သည်။
MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ကိုရန်ရန်က “မြို့တမြို့လုံးကို ကျနော်တို့ သိမ်းပိုက်လိုက်ပါပြီ။ သံလွင်မြစ် အ ရှေ့ဘက်ခြမ်းရော ၊ အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာကုန်း ၊ တပ်စခန်းအားလုံးကို ပိုင်ပိုင်နိုင်နိုင် သိမ်းပိုက်လိုက်ပြီ ” ဟု ဧရာဝတီသို့ အတည်ပြုပြောသည်။ 
 
သံလွင်မြစ် အရှေ့ဘက်ခြမ်း ကွမ်းလုံမြို့ရှိရာနေရာဒေသများကို နိုဝင်ဘာ ၁ ရက်မှစကာ ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ပြီး နိုဝင်ဘာ ၂ ရက်မှာပင် ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း၊ အနောက်ဘက်အခြမ်းကိုမူ မဟာမိတ်ပူးပေါင်းတပ် ဖွဲ့သည် နိုဝင်ဘာ ၆ ရက်မှစတင်ကာ တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။
MNDAA သိမ်းပိုက်ထားသည့် ကွမ်းလုံမြို့နှင့် စစ်တပ်စခန်းတခု/MNDAA
 
MNDAA ၏ ထုတ်ပြန်ထားသည့် ကွမ်းလုံမြို့ကို သိမ်းပိုက်ထားနိုင်သော ဗီဒီယိုဖိုင်အတွင်း ကွမ်းလုံမြို့ရှိ စစ် ကောင်စီတပ်၏ ဌာနချုပ်တခုကို ပူးပေါင်းတပ်ဖွဲ့များက စီးနင်းထားပြီး သံချပ်ကားများ၊ စစ်ဘက်သုံး မော်တော် ယာဉ်များနှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိထားကြောင်း တွေ့ရသည်။
MNDAA သိမ်းပိုက်ထားသည့် ကွမ်းလုံမြို့နှင့် စစ်တပ်စခန်းတခု/MNDAA
 
“၁၀၂၇ စစ်ဆင်ရေး”အဖြစ် ညီနောင်မဟာမိတ်တပ်များအနေဖြင့် စစ်ရေးဗျူဟာအရ အရေးပါသည့် ကွမ်းလုံ မြို့အား မြောက်ဘက်နှင့် တောင်ဘက်သို့ ထိုးစစ်ဆင်ခဲ့ပြီး အရှေ့ဘက်ရှိ ဟိုပန်၊ နန့်တိန်းချောင်း တံတားကို လည်း ယခင်ရက်များကတည်း ချိုးဖျက်ထားသည်။
 
ကွမ်းလုံမြို့သည် အရေးကြီးနေရာ ဖြစ်သောကြောင့် ကွမ်းလုံဗျူဟာနှင့် အဖွဲ့များက ပြင်းပြင်းထန်ထန် ခုခံ လျှက်ရှိကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News သို့ နိုဝင်ဘာ ၁၀ ရက်က ပြန်လည် ဖြေကြားထားသည်။

ကိုးကန့်ဒေသထိန်းချုပ်ရေးအတွက် အဓိက အရေးပါသည့် ကွမ်းလုံမြို့နှင့် ပတ်သက်၍ ယခင် ဗမာပြည်ကွန် မြူနစ်ပါတီ လက်ထက်ကလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ဖူးသလို “ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ” မှာနာမည်ကျော် ခဲ့ပြီး ယခုအခါ ၁၂ ရက်ဖြင့် ကွမ်းလုံမြို့ကို စစ်တပ်က လက်လွှတ်ဆုံးရှုံးရပြီ ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */