" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 10, 2023

နိုင်ငံခြားသံတမန်အဖွဲ့ရောက်ရှိစဉ် စစ်တွေနှင့် ကျောက်ဖြူရှိ မူဆလင်ဒုက္ခသည်များ အခက်အခဲနှင့် လိုအပ်ချက်များကို တင်ပြတောင်းဆိုခွင့်မရခဲ့ဟုဆို

နိရဉ္စာရာ

10 Mar, 2023 

စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့ရှိ မူဆလင်ဒုက္ခသည်များစခန်းများသို့ ရောက်ရှိလာသည့် နိုင်ငံခြားသံတ မန် အဖွဲ့ကို အခက်အခဲနှင့်လိုအပ်ချက်များကို တင်ပြတောင်းဆိုခွင့်မရခဲ့ဟု ဒုက္ခသည်များက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

စစ်ကောင်စီနေပြည်တော်ဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော နိုင်ငံခြားသံတမန်အဖွဲ့သည် မတ်လ ၈ ရက်တွင် စစ်တွေမြို့နယ်ရှိ သက္ကေပြင် ဒုက္ခသည်စခန်းသို့လည်းကောင်း၊ မတ်လ ၉ ရက်တွင် ကျောက်ဖြူမြို့ရှိ ကျောက်တ လုံးဒုက္ခသည်စခန်းသို့လည်းကောင်း ရောက်ရှိလာကာ ဒုက္ခသည်များအား တွေ့ဆုံခဲ့သည်။

စစ်တွေမြို့နယ်ရှိ သက္ကေပြင် IDP Camp သို့ သွားရောက်ခဲ့ရာတွင် စခန်းအတွင်းနေထိုင်ရသူများ၏ အခက်အခဲ များကို မေးမြန်းခဲ့သော်လည်း ဘောဒူဖကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးစောလှက စခန်းနေဒုက္ခသည် များ၏ အခက်အခဲများကို တင်ပြမည့် အစား စခန်းအတွင်း နေရေးထိုင်ရေး၊ စားရေးသောက်ရေးအခြေအနေ များမှာ အဆင်ပြေကြောင်းကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ဦးစောလှ၏ကြားဖြတ် ဝင်ရောက်ပြောကြားခဲ့မှုကြောင့် စခန်းနေဒုက္ခသည်များ၏အခက်အခဲများကို တင်ပြပြော ကြားခွင့်မရခဲ့ခြင်းဖြစ်သည်ဟု သက္ကေပြင် IDP Campနှင့် နီးစပ်သည့် ဒါးပိုင်ကျေးရွာမှ အမည်မဖော်လိုသူ တစ် ဦးက ပြောသည်။

"စခန်းတာဝန်ခံတွေကလည်း လမ်းကိစ္စ၊ အမိုးအကာ ကိစ္စလောက်ပဲပြောလိုက်ရတယ်။ Camp က လူတွေအနေနဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာကဏ္ဍတွေ လိုအပ်ချက်ရှိနေပါတယ်။ ကျနော်တို့မှာ အခက် အခဲတွေအများကြီးရှိနေတယ်ဆိုတာကို ပြောပြချင်ခဲ့တာပါ။ ဒီအခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ ပြောချင်တာ။ ဦးစောလှက အကုန်လုံးအဆင်ပြေတယ်လို့ ပြောလိုက်တော့ ဘာမှ တင်ပြဖို့ မရလိုက်ဘူး" ဟု ပြောသည်။

အဆိုပါသက္ကေပြင်ဒုက္ခသည်စခန်းတွင် လူဦးရေ ၆၄၀၀ ကျော်ရှိပြီး အိမ်ထောင်စုတစ်စုစီလျှင် ပျမ်းမျှလူဦးရေ ၆ ဦးမှ ၁၀ ကျော်အထိရှိသည်ဟု သိရသည်။

သူတို့သည် ၁၀ ပေ၊ ၈ ပေ ပေရှိသည့် တဲတန်းလျားများထဲတွင် ၁ဝ စုနှစ်တစ်ခုကြာ အခက်အခဲများစွာဖြင့်နေနေကြ ရပြီး ဒုက္ခသည်အမျိုးသမီးများအနေဖြင့်လည်း ကျပ်တည်းစွာ နေထိုင်နေရသဖြင့် လုံခြုံမှုအားနည်းလျက်ရှိသည် ဟု စခန်းနေသူများက ပြောသည်။

အလားတူ စစ်ကောင်စီနေပြည်တော်ဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော နိုင်ငံခြားသံတမန်အဖွဲ့သည် ကျောက်ဖြူ မြို့ ရှိ ကျောက်တလုံးဒုက္ခသည်စခန်းသို့ ယမန်နေ့က လာရောက်ခဲ့စဉ်ကလည်း ဒုက္ခသည်များ၏အခက်အခဲများကို တင်ပြခွင့်မရခဲ့ဟု စခန်းနေသူများက ပြောသည်။

၎င်းဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တစ်လုံးဒုက္ခသည်စခန်းကို ပြောင်းရွေ့မည့် ကိစ္စရပ်များကို ပြောကြားခဲ့သလို စခန်းပြောင်းရွေ့မည့်နေရာတွင် နေအိမ်မရှိသေးသည့် အိမ်ထောင်စုများကိုလည်း အိမ်ထောင်စုတစ်စုစီအတွက် ငွေကျပ် ၁၅ သိန်းပေးအပ်ခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

လူဦးရေ ၁၅၃၂ ဦးရှိသည့် ကျောက်တလုံးကယ်ဆယ်ရေးစခန်းသည် ၂၀၁၂ ခုနှစ်အရေးအခင်းအပြီးတွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့၊ ပိုက်ဆိပ်မှ မူဆလင်အများစုနေထိုင်နေသော ကယ်ဆယ်ရေးစခန်း တစ်ခုဖြစ်သည်။

မူဆလင်ဒုက္ခသည်များထံသွားရောက်ခဲ့သည့်အဖွဲ့တွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင် ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ ပါဝင်ခဲ့သည်ဟု သိရသည်။ (NN-8)

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */