" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 26, 2023

အထောက်အထားမဲ့ ရိုဟင်ဂျာ ၂၅ ဦး ထိုင်းတောင်ပိုင်းမှာ ဖမ်းဆီးခံရ

VOA
အေးအေးမာ
၂၆ ဧပြီ၊ ၂၀၂၃
အထောက်အထားမဲ့ ရိုဟင်ဂျာ ၂၅ ဦး ထိုင်းနိုင်ငံထဲဖမ်းမိ (ဧပြီ ၂၆၊ ၂၀၂၃)

အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၂၅ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ လူမှောင်ခိုတွေက မလေးရှားကိုပို့ဖို့ ကားထဲမှာ ဝှက်ပြီးခေါ်လာတာလို့လည်းဆိုပါတယ်။အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်တလုံပြည်နယ် ပဘွန် မြို့နယ်ထဲက အာရှ အဝေးပြေးလမ်းမကြီးမှာ ဧပြီလ ၂၅ရက်နေ့ ညပိုင်းက မသင်္ကာဖွယ်ကားတစီးကိုလုံခြုံရေးအာဏာပိုင်တွေက ရပ်တန့်စစ်ဆေးရာမှာတော့ ရိုဟင်ဂျာ ၂၅ဦးကိုဖမ်းမိခဲ့တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးက အခုလို ပြောပြပါတယ်။

"အခု ဧပြီလလ၂၅ရက်နေ့ကညပိုင်းမှာ ထိုင်းတောင်ပိုင်း ဖတ်တလုံပြည်နယ် ပဘွန် (Pa Bom) မြို့နယ် အာရှ အဝေးပြေးလမ်းမကြီးမှာ ဆုန်ခလာပြည်နယ် ဟတ်ရိုင်ဘက်ကိုမောင်းနှင်လာတဲ့ မော်တော်ကားတစီးက မသင်္ကာဖွယ်ရာအနေအထားရှိတဲ့အတွက် ရဲစစ်ဆေးရေးဂိတ်ကနေ တားဆီးစစ်ဆေးတာပေါ့ ၊အဲဒီလို စစ်ဆေးရာမှာရိုဟင်ဂျာ ၂၅ ဦးကိုတွေ့ရပြီးဖမ်းဆီးခဲ့ပါတယ်။ အဲဒီရိုဟင်ဂျာထဲမှာအမျိုးသမီးတွေ ကလေးတွေ ပါပါတာကိုတွေ့ရပါတယ်။"

ဖမ်းမိတဲ့ရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံထိသွားကြမယ်သူတွေဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပြီး အုန်းသီးတွေတင်လာတဲ့ကားအောက်က အလုံပိတ်အခန်းထဲမှာထည့်ပြီး သယ်ဆောင်လာကြတာလို့ဆိုပါတယ်။ ဒီနှစ်ထဲမှာတော့ရိုဟင်ဂျာတွေကို အစုအဝေးနဲ့ ၄ ကြိမ်လောက်ဖမ်းမိခဲ့တယ်လို့လည်း ပြောပြပါတယ်။

"အဲဒီရိုဟင်ဂျာတွေက ထိုင်းနယ်နမိတ်အဆင့်ဆင့်ဖြတ်ပြီးတော့ မလေးရှားထိသွားကြမယ် ရိုဟင်ဂျာအစုအဝေးဖြစ်ပါတယ်၊ သူတို့ရိုဟင်ဂျာ ၂၅ဦးကို အပေါ်ကအုန်းသီးတွေသယ်ဆောင်လာတဲ့ပုံဖမ်းပြီးကားအောက်ခန်းမှာ အလုံပိတ်အခန်းငယ်လေးတွေလုပ်ပြီး စုပြုံပြီးတင်ခေါ်လာတာဖြစ်ပါတယ်၊ရိုဟင်ဂျာတွေကို လူကုန်ကူးမူ့ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်မူတွေနဲ့ အရေးယူမှာဖြစ်ပါတယ်။ ဒီရိုဟင်ဂျာတွေဟာ ၂၀၂၃ခုနှစ်ထဲမှာ ၄ကြိမ်မြောက်အစုအဝေးနဲ့ဖမ်းမိတာဖြစ်ပါတယ်"

ဒီလထဲမှာပဲ ထိုင်းနိုင်ငံတောင်ပိုင်း Chom Phon ပြည်နယ်ထဲမှာ လူကုန်ကူးသူတွေ ကားသုံးစီးနဲ့ အပြည့်သယ် ဆောင်လာတဲ့ ရိုဟင်ဂျာ ၈၉ ယောက်ကို အမြန်လမ်းရဲတပ်ဖွဲ့က ဧပြီလ ၄ရက် နေ့ကလည်း ဖမ်းဆီးခဲ့ပါတယ် ။ မတ်လ၁၆ ရက်နေ့တုန်းကလည်း ထိုင်းတောင်ပိုင်း နကွန်စီထာမရတ်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံရခိုင်ပြည်ကနေ လာကြတဲ့ရိုဟင်ဂျာ ၄၀ကျော်ကို လူကုန်ကူးသူတွေက ရာဘာခြံတခုထဲမှာစွန့်ပစ်သွားတာကြောင့် ဒေသခံလုံခြုံရေးတပ်ဖွဲ့တွေကဖမ်းဆီးခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */