" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 27, 2023

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၃၀ ကျော် စစ်တွေမှာ ဖမ်းဆီးခံရ

RFA
2023.03.27
၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။ ရခိုင်နေ့စဉ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆေးသမားကြီးရွာအုပ်စု အုန်းတောချေဒုက္ခသည်စခန်း အနီး ပင်လယ်ကမ်းစပ်မှာ မလေးရှားနိုင်ငံကိုသွားမယ့် ရိုဟင်ဂျာ ၃၄ ဦးနဲ့ စက်လှေမောင်းသူ တစ်ဦးကို မတ်လ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ မတ်လ ၂၄ ရက်နေ့က ဖော်ပြပါတယ်။

အဲဒီရိုဟင်ဂျာတွေဟာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကဖြစ်ပြီး လူကုန်ကူးပွဲစားတွေကို တစ်ယောက်ကို ငွေကျပ် သိန်း ၈၀ ပေးပြီး မလေးရှားနိုင်ငံကို သွားကြတာလို့ ဖော်ပြထားပါတယ်။

သူ့တို့လိုက်ပါလာတဲ့ စက်လှေဟာ ပင်လယ်ပြင်ထဲမှာ ငါးဖမ်းပိုက်နဲ့ငြိပြီး ဆက်ထွက်လို့ မရလို့ ကမ်းကပ်လာချိန် ဖမ်းဆီးခံခဲ့ရတာပါ။

အဖမ်းခံရသူတွေကို လက်ရှိ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားသလို ပို့ဆောင်ပေးတဲ့ စက်လှေမောင်းကိုလည်း ရာဇသတ်ကြီးပုဒ်မ - ၃၆၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့သတင်းမှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်ရှိတဲ့ ရိုဟင်ဂျာတွေဟာ အလုပ်အကိုင်အခွင့်အလမ်းမရှိကြသလို လွတ်လပ်စွာ သွားလာခွင့်လည်းမရတာကြောင့် ဘဝရပ်တည်ရေးခက်ခဲလာပြီး နေမြေသစ်အတွက် စွန့်စားသွားလာနေကြတာလို့ စစ်တွေမြို့နယ် သဲချောင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်း ကော်မတီဝင် ဦးကျော်လှက RFA ကိုပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် အခုလို ဖမ်းဆီးထောင်ချနေတာ မဖြစ်သင့်ဘူးလို့လည်း ဦးကျော်လှက ဆိုပါတယ်။

ရိုဟင်ဂျာတွေဟာ နယ်မြေသစ်ကို ရှာဖို့ကြိုးစားရင်း ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထောင်ချခံရတာတွေ ခံနေရပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကိုသွားရင်း အဖမ်းခံရတဲ့ ရိုဟင်ဂျာ နှစ်ထောင်နီးပါးရှိပြီး အဲဒီအထဲက ရိုဟင်ဂျာ ငါးရာနီးပါးကတော့ ထောင်နှစ်နှစ် ကနေ ငါးနှစ်အထိ ချမှတ်ခံထားရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */