" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 29, 2023

လာအိုသံအမတ်ကြီး ဗိုလ်ချုပ်(ငြိမ်း) မြတ်သက်ဦးစစ်ဆေးခံ နေရ

BBC
November 29'2023

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးရာထူးကနေ လာအိုသံအမတ်ကြီးအဖြစ်ပြောင်းရွှေ့ တာဝန် ပေးခံရတဲ့ အငြိမ်းစားဗိုလ်ချုပ် မြတ်သက်ဦး စစ်ဆေးခံနေရတယ်လို့ နေပြည်တော်က ဘီဘီစီ သတင်း အရင်းအမြစ်တွေက ပြောပါတယ်။

ဇွန်လကမှ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ဦးမြတ်သက်ဦးကို လာအိုနိုင်ငံကမြန်မာသံရုံးကနေ နေ ပြည်တော်ကို ပြန်ဆင့်ခေါ်ပြီး စစ်ဆေးနေတာလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

လာအိုက မြန်မာသံရုံးမှာ ဦးမြတ်သက်ဦးမရှိတော့ဘဲ သံရုံးယာယီတာဝန်ခံက တာဝန်ယူထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် (၃၈) ဆင်းဖြစ်တဲ့ ဗိုလ်ချုပ်မြတ်သက်ဦးဟာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့ နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ်မှာ အရှေ့တောင်တိုင်း စစ် ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွေ့တာဝန်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။

 

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေမှာပြုလုပ်တဲ့ တပ်မတော်နေ့အခမ်းအနားမှာ တွေ့ရတဲ့ဗိုလ်ချုပ် မြတ်သက်ဦး

‘‘အစစ်ဆေးခံနေရတာက မြောက်ပိုင်းတိုင်းတိုင်းမှူးတုန်းက ကိစ္စတွေ’’လို့ဒီစစ်ဆေးမှုကိုသိရှိသူတစ်ဦး က ပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဖြစ်တဲ့ ဗိုလ်ချုပ်ကိုကိုမောင်ကို အောက်တိုဘာလထဲမှာ ပဲ စစ်တရားရုံးကနေ ထောင်ဆယ်နှစ်ချခဲ့ပါတယ်။

ယမ်းနဲ့ လက်နက်ခဲယမ်းတွေ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေကိုဖြတ်ပြီး စစ်ကိုင်းတိုင်းက PDF တွေလက်ထဲ ရောက်သွားတဲ့ ကိစ္စနဲ့ဆက်နွှယ်ပြီး ကချင်ပြည်နယ်အခြေစိုက်တပ်အရာရှိတွေ ဖမ်းဆီး စစ်ဆေးခံခဲ့ရတာလို့ စစ်ရုံးကလာတဲ့သတင်းတွေက ဆိုပါတယ်။

ဗိုလ်ချုပ်မြတ်သက်ဦးဟာ ဗိုလ်ချုပ်ကိုကိုမောင်ရဲ့ ‌ရှေ့မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

‘‘လုပ်ငန်းရှင်တစ်ယောက်ကို သုံးလကျော်လောက်စစ်တယ်။ သူ့ကိုလည်းစစ်ပြီးရော သံအမတ်ကြီးကို ဆင့်ခေါ်လိုက်တော့တာပဲ’’ လို့ နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီထဲက ဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦးအပါအဝင်စစ်ဗိုလ်ချုပ်တွေ ဖမ်းဆီးထောင်ချခံရမှုတွေ ဆက်တိုက်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လပိုင်းက စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ သူ့ရဲ့တပည့် ဗိုလ်မှူး ချုပ် ရန်နောင်စိုးကို ထောင်ဒဏ် အနှစ် နှစ်ဆယ်စီနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ဗိုလ်ချုပ်တွေကို ထောင်ဒဏ်ချမှတ်မှုက လာဘ်စားမှုနဲ့ စီးပွားရေးကဏ္ဍတွေကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အခြေစိုက်တိုင်းမှူးတွေ ဖယ်ရှားခံရတာကစစ်ရေးအခြေအနေ တွေ နဲ့ပါ ဆက်နွှယ်နေပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းကို မထိန်းချုပ်နိုင်လို့ မုံရွာအခြေစိုက် အနောက်မြောက် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်မှာ ပထမဆုံး ဖယ်ရှား ခဲ့ပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတွေဖြစ်တဲ့ ဗိုလ်ချုပ်မြတ်သက်ဦးနဲ့ ဗိုလ်ချုပ်ကိုကိုမောင်တို့ လည်း ဆက်တိုက်အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။

တိုင်းမှူးတွေသာမကဘဲ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအဓိက ကိုင်တွယ်ရတဲ့အမှတ်(၁)စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်လည်း နေပြည်တော်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */