" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 18, 2023

၂၀၂၂ ခုနှစ် ပင်လယ်ပြင်မှာ ရိုဟင်ဂျာတွေသေဆုံးမှုအများဆုံးအဖြစ် ကုလမှတ်တမ်းတင်

VOA
ဗွီ အိုအေမြန်မာပိုင်း
​ခင်မျိုးသက်
၁၈ ဇန်နဝါရီ၊ ၂၀၂၃
YE Asia Photos 2020

၂၀၂၂ ခုနှစ်ဟာ ရိုဟင်ဂျာတွေ ပင်လယ်ပြင်မှာသေဆုံးမှုအများဆုံးဖြစ်သလို အသက်အန္တရာယ်ကြီးတဲ့ ပင်လယ်ပြင်ကိုကျော်ဖြတ်ပြီး ထွက်ပြေးဖို့ကြိုးစားမှုလည်း အများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့မှာပြောပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒီဒုက္ခသည်တွေကို ထိထိရောက်ရောက် အကူညီတွေပေးကြဖို့လည်း ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပန်ကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ ၂၀၂၁ ခုနှစ်ကနဲ့ယှဉ်ရင် ၂၀၂၂ ခုနှစ်ထဲမှာ ဘင်္ဂလားပင်လယ်အော်နဲ့ မုတ္တမပင်လယ်တွေကို သက်စွန့်ဆံဖျားကျော်ဖြတ်ထွက်ပြေးဖို့ ကြိုးစားမှုတွေ အတော့်ကိုများလာတယ်လို့ ကုလသမဂ္ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ပြောခွင့်ရ Shabia Mantoo က ဂျနီဗာကုလသမဂ္ဂရုံးချုပ်မှာ သတင်း ထောက် တွေကို ပြောပါတယ်။

“UNHCR က နောက်ဆုံးရထားတဲ့ စာရင်းတွေအရဆိုရင် ၂၀၂၂ မှာ ဘင်္ဂလားပင်လယ်အော်နဲ့မုတ္တမပင်လယ်ပြင်ထဲမှာ အသက်အန္တရာယ်ကြားက လှေ ၃၉ စင်းနဲ့ ဖြတ်ပြေးဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၃,၅၀၀ ကျော်ရှိနေပါတယ်။ ဒါဟာ ၂၀၂၁ ကနဲ့စာရင် ရာခိုင်နှုန်း ၃၆၀ တိုးလာတာပါ။ ဒီခရီးကို အသက်မသေဘဲ ဖြတ်သွားနိုင်သူကတော့ ၇၀၀ လောက် ရှိပါတယ်။”

လှေနဲ့ထွက်ပြေးတဲ့ ရိုဟင်ဂျာအများစုဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ကတည်းက အာဏာသိမ်းထားတဲ့စစ်တပ်က ခြေမှုန်းမှုတွေဆက်လုပ်နေသလို ရိုဟင်ဂျာတွေထွက်ပြေးရာ ပင်လယ်ကမ်းရိုးတန်း ဒေသတကျောက နိုင်ငံတွေကလည်း ပင်လယ်ပြင်ထဲ ရောက်နေသူတွေကိုကယ်တင်ဖို့၊ လူမှောင်ခိုရန်က ကာကွယ်ဖို့၊ သေသေချာချာလုပ်မပေးကြတာကြောင့် ကုလသမဂ္ဂက သတိပေးလာတာ ဖြစ်ပါတယ်။

ဒေသတွင်း ပင်လယ်ရေကြောင်းဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ပင်လယ်ပြင်ထဲ သီတင်းပတ်ပေါင်းများစွာ မျောနေတဲ့ ရိုဟင်ဂျာလှေတွေကို ပစ်ထားတာ၊ ကမ်းကပ်လာသူတွေကို ပြန်နှင်ထုတ်ထာတွေမလုပ်ကြဖို့ UNHCR က တောင်းဆိုကြောင်းလည်း Shabia Mantoo က ပြောပါတယ်။ တကယ်လို့ ဒေသတွင်း နိုင်ငံတွေ အနေနဲ့ သံန္နိဌာန်ချပြီး ပူးပေါင်းဆောင်ရွက်မှုမလုပ်ရင် ပင်လယ်ပြင်တွင်း သေဆုံးမှုတွေ ပိုတိုးလာဖို့ရှိတယ်လို့လည်း သတိပေးပါတယ်။

UNHCR ရဲ့ စစ်တမ်းတွေအရ ၂၀၂၂ ခုနှစ်မှာ ပင်လယ်ပြင်တွင်း လှေနဲ့ထွက်ပြေးရင်း အသက်ဆုံးရတဲ့ရိုဟင်ဂျာက အနည်းဆုံး ၃၄၈ ယောက် ရှိနေတဲ့အတွက် ဒါဟာ ၂၀၁၄ ကနေဆိုရင် အသက်သေဆုံးရမှု အများဆုံးနှစ်တနှစ် ဖြစ်နေတာပါ။

၂၀၂၂ မှာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ လှေစီးပြေး ရိုဟင်ဂျာတွေထဲက ကမ်းကပ်နိုင်သူ ၃,၀၄၀ ရှိပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ကလေးငယ်ဦးရေက ၄၅ % ပါနေတာတွေ့ရတယ် လို့လည်း ပြောပါတယ်။ မနှစ်က နှစ်ကုန်ခါနီးမှာ အင်ဒိုနီးရှားနိုင်ငံ Aceh ပြည်နယ်မှာ ရိုဟင်ဂျာ ၄၅၀ ကို သယ်ဆောင်လာတဲ့ လှေ ၄ စင်း ကမ်းကပ်ခဲ့သလို သီရိလင်္ကာကိုရောက်သွားတဲ့ လှေတစင်းမှာတော့ ရိုဟင်ဂျာ အယောက် ၁၀၀ ကျော် ပါနေတာပါ။ ပြီးခဲ့တဲ့လတုန်းကတော့ လူ ၁၈၀ ကျော်လောက်ပါတဲ့လှေတစင်း နစ်မြှုပ်မယ့်ဘေးနဲ့ ကြုံခဲ့ရသလို ဒီဇင်ဘာလဆန်းက ပင်လယ်ထဲထွက်လာသူတွေ လကုန်တဲ့အထိကမ်း မကပ်နိုင်ကြသေးတာလည်း တွေ့ရတယ်လို့ ပြောပါတယ်။

၂၀၁၇ ကတည်းက မြန်မာနိုင်ငံကနေ ထွက်လာကြတဲ့ရိုဟင်ဂျာတွေဟာ အခုချိန်ထိ နေရပ်ရင်း မပြန်နိုင်ကြသေးတဲ့အတွက် စိုးရိမ်မှုတွေ တိုးလာနေတယ်လို့လည်း ပြောပါတယ်။

“ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ နောင်ရေးအတွက်ရော၊ သူတို့ရဲ့လုံခြုံမှုနဲ့အကာအကွယ်ရဖို့အတွက် စိုးရိမ်မှုတွေ တိုးလာနေတာပါ။ တချို့ကလည်း သူတို့မိသားစုတွေနဲ့ ပြန်ဆုံချင်ကြပါတယ်။ တချို့ကတော့ သူတို့ရဲ့ အားနည်းတဲ့အခြေနေကို အခွင့်ကောင်းယူပြီး လူကုန်ကူးသူတွေရဲ့ အမြတ်ထုတ်တာခံနေရပါတယ်။

ရှေ့လထဲကျင်းပဖို့ရှိတဲ့ ဘာလီဆွေးနွေးပွဲမှာ ဒေသတွင်းဝန်ကြီးတွေအနေနဲ့ ရိုဟင်ဂျာတွေအပေါ် အမြတ်ထုတ်နေတဲ့ လူကုန်ကူးသူတွေအရေးနဲ့ နယ်မြေကျော်ဖြတ်ဖြစ်ပွါးနေတဲ့ ရာဇဝတ်မှုခင်းတွေအရေးကိုပါ ထည့်သွင်းဆွေးနွေးဖို့ရှိတာကြောင့် ရိုဟင်ဂျာတွေအရေးနဲ့ပတ်သက်ပြီး နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက် ကြဖို့လည်း UNHCR က တိုက်တွန်းလိုက်ပါတယ်။

“ဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး သူတို့ဟာ ဒုက္ခသည်တွေဖြစ်တဲ့အကြောင်း၊ ဒီဒုက္ခသည်တွေဟာ နိုင်ငံတကာရဲ့ အကာကွယ်ပေးမှုလိုနေတဲ့အကြောင်းတွေ ဆွေးနွေးဖို့ လုပ်ရမှာပါ။ သူတို့ကို နေရပ်ရင်း ပြန်မပို့သင့်ပါဘူး။ သူတို့ကို အကာကွယ်ရော အကူညီရော ပေးသင့်ပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ နိုင်ငံ တကာ လိုက်နာရမယ့်ကျင့်ဝတ်အတိုင်း သူတို့ကို ကမ်းပေါ်တက်ခွင့်ပေးဖို့၊ ပင်လယ်ပြင်ထဲကနေ ကယ်ဆယ်ဖို့လုပ်ရမယ့်အပြင် သူတို့ကို အသက်အန္တရာယ်ရှိမယ့်အခြေနေထဲ ပြန်မပို့ဘဲ အကာကွယ်ပေးဖို့ လုပ်ရမှာပါ။”

လက်ရှိမှာ ရိုဟင်ဂျာ အများစုကို ဘင်္ဂလားဒေ့ရှ်ကလက်ခံထားပြီး ခုထက်ပို ထောက်ပံ့ပေးဖို့ လိုနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ ရိုဟင်ဂျာအများစုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေ ဒေသခံတွေန့ အစိုးရကပါ သူတို့ကိုလက်ခံထားပြီး အကာကွယ်ရော၊ အကူညီတွေပါ ပေးနေပါတယ်။ ဒါပေမယ့် သူတို့ကို နေရာချဖို့လုပ်နေတဲ့ကာလအတွင်းမှာ ခုထက်ပို အထောက်အကူပေးဖို့လိုပါတယ်။ ”

ဘင်္ဂလားဒေ့ရှ်အစိုးရလို ရိုဟင်ဂျာတွေကို ကူညီစောင့်ရှောက်မှုပေးကြဖို့လည်း UNHCR ပြောခွင့်ရ Shabia Mantoo က ပန်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခြေနေတွေက ခုထိ မတည်ငြိမ်ဘဲရှိနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဆောင်ရွက်မှုတွေဟာ ရှေ့မတိုးနိုင်ဘဲဖြစ်နေဆဲပါ။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုံးကို လက်မခံတဲ့ မြန်မာစစ်ကောင်စီကတော့ သူတို့ကို စိစစ်ပြီး ပြန်လက်ခံမှာဖြစ်ကြောင်း ပြောကြားထားတာ ဖြစ်ပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */