" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 12, 2023

လောက်ကိုင်ကို တရုတ်အထူးတပ်ဖွဲ့ဝင်ရောက်

BBC
၁၂ နိုဝင်ဘာ ၂၀၂၃,

မြန်မာဘက်ကနေ တရုတ်ကိုလွှဲတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်နေသူတွေ(ပုံဟောင်း)

လောက်ကိုင်မြို့မှာ ခိုအောင်းနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကို နှိမ်နင်းဖို့ တရုတ်နိုင်ငံရဲ့ အထူးတပ်ဖွဲ့တွေကို မြန်မာနိုင်ငံထဲ ပထမဆုံးခြေချခွင့်ပြုလိုက်ပြီလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

နှစ်နိုင်ငံကြားမှာ အရင်တုန်းက နယ်နိမိတ် တိုင်းတာရေး၊ နယ်ခြားစောင့်တပ်များအစည်းအဝေး နဲ့ ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ်တွေ ရှိခဲ့ပေမဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ကြုံရနိုင်တဲ့ ဒီလို နှစ်နိုင်ငံအထူးစစ်ဆင်ရေးမျိုး အရင်ကမရှိခဲ့ပါဘူး။

ဒီလိုနှစ်နိုင်ငံပူးပေါင်းနှိမ်နင်းဖို့ မကြာခင်ကမြန်မာနိုင်ငံကိုရောက်လာတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် ပြည်သူ့ လုံခြုံရေးဝန်ကြီး နဲ့ စစ်ကောင်စီကြားမှာ သဘောတူခဲ့သလို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်း အဝေးမှာလည်း တင်ပြခဲ့တယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

အထူးတပ်ဖွဲ့တွေ ဝင်ရောက်မယ့်ရက်ကို နှစ်နိုင်ငံလုံးက လျှို့ဝှက်ထားပေမဲ့ ဘီဘီစီရဲ့ စုံစမ်းမှုအရ ဒီစစ်ဆင်ရေး ဟာ ဒီရက်ပိုင်းအတွင်းမှာပဲ စတင်ခဲ့ပြီဖြစ်ပါတယ်။

ကျားဖြန့် စစ်ဆင်ရေး

လောက်ကိုင်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကို နှိမ်နင်းဖို့ တရုတ်အထူးတပ်ဖွဲ့တွေကိုခြေချခွင့်ပြု

တရုတ်မြန်မာနယ်စပ်မျဉ်းမှာ တရုတ်ဘက်ကနေ လောက်ကိုင်မြို့ထဲကို ဝင်မယ့် အထူးတပ်ဖွဲ့ ယာဉ်တန်းက အသင့်ရှိနေတယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပြီး ဘယ်အချိန်ဝင်ပြီး ဘယ်အချိန်ပြန် ထွက်တယ် ဆိုတဲ့ အချက်အလက်တွေကတော့ လျှို့ဝှက်ချက်ဖြစ်လို့သူကမပြောပါဘူး။

ဒါပေမဲ့ ဒီအထူးတပ်ဖွဲ့ဟာ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့် )တွေရှိတဲ့ ဟိုတယ်ဝင်းတချို့ကို တော့ ဝင်ရောက်စီး နင်းမှုတွေ လုပ်နေသလို စီမံချက်ကာလကမပြီးဆုံးသေးဘူး လို့ ပြောပါတယ်။

‘’မြန်မာဘက်က အတော်လေး စိုးရိမ်တာက တရုတ်တွေ တစ်ခုခုဖြစ်သွားမှာကိုပဲ’’ လို့ ဒီစစ်ဆင်ရေးအကြောင်း သိတဲ့ အရာရှိကြီးက ဘီဘီစီကို ပြောပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာလည်း ကိုယ်ပိုင်လက်နက်ကိုင်တပ်တွေရှိလို့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနိုင် တယ်လို့ မှန်းဆထားပေမဲ့ နိုဝင်ဘာ ၁၂ ရက်အထိ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တယ်လို့ မကြားရသေးပါဘူး။

အရင်ကာလတွေတုန်းက အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ဖူးလို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ကလည်း ဒီလိုဖြစ်ရပ်ကို ထပ်အဖြစ်မခံနိုင်တော့ဘဲ တုန်လှုပ်ချောက်ချားနေတယ် လို့ ဘီဘီစီရဲ့ သတင်းအရင်း အမြစ်ကပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်က လောက်ကိုင်မြို့မှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတစ်ခုအတွင်းမှာ တရုတ်နိုင်ငံသားတချို့ ထိ ခိုက်သေဆုံးခဲ့တဲ့ အခြေအနေကို ချက်ချင်းစုံစမ်းပေးဖို့ ယူနန်ပြည်နယ်၊ လင်ချန်းမြို့၊ နိုင်ငံခြားရေးရာရုံးက ကိုး ကန့်ဦးစီးအဖွဲ့ကို ဖိအားပေးထားပါတယ်။

ဘီဘီစီက ရရှိခဲ့တဲ့ လင်ချန်းမြို့၊ နိုင်ငံခြားရေးရာရုံးက ကိုးကန့်ဦးစီးအဖွဲ့ကိုပို့တဲ့ စာမှာ ‘’ဒေသခံ တရုတ်နိုင်ငံသား တွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အသက်ဘေးကင်းရေးသေချာစေမယ့် အစီအမံတွေ ဆောင်ရွက်ပေးဖို့’’ တရုတ်ဘက်က အလေးအနက် တောင်းဆိုထားတာ တွေ့ရပါတယ်။

လောက်ကိုင်က ထင်ရှားတဲ့ မြီ မိသားစု ပိုင်တဲ့ ဟိုတယ်ဝင်းထဲမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို ဖြေရှင်းပေးဖို့ အာဏာပိုင် တွေ ကိုသာမကဘဲ ပိုင်ရှင် မြီရှောက်ချန်ကိုပါ တရုတ်ကတိုက်တွန်းထားပါတယ်။

အခုတော့ မြီမိသားစုကိုပါ တရုတ်နိုင်ငံဘက်က ဖမ်းဝရမ်းထုတ်လိုက်ပြီး သူတို့ရဲ့ စိတ်ရှည်သည်းခံမှု ကုန်ဆုံးပြီ ဆို တာကို ပြသလိုက်ပါတယ်။

 
လောက်ကိုင်မြို့ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအမတ်ဟောင်း ဦးမြီရှောက်ချန်း

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ဆက်နွှယ်ပြီး ‘ဝ’ တပ်ဖွဲ့ UWSA က အရာရှိနှစ်ဦး ကိုလည်း တရုတ်ဘက်က ဖမ်း ဝရမ်းထုတ်ထားပြီး အခုတော့ လောက်ကိုင်က ထင်ရှားတဲ့လုပ်ငန်းရှင်တွေကိုပါ ဝရမ်းထုတ်လာတာ ဖြစ်ပါတယ်။

လောက်ကိုင်မြို့ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအမတ်ဟောင်း ဦးမြီရှောက်ချန်း၊သူ့ရဲ့သား မြီကော် ဖျင်၊ သမီးဖြစ်သူ မြီကျူးလန့်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်းအထိ ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်ပါတယ်။

ဦးမြီရှောက်ချန်း ဟာ ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် ရဲ့ တပည့်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့သတင်းကိုပေးရင် ယွမ် ၁ သိန်း ကနေ ၅ သိန်း အထိ ဆုငွေချီးမြှင့်မယ်လို့ တရုတ်ဘက်က ထုတ်ပြန် ပါ တယ်။

တရုတ်နိုင်ငံက ကုန်စည်ပြပွဲကိုသွားရောက်ရင်းအဖမ်းခံရတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက်ထဲ မြီ အိမ်က သားမက်လည်း ပါဝင်ပြီး အခုဝရမ်းထုတ်ခံရတဲ့ မြီကျူးလန့်ရဲ့ ခင်ပွန်းဖြစ်ပါတယ်။

တရုတ်ဘက်က သူတို့ဖမ်းထားတဲ့ ကိုးကန့်လုပ်ငန်းရှင်တွေကို စစ်ဆင်ရေးစတင်ချိန်မှာ အချိန်ကိုက် ထုတ်ပြခဲ့ပြီး လောက်ကိုင်မှာ ကျားဖြန့်လုပ်နေတဲ့ တရုတ်လူမျိုးတွေကို တရုတ်အစိုးရ ဆီ လွှဲပေးဖို့ သတင်းစကားပါးခိုင်းတာ ဖြစ်ပါတယ်။

တရုတ်က ဖမ်းထားတဲ့ လုပ်ငန်းရှင်တွေကို ပထမဆုံးထုတ်ပြ
တရုတ်ဘက်က ဖမ်းထားတဲ့ လျိုမိသားစုဝင် ဦးမောင်မောင်

တရုတ်နိုင်ငံက ကုန်စည်ပြပွဲတစ်ခုကို ဖိတ်ခေါ်ပြီး ဖမ်းဆီးထားတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးထဲက အချမ်းသာ ဆုံး သုံးဦး ကို တရုတ်နိုင်ငံက နိုဝင်ဘာ ၁၁ ရက် ညပိုင်းမှာ ရုပ်သံကတဆင့် ထုတ်ပြခဲ့ပါတယ်။

အောက်တိုတာ ၁ ရက် ကတည်းက အဖမ်းခံထားရပြီး သတင်းအစအန ပျောက်ဆုံးနေသူတွေကို ဒီစစ်ဆင်ရေး ကာလမှာ ပထမဆုံးထုတ်ပြခဲ့တာ ဖြစ်ပြီး လောက်ကိုင်မြို့က အချမ်းသာဆုံးမိသားစု လေးစုထဲက မိသားစုဝင် သုံးယောက်ကို ထုတ်ပြတာ ဖြစ်ပါတယ်။

လောက်ကိုင်မြို့က အချမ်းသာဆုံးမိသားစု လေးစုက ဖူလီလိုက် လုပ်ငန်းစုကို ပိုင်တဲ့ လျို မိသားစု၊ ဟိန်းလီ လုပ် ငန်းစုကိုပိုင်တဲ့ ဝေ မိသားစု၊ ယွီရှန်ကုမ္ပဏီအုပ်စုကိုပိုင်တဲ့ မြီ မိသားစု နဲ့ ပယ်စိမ်း လုပ်ငန်းစုကိုပိုင်တဲ့ ပယ် မိ သားစုတို့ပဲ ဖြစ်ပါတယ်။

ပယ်မိသားစုကတော့ အဲဒီကုန်စည်ပြပွဲကို မလိုက်သွားခဲ့လို့အဖမ်းခံရတဲ့အထဲမပါသွားပါဘူး။

လျိုမိသားစုက ဦးမောင်မောင်၊ ဝေ မိသားစုက ဦးဝေဖြိုးအောင် နဲ့ မြီမိသားစုက ဦးရန်လောက်ဟွာတို့ အဖမ်းခံခဲ့ ရပြီး သူတို့ကုမ္ပဏီတွေနဲ့ ဟိုတယ်ဝင်းတွေထဲမှာ ကျားဖြန့်လုပ်ငန်းတွေရှိတယ်လို့ တရုတ်ပြည်သူ့ လုံခြုံရေးဝန် ကြီး ဌာနက ယုံကြည်နေပါတယ်။

သူတို့ သုံးဦးရဲ့ ပြောဆိုချက်တွေကို ရုပ်သံနဲ့တကွ တရုတ်ဘက်ကထုတ်ပြခဲ့တာဖြစ်ပြီး ကျားဖြန့်လုပ်နေ တဲ့ တရုတ်တွေကိုအပ်ဖို့နဲ့ ဖမ်းဆီးမှုတွေကို ပြန်မတုံ့ပြန်ဖို့ သူတို့ရဲ့မိသားစုဝင်တွေကို သတိပေးထားတာဖြစ်ပါတယ်။

‘’ တကယ်လို့ ကိုယ့်ပိုင်နက်ဧရိယာဝန်းထဲမှာ အပြန်အလှန်ပစ်ခတ်ရင်း တရုတ်နိုင်ငံသားတွေ ထိခိုက်သေဆုံး ခဲ့ ရင် တရုတ်အစိုးရက သေချာပေါက် ပြန်ပေးဆပ်ခိုင်းပါလိမ့်မယ်’’ လို့ ဦးမောင်မောင်က ဗီဒီယိုဖိုင်ကတဆင့် ပြော ခဲ့ပါတယ်။

ဦးမောင်မောင် ဟာ မြန်မာအစိုးရအဆက်ဆက် နဲ့ပေါက်ရောက်တဲ့ ကိုးကန့်လုပ်ငန်းရှင်ဖြစ်ပြီး ကုန်းကြမ်းမြို့နယ်၊လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်ပါတယ်။

ဒီတစ်ခေါက်ဖြစ်ပွားနေတဲ့ အရေးကြီးတဲ့ အခင်းအကျင်းဟာ ဘယ်တုန်းကမှနဲ့မတူဘဲ မိသားစုဝင်တွေရဲ့ အသက် အန္တရယ်အတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်ပြီး စည်းစိမ်ဥစ္စာတွေလည်း လက်ရှိဖြစ်နေတဲ့ တိုက်ပွဲနဲ့အတူ ပျက်စီးသွားနိုင်တယ်လို့ အဖမ်းခံထားရသူသုံးဦးလုံးက ရုပ်သံကတဆင့် မိသားစုဝင်တွေကို သတိပေးကြပါတယ်။

အွန်လိုင်းလိမ်လည်မှု(ကျားဖြန့် )ကြောင့် တရုတ်ပြည်သူတွေရဲ့ မိသားစုတွေ ပြိုကွဲခဲ့ရပြီး တရုတ်ပြည်သူများ စွာရဲ့ ပိုင်ဆိုင်မှုတွေလည်း ဆုံးရှုံးခဲ့ရတယ် လို့ သူတို့က ပြောပါတယ်။

နောက်ဆုံးပစ်မှတ် လောက်ကိုင် 

မြန်မာဘက်ကနေ တရုတ်ကိုလွှဲတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်နေသူတွေ(ပုံဟောင်း)

တရုတ်အစိုးရဟာကျားဖြန့်နှိမ်နင်းရေးအတွက် စစ်ကောင်စီကိုရော တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက် ကိုင် တွေကိုပါ တောက်လျှောက်ဖိအားပေးခဲ့ပါတယ်။

အထူးဒေသ (၄) မိုင်းလား နယ်မြေ၊ အထူးဒေသ (၂) ဝ နယ်မြေ၊ နဲ့ အထူးဒေသ (၁) ကိုးကန့် နယ်မြေ တွေကို ဆက်တိုက်ဖိအားပေးလာတာဖြစ်ပါတယ်။

မိုင်းလားရဲ့ ပူးပေါင်းဆောင်ရွက်ပုံကို တရုတ်က ကျေနပ်ဟန်ရှိပြီး ပြဿနာတစ်စုံတစ်ရာ ကျယ်ကျယ်လောင် လောင် မကြားခဲ့ရပါဘူး။

ဝ နယ်မြေက ကျားဖြန့်နှိမ်နင်းရေးကတော့ လှုပ်လှုပ်ခပ်ခပ်ရှိခဲ့ပြီး ဝ တပ်ဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက် ကို တရုတ်က ဖမ်းထားသလို နှစ်ယောက်ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကလည်း သူတို့နယ်မြေထဲကကျားဖြန့် နဲ့ပတ်သက်တဲ့ တရုတ် လူမျိုး ထောင်ကျော် ကို တရုတ်ဘက်ကို လွှဲပေးခဲ့ပါတယ်။

ကိုးကန့်ဒေသကို ဦးတည်တဲ့ ကျားဖြန့်နှိမ်နင်းရေးကာလမှာတော့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင် ရေးကလည်း တိုက်ဆိုင်စွာပေါ်ပေါက်လာခဲ့ပါတယ်။

ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ စစ် ဆင်ရေးကြေညာချက်မှာ ထူးခြားမှုတစ်ခုက ကိုးကန့်အထူးဒေသ (၁) အတွင်းက အွန်လိုင်းကနေ ငွေကြေး လိမ် လည်နေတဲ့ (ကျားဖြန့် ) ကုမ္ပဏီတွေကိုအမြစ်ဖြတ်ဖို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုလည်း ပါဝင်ပါတယ်။

‘’ကျွန်တော်တို့မှာဝရမ်းထုတ်ထားတဲ့ စာရင်းရှိတယ်’’ လို့ MNDAA ပြောခွင့်ရ လီကျားဝင်းက ဘီဘီစီ ကိုပြောပါ တယ်။

၁၀၂၇ စစ်ဆင်ရေးစတာ နှစ်ပတ်ကျော်လာပြီ ဖြစ်ပေမဲ့ လောက်ကိုင်မြို့ထဲကိုတော့ တိုက်ပွဲရောက်မလာသေး ပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လောက်ကိုင်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နဲ့ ဆက်စပ်သူတွေကို နေ့တိုင်း နီးပါး တရုတ်ဘက်ကို လွှဲပေးနေတာတွေ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီ ကိုပြောပါတယ်။

‘’တရုတ်က အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ပါနေတဲ့ လူတွေကို အရှင်လိုချင်နေတယ်။ ဒါမှ ငွေကြေးနဲ့ ကွင်းဆက်တွေ ကို သူတို့ ဆက်လိုက်လို့ရမှာ’’ လို့ တရုတ်ထောက်လှမ်းရေး နဲ့ နီးစပ်တဲ့လောက်ကိုင်မြို့က ဘီဘီစီသတင်း အရင်း အမြစ်က ပြောပါတယ်။

လောက်ကိုင် နဲ့ ချင်းရွှေဟော်မှာ ဟိုတယ်အလုံး ၁၅၀ ကျော်ရှိပြီး ၁၂ လုံးပဲ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် မှာ မှတ်ပုံတင်ထားပြီး ကျန်တဲ့ဟိုတယ်တွေက လုပ်ပိုင်ခွင့်မရှိဘဲ လောက်ကိုင်ဒေသအုပ်ချုပ်ရေး အဖွဲ့ရဲ့အစီအ စဉ်နဲ့ ဆောက်ထားကြတာလို့ စစ်ကောင်စီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒီဟိုတယ်တွေကို တရုတ်နိုင်ငံသားတွေကပိုင်ဆိုင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း တွေလုပ်နေကြတာလို့ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က က နိုဝင်ဘာ ၈ ရက်က ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံ ရေးကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။

ဟိုတယ်တွေကို စိစစ်ဖော်ထုတ်အရေးယူဆောင်ရွက်တဲ့အခါမှာ တရုတ်နိုင်ငံသား ၇၃၉၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈၉ ဦး၊ ထိုင်းနိုင်ငံသား ၁၆၂ ဦး၊ မလေးရှားနိုင်ငံသား ၃၂ ဦးနဲ့ လာအိုနိုင်ငံသား ၂ ဦးစုစုပေါင်း ၇၇၈၀ ဦးဖမ်းဆီး ရမိခဲ့တယ်လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။

ဖမ်းဆီးရမိသူတွေထဲက တရုတ်နိုင်ငံသား ၆၈၉၂ ဦး ကို တရုတ်နိုင်ငံကို ပြန်လည်လွှဲပေးခဲ့ပြီးပြီ လို့ သူကပြောပါ တယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လောက်ကိုင်မြို့မှာ ဖြစ်နေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေအကြောင်း ဆက်ပြောခဲ့ပြီး တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီး နှစ်နိုင်ငံ Task Force ဖွဲ့စည်း ဖြေရှင်းမယ်လို့ အဲဒီအစည်းအဝေးမှာ ပြောပါတယ်။

ကာလုံအစည်းအဝေးပြီးလို့ နောက်တစ်ရက်မှာပဲ လောက်ကိုင်မြို့မှာ ကိုးကန့်ဦးစီးအဖွဲ့က ဟိုတယ်လုပ်ငန်းရှင် တွေရော ပြည်သူ့စစ် နဲ့ နယ်ခြားစောင့်တပ်တွေခေါင်းဆောင်တွေပါ ပါဝင်တဲ့ အစည်းအဝေးတစ်ခုခေါ်ခဲ့ပါတယ်။

တရားမဝင်နိုင်ငံခြားသားတွေ စစ်ဆေးဖို့လို့ ခေါင်းစဉ်ပြထားပေမဲ့ ကျားဖြန့်နှိမ်နင်းရေးအစည်းအဝေး လို့ တက် ရောက်ခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အရင်ကစစ်ဆေးမှုတွေမှာ ကုမ္ပဏီတချို့ နဲ့ ဖျော်ဖြေရေးကုမ္ပဏီတချို့ က ပူးပေါင်း‌တာမျိုးမရှိခဲ့ဘဲ အခု စစ်ဆေး မှုတွေထပ်လုပ်တဲ့အခါ မပူးပေါင်းရင် စစ်ဆေးရေးအဖွဲ့က အင်အားသုံးနှိမ်နင်းနိုင်တယ်လို့ ကိုးကန့်ဦးစီးအဖွဲ့က အမိန့်ပေးပါတယ်။

ဒါပေမဲ့ လောက်ကိုင်က လောင်းကစားကုမ္ပဏီတွေ နဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာလည်း ကိုယ်ပိုင်တပ်ဖွဲ့ တွေရှိ တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ကြပါတယ်။

တချိန်တည်းမှာပဲ တရုတ်နိုင်ငံဘက်က ဖမ်းဆီးထားတဲ့ လုပ်ငန်းရှင်တွေရဲ့ မိသားစုဝင်တွေကို ထုတ်ပြပြီး ပူး ပေါင်းပါဝင်ဖို့ ဖိအားပေးတိုက်တွန်းလာတာဖြစ်ပါတယ်။

‘’ကျားဖြန့် မပပျောက်မချင်း တရုတ်က လုံးဝနောက်ဆုတ်မှာမဟုတ်ဘူး" လို့ တရုတ်လက်ထဲမှာ အဖမ်းခံထားရ သူ သုံးဦးလုံးက သတိပေးပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */