" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 24, 2023

စစ်ကောင်စီက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လက်ခံတော့ မှာလား၊

မိုးမခ
မတ် ၂၃၊ ၂၀၂၃



၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ဦးရေ ၁ ထောင်ဝန်းကျင်ကို ပထမဆုံးအကြိမ်ပြန်လက်ခံဖို့ စစ်ကောင်စီက ခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဝန်ကြီးအဆင့်ဦးဆောင် ပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထိ သွားရောက်ကာ ပြန်လာဖို့ စာရင်းပေးသွင်းထားသူတွေကို သွားရောက် တွေ့ ဆုံမေးမြန်းခဲ့တာတွေ ရှိခဲ့ပြီး မကြာခင်ရက်ပိုင်းမှာ စာရင်းပေးသွင်းထားသူ အချို့ပြန်လာကြမယ့် သဘောမျိုးမြင် တွေ့နေရတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်ခြင်း သုံးနှုန်းခြင်း မပြုသလို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲ ပြန်လာတဲ့အခါမှာလည်း နကိုနေထိုင်ခဲ့တဲ့ ဒေသ၊ ကျေးရွာမှာ ပြန်နေထိုင် လုပ်ကိုင်စားသောက်ခွင့် ရ/ မရ တိတိကျကျ မသိကြရပါဘူး။ NLD အစိုးရ လက်ထက်ကတည်းက ပြန်လည်လက် ခံ ရေး စခန်းတွေ ဆောက်လုပ်ထားပြီး အဆိုပါ စခန်းတွေမှာ လအနည်းငယ် နေထိုင်ရမယ်လို့ စစ်အာဏာမသိမ်း မီ အန်အယ်လ်ဒီလက်ထက် ကြိုးစားခဲ့တဲ့ ပြန်လည်လက်ခံရေး အစီအစဥ်တွေမှာ ဖေါ်ပြခဲ့ဖူးတာ ဖြစ်ပါတယ်။

သန်းဂဏန်းနီးပါးအထိ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေအတွက်တွေ အနက် ဒုက္ခသည်ဦးရေ ၁ ထောင်ဝန်းကျင် ကို ပြန်ခေါ်ယူဖို့ကြိုးစားခြင်းဟာ အရေအတွက်အားဖြင့်ကြည့်ရင် နှိုင်းယှဥ်ပြောဆိုစရာ မကောင်းလောက်အောင် သေးငယ်လွန်းတဲ့ပမာဏ ဖြစ်ပါတယ်။ အခု စာရင်းပေးသွင်းထားသူ ဦးရေ ၁၀၀၀ လက်ခံပြီးခဲ့ရင် နောက်ထပ် ဘယ်လောက်လက်ခံမှာလဲဆိုတဲ့ အချက်တွေလည်း ရှင်းရှင်းလင်းလင်း မရှိသေးသလို နောက်ထပ်စာရင်းပေးသွင်း မှု တွေ ရှိလာမလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

မဝေးသေးတဲ့ နှစ်ကာလက စစ်တပ်က ကျူးလွန်ခဲ့တဲ့ လက်နက်ကိုင် မဟုတ်တဲ့ အရပ်သား အစုလိုက်အပြုံလိုက် ကို သတ်ဖြတ်ခဲ့မှုတွေ၊ လူမျိုးတုန်း သတ်ဖြတ်မှုတွေအတွက် ဘယ်သူမှာ တိတိပပ အရေးယူမခံရသလို ဘယ်တာ ဝန်ရှိသူကမှလည်း တောင်းပန်ခြင်း အပြစ်ပေးခံရခြင်း မရှိသေးစဥ်မှာ အခုလို ဒုက္ခသည်အချို့ ပြန်ဖို့ အစီအစဥ်ကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ သံတမန်ရေးအရ ဖယ်ကြဥ်ခံထားရတဲ့ စစ်ကောင်စီအနေနဲ့ အခုလို ပြန်လက်ခံခြင်းကို ၄င်းတို့လက် ထက်မှာ လုပ်ဆောင်နိုင်တယ်လို့ ပြသဖို့ စိတ်အားထက်သန်နေတာ ထင်ရှားပါတယ်။ တနည်းအားဖြင့် သံတမန် ရေး နိုင်ငံတကာမှာ ဘာအသိအမှတ်ပြုမှုမှ မရရှိထားတဲ့ အခြေအနေမျိုးမှာ အခုကိစ္စကို အရေအတွက် ၁ ထောင် နဲ့ ဒုက္ခသည် ၁ သန်းနီးပါးက သဲတပွင့်နဲ့ တောင်ပမာဏလောက် အရေအတွက်အားဖြင့် မယှဥ်သာသော်လည်း အရည်အသွေးအားဖြင့် လက်ခံနိုင်တယ်ဆိုတာမျိုး လိုချင်တာ ထင်ရှားနေပါတယ်။

ဒုက္ခသည်တွေ ဘက်မှာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၆ နှစ်နီးပါး ကြာမြင့်လာပြီး ကျဥ်းကျဥ်းကျပ်ကျပ် နေရာတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်သလို လုပ်ကိုင်စားသောက်ဖို့ အခွင့်အရေး မရှိတာ၊ ပညာသင်ကြားဖို့အခွင့် အရေးမရှိတဲ့ အနေအထားမှာ နောက်ထပ်နှစ်တွေ နဲ့ချီ ဆက်လက်မနေထိုင် လိုကြသူတွေ တနည်းအားဖြင့် ဒုက္ခ သည်စခန်းရဲ့ အခက်အခဲ အကြပ်အတည်း အနေအထားက လွတ်မြောက်ချင်ကြသူ ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ ဒဏ်ရာတွေကနေ လွတ်မြောက်လို လွတ်မြောက်ငြား ပြန်လာဖို့ ဆုံးဖြတ်လိုက်ကြသူတွေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပင်ဆိုစေကာမူ မြန်မာနိုင်ငံဘက်ပြန်လာမယ့် ရိုဟင်ဂျာဒုက္ခသည် တထောင်ဝန်းကျင်မျှ အရေအတွက်ကြောင့်တော့ ဒုက္ခသည်ပြဿနာ ပြေလည်ဖို့ လမ်းစပွင့်တယ်လို့ မဆိုနိုင်သေးဘူးလို့သာ အကဲဖြတ် ရမှာ ဖြစ်ပါတယ်။ 

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */