" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 22, 2023

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် တိုက်ပွဲဆက်ဖြစ်နေ

Myanmar Now
လင်းထင်
November 22, 2023 

ပေါက်တောမြို့မှ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းနေသော ဒေသခံတချို့ကို နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်အစောပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Aye Myint Wai)

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ပြင်းထန်သည့် တိုက်ပွဲများ ယနေ့ (နိုဝင်ဘာ ၂၂) တွင် ဆက်ဖြစ်နေပြီး စစ် ကောင်စီက ဒေသခံတချို့ကို လူသားဒိုင်းကာအဖြစ် သုံးနေသည်ဟု ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန် သည်။

စစ်လေယာဉ်ကလည်း ၃ ကြိမ် လာရောက် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“ရန်သူသည် ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန် လျက်ရှိသည်” ဟု AA ၏ ယနေ့မွန်းလွဲပိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ဂျက်တိုက်လေယာဉ်ဖြင့် နံနက်ပိုင်းတွင် ၃ ကြိမ်၊ မွန်းလွဲပိုင်းတွင် တစ်ကြိမ် တိုက် ခိုက်သည်ဟုလည်း AA က ဆိုသည်၊ ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်မှုအခြေအနေများကို ဖော်ပြထားခြင်းမရှိပါ။

ပေါက်တောမြို့ပေါ်သို့ စစ်တွေအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကုလားတန် မြစ်နှင့် ကျွဲကူးမြစ်အတွင်း နေရာယူထားသည့် စစ်ကောင်စီသင်္ဘောပေါ်မှ လက်နက်ကြီးဖြင့် ပစ်သည်၊ တိုက်ခိုက် ရေး ရဟတ်ယာဉ်တစ်စီးက မြို့ပေါ်သို့ ပတ်ပျံဝဲပြီး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟုလည်း ဒေသခံတစ် ဦး ကလည်း ပြောသည်။

လက်နက်ကြီးများ ကျရောက် ပေါက်ကွဲနေသည့် ပေါက်တောမြို့တွင် ဒေသခံအများစုသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။ ဒုက္ခသည်အရေအတွက်နှင့် ထိုသူများ မည်သည့်နေရာသို့ တိမ်းရှောင် နေကြရသည်ကို မသိရသေးပါ။

ရန်သူ့လက်ထဲ၌ ကျန်ရှိနေသေးသော လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရသော ပေါက်တောမြို့သူမြို့ သား များကို ရန်သူ့လက်ထဲမှ လွတ်မြောက်နိုင်ရေး ကြိုးစားလျက်ရှိသည်ဟုလည်း AA ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြို့တွင်းတွင် ပိတ်မိနေသည့် ဒေသခံတချို့လည်း ရှိနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မြို့ထဲမှာလည်း စစ်တပ်က ဖမ်းဆီးထားတဲ့ ဓားစာခံပြည်သူတွေ ရှိသေးတယ်၊ စစ်ကောင်စီတပ်သားတွေလည်း အဲ့ဒီမှာ ရှိသေးတယ်၊ အဲ့ဒီနေရာတွေကို ဝင်သိမ်းလိုက်ပြီလား၊ လူတွေထပ်ကယ်နိုင်ပြီလား ဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။

အာဏာသိမ်းတပ်က အရပ်သားများကို လူသားဒိုင်းအဖြစ် သုံးနေသည်၊ ဓားစာခံအဖြစ် ဖမ်းထားသည်ဟူသော AA နှင့် ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

နိုဝင်ဘာ ၂၁ ရက်နေ့ စစ်ရေးသတင်းအကျဉ်းချုပ် ထုတ်ပြန်ရာတွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

“ပေါက်တောမြို့ လုံခြုံရေးအတွက် ကင်းလှည့်လည်ခဲ့ပါတယ်။ ကင်းလှည့်လည်တာကို ပစ်ခတ်ခဲ့တာရှိပါတယ်။ နောက်တစ်ခုကတော့ ကျောက်တော်မှာ ရှိနေတဲ့ ပြည်သူလူထုအသုံးပြုနေတဲ့ ရေယာဉ်တွေဖြစ်တဲ့ ရေနယား (၁) ရေယာဉ်နဲ့ ရေဘဝဲ (၄) ရေယာဉ်တွေကို AA အနေနဲ့ အကြမ်းဖက် ယူဆောင်သွားကြောင်း သိရပါတယ်” ဟု စစ်ကောင်စီထုတ်ပြန်ချက်က ဆိုသည်။

လူသားဒိုင်းအရေး ဖော်ပြထားခြင်း မရှိပေ။

တိုက်ပွဲများကြောင့် ဆက်သွယ်ရေးတာဝါတိုင်တချို့ ထိခိုက်မှုရှိသည်ဟု သိရပြီး ပေါက်တောမြို့သို့ တယ်လီဖုန်း လိုင်း ဆက်သွယ်ရန် ခက်ခဲနေသည်။ ဖုန်းလိုင်းအဆက်အသွယ်ရရှိသည့် နေရာသည်လည်း အကန့်အသတ်နှင့် သာ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပေါက်တောမြို့မ ရဲစခန်းနှင့် မြို့နယ်ရဲစခန်းတို့ကို နိုဝင်ဘာ ၁၅ ရက်နေ့ ညပိုင်း၌ AA က ဝင်ရောက် စီးနင်းပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးတချို့နှင့် စစ်ဘက်၊ ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းများကို သိမ်းဆည်းသွားခဲ့သည်။

ထို့နောက် နောက်တစ်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် စစ်တပ်က မြို့တွင်း ဝင်ရောက်တပ်စွဲကာ ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

ထိုဒေသခံ ပြည်သူများကို လူသားဒိုင်းပုံစံ ဖမ်းဆီးထိန်းသိမ်းထားခြင်းကြောင့် AA က ဒေသခံများကို ကယ်ဆယ် ရန် ကြိုးစားရာမှ နိုဝင်ဘာ ၂၁ ရက် နေ့လည်ပိုင်းတွင် စစ်တပ်နှင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၂၁ ရက် ညပိုင်းတွင်မူ ဒေသခံ ၁၀၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း AA က ရုပ်သံဗီဒီယိုဖြင့် ထုတ်ပြန် ခဲ့ သည်။ အဆိုပါ မြို့တွင်းတိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အကျအဆုံးများ၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သည်၊ ၎င်းတို့ဘက်မှလည်း တပ်ဖွဲ့ဝင်တချို့ သေဆုံး၊ ဒဏ်ရာရသူများ ရှိခဲ့သည်ဟု AA ဘက်က ဆိုသည်။

စစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားရာ နေရာကိုသာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပါ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မြို့တွင်းရှိ ကျန်ရှိနေသေးသည့် ဓားစာခံများ လွတ်မြောက်ရေးကို ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

ဧရိယာ စတုရန်းမိုင် ၀.၁၄ သာ ကျယ်ဝန်းသည့် ပေါက်တောမြို့သည် ပြည်နယ်မြို့တော် စစ်တွေနှင့် ရေမိုင် ၁၆ မိုင်ခန့် ဝေးကွာပြီး စက်လှေဖြင့် ၁ နာရီခန့် သွားရသည့်မြို့ဖြစ်သည်။ မြို့ပေါ်ရပ်ကွက် ၅ ခုတွင် အိမ်ခြေ ၃၀၉၇ အိမ်ရှိပြီး လူပေါင်း နှစ်သောင်းနီးပါး နေထိုင်ကြသည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေနတ်သံမထွက်ဘဲ ငြိမ်သက်နေခဲ့သည့် ရခိုင်ပြည်နယ်၌ စစ်ပွဲများ ပြန်လည် ဖြစ်ပွားလာရခြင်းသည် စစ်တပ်၏ ဖိနှိပ်မှုများကြောင့်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Myanmar Now ကို ပြောဆိုထားသည်။

“မြန်မာစစ်တပ်က ပိတ်ဆို့မှုပေါင်းစုံကို စစ်ပွဲကာလနှင့်မခြား သူတို့ဘက်က လုပ်ဆောင်လာတဲ့ အခါကျတော့ ကျွန်တော်တို့က မလွှဲမရှောင်သာဘဲ ဒီအကျိုးဆက်တွေကို ရင်ဆိုင်ရတာ ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြော သည်။

နိုဝင်ဘာ ၂၀ ရက်နေ့ ညပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ကုန် စည်နှင့် ခရီးသည်ပို့ဆောင်ရေးအတွက် ပြေးဆွဲနေသည့် ပြည်တွင်းရေကြောင်းပိုင် ဇက်ရေယာဉ် ၂ စီးနှင့်အတူ ယာဉ်ပေါ်ရှိ ဝန်ထမ်းများ ပျောက်ဆုံးသွားခဲ့သည်။

အဆိုပါ ရေယာဉ် ၂ စီးကို AA က သိမ်းဆည်းယူဆောင်သွားခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂၁ ရက်နေ့တွင်စစ်ကောင် စီဘက်က ထုတ်ပြန်ထားပြီး တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင် မပါရှိပါ။ ရက္ခိုင့်တပ်တော်(AA) ကမူ အဆိုပါ ရေယာဉ်များနှင့် ပတ်သက်၍ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီစခန်း ၄ ခုကို သိမ်းပိုက်လိုက်သည်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်လွှတ်သွားသည့် စခန်းပေါင်း ၄၀ ကျော်ကိုလည်း သိမ်းထားသည်ဟု AA က ဆို သည်။

“ပြည်သူကို ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့် ခြိမ်းခြောက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲ ဆက် တိုက်ကျူးလွန်နေသော စစ်ကောင်စီ၏ တပ်စခန်းများနှင့် လက်နက်ချ အညံ့မခံသူများကို ရက္ခိုင့်တပ်တော် အ နေဖြင့် ဆက်လက် တိုက်ခိုက်သွားမည်” ဟုလည်း AA က ယနေ့ ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ရာ ပေါက်တောမြို့ ဒေသပြမြေပုံ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */