" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 13, 2023

ဒေးဗစ်ကင်မရွန်း ယူကေ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာ

BBC
၁၃ နိုဝင်ဘာ ၂၀၂၃, 


ဗြိတိန်မှာ နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် အရင်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်း ဖြစ်လာပါ တယ်။

ဝန်ကြီးချုပ် ရီရှီဆူးနက်က ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာတွေအပြောင်းအလဲ လုပ်ရာမှာ ရှေ့တန်းနိုင်ငံရေးကနေ ပျောက်ကွယ်နေတဲ့ မစ္စတာ ကင်မရွန်းပါဝင်လာတာ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလယ်ဗာလီကတော့ ရာထူးကဖယ်ရှားခံရတဲ့ ပြည်ထဲရေးဝန်ကြီး ဆွယ်လာ ဘရော့ဗာမန်းနေရာကို ရောက်သွားပါတယ်။

ပြည်ထဲရေးဝန်ကြီးဟာ ယူကေမှာ ပါလက်စတိုင်းဆန္ဒပြသူတွေအပေါ် ရဲရဲ့ ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ ဝေဖန်ပြစ်တင်ပြီးနောက် အငြင်းအခုန်ဆွေးနွေးပြောဆိုစရာဖြစ်ခဲ့ပြီးသူ့ ရာထူးက ဖယ်ရှားခံရတာပါ။

မစ္စတာ ကင်မရွန်းဟာ ၂၀၁၆ ခုနှစ်တုန်းက Brexit -ဘရက်ဇစ် ဆန္ဒခံယူပွဲအပြီး ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

မစ္စတာကင်မရွန်းက သူဟာ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ၁၁ နှစ်နဲ့ ဝန်ကြီးချုပ်အဖြစ် ၆ နှစ် လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံတွေကနေ လက်ရှိဝန်ကြီးချုပ်ကို ကူညီပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည် ကြောင်း လူမှုကွန်ရက် X မှာ ရေးခဲ့ပါတယ်။

ဗြိတိန်မှာ ၂၀၂၅ ဇန်နဝါရီကျရင် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိပြီး လက်ရှိအာဏာရ ကွန်ဆာ ဗေးတစ်ပါတီက နိုင်ခြေနည်းနေတယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းကြပါတယ်။

ဘဝနောက်ခံ ပြည့်စုံခဲ့တဲ့ ဒေးဗစ် ကင်မရွန်ဟာ ခေတ်မီရေး ပြုပြင် ပြောင်းလဲသူ အဖြစ် ကွန်ဆာဗေး တစ် ပါတီရဲ့ ခေါင်းဆောင် ဖြစ်လာ ခဲ့ပြီးနောက် သူ့ပါတီကို ပထမဆုံးအကြိမ်အစိုးရအဖွဲ့ထဲ ရောက် အောင် ပို့ဆောင်ပေးခဲ့သူ ဖြစ်ခဲ့ပါတယ်။

သူဟာ အီတန် ကျောင်းနဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပြီး၊ အောက်စ်ဖို့ဒ်က သူ့ရဲ့ ဆရာ ဗာနွန် ဘော့ဂ်ဒနာ ကတော့ မစ္စတာ ကင်မရွန်းဟာ သူသင်ဖူးသမျှ ကျောင်းသားတွေထဲမှာ အ တော်ဆုံးတွေထဲက တစ်ယောက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မစ္စတာ ကင်မရွန်း ကျောင်းပြီးချိန်မှာ ကွန်ဆာဗေးတစ် ပါတီအတွက် လုပ်ငန်းအချို့ကို ဆောင်ရွက်ခဲ့ ပြီး အဲဒီ အထဲမှာ ဝန်ကြီးချုပ် ဂျွန်မေဂျာအတွက် ပါလီမန်တွင်း မေးခွန်းတွေကို ပြင်ဆင်ပေးတဲ့ အလုပ်၊ ဘဏ္ဍာရေး ဝန်ကြီး တစ်ယောက်နဲ့ ပြည်ထဲရေး ဝန်ကြီး တစ်ယောက် တို့ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် စတဲ့ အလုပ်တွေ ပါဝင်ခဲ့ပါတယ်။

သူဟာ ၁၉၉၇ ခုနှစ်မှာ စတက်ဖို့ဒ် မဲဆန္ဒနယ်ကနေ လွှတ်တော် အမတ်အဖြစ် ဝင်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့ပြီး၊ ၂၀၀၁ ခုနှစ် ရွေးကောက်ပွဲမှာတော့ အောက်ဖို့ဒ်ရှိုင်းယားက ဝစ်တနီ မဲဆန္ဒနယ်ရဲ့ လွှတ်တော်အမတ် အဖြစ် ရွေးကောက် ခံခဲ့ရပါတယ်။ လွှတ်တော်ထဲ ရောက်ခဲ့ပြီးနောက် မစ္စတာ ကင်မရွန်းဟာ အတိုက် အခံ နောက်တန်း နေရာမှာ ရှိစဉ်ကတည်းက နိုင်ငံရေး ဆိုင်ရာ ပင်ကိုယ် ဗီဇ အချို့ကို ပြသခဲ့ပါတယ်။

နောက် ၂ နှစ် အကြာမှာပဲ ကင်မရွန်းဟာ လွှတ်တော်တွင်းက ကွန်ဆာဗေးတစ် အတိုက်အခံ နေရာရဲ့ ရှေ့တန်းခုံကို ရောက်လာခဲ့ပြီး၊ အဲဒီနောက် မကြာမီမှာ အတိုက်အခံ ဝန်ကြီးအဖွဲ့ (shadow cabinet) ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအချိန်က ပါတီ ခေါင်းဆောင် မိုက်ကယ် ဟောင်းဝပ်နဲ့ သူ့အဖွဲ့က ၂၀၀၅ ရွေးကောက်ပွဲ မှာ ကွန်ဆာဗေးတစ် ပါတီအတွက် အောင်မြင်မှုကို ယူဆောင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

ရွေးကောက်ပွဲ ပြီးနောက် ပြုလုပ်တဲ့ ပါတီ ခေါင်းဆောင် ရွေးပွဲမှာတော့ မစ္စတာ ကင်မရွန်း အနိုင်ရခဲ့ပြီး ကွန်ဆာဗေးတစ် ပါတီရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် သူဟာဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် ဘရက်ဇစ်ကြောင့်နုတ်ထွက်ခဲ့ပေမဲ့ အခုတော့ နိုင်ငံခြားရေးဝန်ကြီးပြန်ဖြစ်လာခဲ့တာပါ။

ဒေးဗစ်ကင်မရွန်းဟာမြန်မာနိုင်ငံကိုသူဝန်ကြီးချုပ်ဘဝကလာရောက်ခဲ့ဖူးပြီး လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသူတစ်ဦးလည်းဖြစ်ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */