" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, June 17, 2023

နိုင်ငံတကာခုံရုံးတွေမှာ တရားစွဲခံနေရတဲ့ စစ်ကောင်စီ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.06.15

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရိုဟင်ဂျာအရေး ကြားနာနေချိန် တရားရုံးအပြင်ဘက်က ဆန္ဒပြနေကြသူများအားတွေ့ရစဉ်။Reuters

အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC၊ ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ သာမက အာဂျင်တီးနားနိုင်ငံ တရားရုံးတွေမှာပါ တရားစွဲခံနေရတဲ့ စစ်ကောင်စီဟာ ကမ္ဘာ့မျက်နှာစာမှာ ဘယ်လို ပြဿနာတွေ ရင်ဆိုင်ရဖွယ် ရှိပါသလဲ။

ဦးထွန်းခင် "အကြမ်းဖက်စစ်တပ်ကို များမကြာတဲ့ကာလ အတွင်းမှာ အရေးယူနိုင်မယ်လို့ ကျွန်တော်တို့ ပြောလို့ရ တယ်။"
စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတကာတရားရုံး ICJမှာ ထုချေလွှာတင်သွင်း ဖို့ ပြင်ဆင်နေရတဲ့တချိန်တည်းမှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဂျင်တီး နားနိုင်ငံမှာ တိုင်ကြားထားတဲ့အမှုအတွက် ရိုဟင်ဂျာတွေကို တရားရုံးက ခေါ်ယူစစ်ဆေးခဲ့တာပါ။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့တော်က အစိုးရ တရားရုံးမှာ ကြားနာပွဲတစ်ခုကို ဇွန်လ ၆ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ရောက် ရိုဟင်ဂျာမျက်မြင်သက်သေတွေက ပထမဆုံးအကြိမ် သွားရောက်သက်သေထွက်ဆိုခွင့်ရခဲ့ကြပါတယ်။

ဒီအမှုကို တရားလိုအဖြစ်တင်သွင်းခဲ့တဲ့ မြန်မာ-ရိုဟင်ဂျာအသင်း (ယူကေ)ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က စစ်ကောင်စီကို မကြာခင်ကာလမှာ အရေးယူနိုင်လိမ့်မယ်လို့ ပြောပါတယ်။

“ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ တရားရုံးမှာ တော်တော်များများစုထားတယ်။ အကြမ်းဖက်စစ် တပ် ကို ကျွန်တော်တို့က များမကြာတဲ့ကာလအတွင်းမှာ အရေးယူနိုင်မယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ဒီအမှုက နှစ်ပေါင်းများစွာ လူမျိုးတုံးသတ်ဖြတ်မှုခံနေရတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရရှိရေးအပြင် ကျွန်တော်တို့နိုင်ငံမှာ နေ့စဉ်နဲ့အမျှ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေခံနေရတဲ့ ကျွန်တော်တို့ တိုင်းရင်းသား ညီအကို မောင်နှမတွေ ပြည်မက စစ်ကိုင်း၊ မကွေးမှာခံနေရတဲ့ ညီအကို မောင်နှမတွေအတွက် အရေးပါတဲ့ အမှုတစ်ခုဖြစ်တယ်။ စစ်တပ်ကို များမကြာခင် ကာလမှာ အရေးယူနိုင်မယ်လို့ မျှော်လင့်တယ်။”

ကြားနာမှုမတိုင်ခင် တရားရုံးကို တင်သွင်းထားတဲ့ တိုင်ကြားလွှာမှာ အမျိုးသမီးတွေကို မြန်မာစစ်တပ်က အုပ်စု ဖွဲ့မုဒိမ်းကျင့်တာ၊ ကလေးတွေကို ဓားနဲ့ထိုးသတ်တာ၊ အမျိုးသားတွေကို သေနတ်နဲ့ပစ်၊ မီးရှို့သတ်ဖြတ်တာတွေ ပါဝင်ပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဦးထွန်းခင်နှင့် ရှေ့နေ မစ္စတာ သောမတ်စ် ကင်တားနားတို့အား အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီးစ်မြို့ ဖက်ဒရယ်တရားရှေ့တွင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

အမှန်တကယ်ခံစားခဲ့ရတဲ့ သက်သေတွေကို အာဂျင်တီးနားတရားရုံးက စစ်ဆေးပြီးပြီဖြစ်လို့ စုဆောင်းထားတဲ့ အ ချက်အလက်တွေကို လေ့လာပြီး တရားရုံးက ဆုံးဖြတ်ချက်တစ်ခု မကြာခင်ချမှတ်လိမ့်မယ်လို့ ရိုဟင်ဂျာ အရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင် ကကောက်ချက်ချပါတယ်။

“ဆုံးဖြတ်ချက်ကျ လာခဲ့ပြီဆိုရင်တော့ ဘယ်သူတွေက ကျူးလွန်ခဲ့တာလဲ။ ဘယ်သူက တာဝန်ရှိလဲ။ တာဝန်ရှိ တဲ့သူ တွေကို သူတို့အနေနဲ့ ဖမ်းဝရမ်းထုတ်တာ ဒါတွေလုပ်လာနိုင်တယ်။ ဒီအာဂျင်တီးနားက ကျူးလွန်ခဲ့တဲ့ သူ တွေကို ဖမ်းဝရမ်းထုတ်မယ်။ ထုတ်ပြီးသွားရင် သူတို့နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတွေရှိမယ်။ ဒီနိုင်ငံတွေကို ကျူး လွန်ထားတဲ့ တရားခံတွေက ရောက်လာလို့ရှိရင်ဖမ်းပေးဖို့ သူတို့အနေနဲ့ နှိုးဆော်မှာ တွေရှိတယ်။ ဒါတွေကိုပဲ ကျွန်တော်တို့အ နေ နဲ့ စောင့်ကြည့်ရမှာပေါ့။ ဖမ်းဝရမ်း ဘယ်တော့ထွက်လာနိုင်မလဲ။ ဖမ်းဝရမ်းဘယ်တော့ ထွက်လာမလဲဆိုတာကို စောင့်ကြည့်ဖို့ အချိန်တော့ ရောက်နေပြီလို့ ကျွန်တော့်အနေနဲ့ ထင်တယ်ဗျ။”

ဖမ်းဝရမ်းထုတ်ခံရပြီဆိုရင် အာဂျင်တီးနားနဲ့ ဆက်သွယ်မှုရှိတဲ့ ရာနဲ့ချီတဲ့နိုင်ငံတွေကို စစ်ခေါင်းဆောင်တွေ သွား လာခွင့် ကန့်သတ်ခံရနိုင်တဲ့ အခြေအနေရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို အခုနောက်ဆုံး တရားစွဲထားတဲ့ အာဂျင်တီးနားတရားရုံးအမှုမှာ လူမျိုးတုံး သတ် ဖြတ်မှုတာဝန်ရှိသူတွေအဖြစ် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေက အကြီးတန်းအရာရှိတချို့အပြင်၊ ဗုဒ္ဓဘာသာအစွန်း ရောက်သမားအဖြစ် နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဦးဝီရသူတို့ တရားစွဲခံထားရပါတယ်။
၂ဝ၁၈ ခုနှစ် မတ်လ ၁ဝ ရက်နေ့က ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတစ်ကျောင်းတွင် ပြုလုပ်သည့် တွေ့ဆုံပွဲတစ်ခုသို့ ရောက်ရှိလာသော ဦးဝီရသူ။ (Photo: AFP)


ဒါ့အပြင် အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီလူမျိုးတုံးသတ်ဖြတ်မှုမှာ ပါဝင်ကူညီ သူ အဖြစ် စွဲချက်တင်ထားပါတယ်။

ဒီလိုတရားစွဲတင်ခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်လာလို့ စစ်ကောင်စီကမ္ဘာ့မျက်နှာစာမှာ စီးပွားရေးအရကော၊ နိုင်ငံရေး အရ ပါ နေရာပိုပျောက်လာလိမ့်မယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ရိုဟင်ဂျာအမျိုးသမီး မဝေဝေနုက မှတ်ချက်ပြု ပါတယ်။

“စီးပွားရေးနဲ့ နိုင်ငံရေးအရ ချိတ်ဆက်လုပ်ဆောင်မှုတွေလုပ်တဲ့အခါမှာ အင်မတန်ဘောင်ကျဉ်း သွားမှာဖြစ် တယ်။ ကုလသမဂ္ဂမှာ စစ်တပ်ကနေပြီး အစိုးရအနေနဲ့ အသိမှတ်ပြုခံရပြီး နေရာရဖို့ ကိုယ်စားပြုခွင့် ရဖို့ ကြိုးပမ်းနေမှုတွေမှာလည်း အင်မတန်ခက်ခဲသွားမယ်လို့ ထင်တယ်။ ကျွန်မတို့အတွက်က ဒီအမှုတွေရှိနေတာ အင်မတန်ကောင်းတယ်။ နိုင်ငံရေးအရကော၊ လူ့အခွင့်အရေးအရကော တရားမျှတမှု ရှုထောင့်အရ ကြည့် မယ် ဆိုရင် အဖက်ဖက်က ကောင်းတယ်။ အမှုတစ်ခုနဲ့ တစ်ခုဟာဆိုရင်လည်း ပံ့ပိုးနေတဲ့ သဘောမှာရှိတယ်။”

အာဂျင်တီးနားနိုင်ငံက တရားရုံးမှာ သက်သေထွက်ဆိုတဲ့ရိုဟင်ဂျာအမျိုးသမီးတွေရဲ့လုံခြုံရေးအတွက် ဒီကြားနာ ပွဲကို တံခါးပိတ်ကျင်းပခဲ့ပါတယ်။ တရားလိုဖြစ်တဲ့ မြန်မာ-ရိုဟင်ဂျာအသင်းဘက်က လုံခြုံရေး အခြေအနေ ကြောင့် သက်သေထွက်ဆိုခဲ့သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ထုတ်ဖော်ပြောဖို့ ငြင်းပါတယ်။

RFA က ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တချို့ကို မေးမြန်းကြည့်ချက်အရ ကော့ဘဇားဒုက္ခသည် စခန်းတစ်ခု က အမျိုးသမီးခုနစ်ဦး သက်သေသွားရောက်ထွက်ဆိုခဲ့တာလို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေက အမျိုးမျိုးဖိနှိပ်မှုတွေကြုံခဲ့ရလို့ တရားမျှတမှုရဖို့ လိုလားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပ လောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင် ကပြောပါတယ်။

“ဖိနှိပ်မှုရယ်၊ ခွဲခြားဆက်ဆံမှုရယ်၊ နောက်ဆုံးလူမျိုးတုံးသတ်ဖြတ်မှုပေါ့နော်၊ ဒီအဆင့်အထိ ကြုံလာခဲ့ရတယ် ဆို တော့ တရားမျှတမှုနဲ့ အရေးယူဆောင်ရွက်မှုကိုပဲ လိုလားနေပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီ ၂၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီ ဒုက္ခသည်စခန်းမှာ ဝတ်ပြုဆုတောင်းနေသည့် ရိုဟင်ဂျာအမျိုးသမီးများ။ (Photo: AFP) 


တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ဩဂုတ်လ ၂၄ ရက်နေ့မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှုအတွက် ထုချေလွှာတင်သွင်းရဖို့ရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ရခိုင်တိုင်းရင်းသား ဦးဖေသန်းက ၂၀၁၇ မှာ ရခိုင်ပြည်နယ်အတွင်း ပြင်းထန်တဲ့ စစ် ဆင်ရေးတွေရှိခဲ့တာမှန်ပြီး လူမျိုးတုံးသတ်ဖြတ်မှုမြောက်၊ မမြောက်ဆိုတာ နိုင်ငံတကာရဲ့ ဆုံးဖြတ်ချက်ကိုသာ လက်ခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“လက်တွေ့မှာ အဲ့တုန်းကတွေ့ခဲ့ရတာတော့ တော်တော့်ကို ပြင်းပြင်းထန်ထန် မွတ်စလင်တွေကို နှိမ်နှင်းခဲ့တယ်။ ဒါက လူမျိုးတုံးသတ်ဖြတ်မှုမြောက်မမြောက်ဆိုတာ ICC တို့ ICJ တို့က ဆုံးဖြတ်တာ ပိုပြီးတော့ မှန်မယ်လို့ ထင် တယ်။ ကျွန်တော်တို့ဘက်က ပြောရင်တော့ စစ်တပ်ကို လိုတဲ့အခါပေါင်းမယ်။ မလိုတဲ့အခါမှာ သူ့ကို အပြစ်ဆွဲ ချတယ်ဆိုတဲ့ ပုံစံမျိုး မဖြစ်ချင်ဘူး။ ရခိုင်ပြည်ရဲ့ အခြေအနေက တော်တော်ရှုတ်ထွေးတဲ့အတွက် ဒီအခြေအ နေ မှာတော့ နိုင်ငံတကာရဲ့ အဆုံးအဖြတ်ကို စောင့်ကြည့်ဖို့ သင့်တယ်လို့ ယူဆပါတယ်။”

စစ်ကောင်စီဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် ICC၊ ICJ နဲ့ အာဂျင်တီးနား တရားရုံးတွေမှာ တရားစွဲဆိုခံထားရတဲ့အပြင် ဂျာမဏီနိုင်ငံက ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာလည်း ၂ဝ၁၆ နဲ့၂ဝ၁၇ ခုနှစ်တွေက ရခိုင်ပြည်မှာ ကျူးလွန်ခဲ့မှုတွေအပြင် ၂ဝ၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက်ပါ တရားစွဲခံထားရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */