ဧရာဝတီ
by Muktadir Rashid
7 February 2024

ဘင်္ဂလားဒေ့ရှ်၊ ကောက်ဘဇား၊ အူကီယာသို့ ပြေးဝင်လာသော မြန်မာစစ်ကောင်စီနောက်လိုက် ၂၆၄ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ခေါ်လာစဉ် / Mohibbulla Mohib
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီးဖေဖော်ဝါရီလ ၅ ရက်နေ့က ဘန်ဒါဘန်တွင် လူ နှစ်ဦး သေဆုံးစေသည့် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုကို ပြစ်တင်ရှုတ်ချသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးဌာန၏ မြန်မာနှင့် ဆက်ဆံရေးအကြီးအကဲ မီယန် မိုမက် မိန်နယ် ကဘာက ဒါကာမှ မြန်မာ သံအမတ် ဦးအောင်ကျော်မိုးကို ရခိုင်ပြည်နယ်မှ ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ကန့်ကွက်စာ ပေးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်အရာရှိများက ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟက်ဆန် မာမွတ်က မော်တာကျည်ဆံ ၃၀ ခန့် ဘင်္ဂလားဒေ့ရှ် နယ်မြေအတွင်း ကျရောက်ပြီး အရပ်သား နှစ်ဦးသေကြောင်း ပြောသည်။
ဘန်ဒါဘန်ခရိုင် အကြီးအကဲ ရှား မူဂျာဟစ် အူဒင်က နယ်စပ်တွင် ပြင်းထန်သော တိုက်ခိုက်မှု ဖြစ်ပွားပြီး မော်တာကျည်ဆံများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျရောက်ပြီးနောက် အာဏာပိုင်များသည် မိသားစု ၁၈၀ ခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားကြောင်း ပြောသည်။
ထိုအချိန်မတိုင်မီကလည်း ငြိမ်းချမ်းသောဒေသတွင် နှစ်ဦးသေဆုံးကြောင်း ၎င်းကပြောသည်။
ခရိုင်အုပ်ချုပ်ရေးမှူးသည် နယ်စပ်သို့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သွားရောက်ခဲ့ပြီး ထိုဒေသမှ မိသားစု ၅၀ အနက် ၃၀ ကို ရွှေ့ပြောင်းပေးခဲ့သည်ဟု ပြောသည်။
ဂန်ဒမ် သမဂ္ဂကောင်စီအဖွဲ့ဝင် ရှက်ဖ်ကူး အစ္စလမ်က အာဏာပိုင်များသည် ခိုလှုံရာနေရာတခု စီစဉ်ပေးထားသော်လည်း ကျေးရွာသားအများစုသည် ပိုမိုဘေးကင်းလုံခြုံသည့် ဆွေမျိုးများရှိရာသို့ ရွှေ့ပြောင်းသွားပြီးဖြစ်ကြောင်း ပြောသည်။
ထွက်ပြေးနေသော စစ်ကောင်စီစစ်သားများ
စစ်ကောင်စီစစ်သား ၁၅၈ ဦးသည် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က ပြောသည်။
ထိုမြန်မာစစ်သားများကို လက်နက်ဖြုတ်သိမ်းပြီး ထိန်းသိမ်းထားကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်ချုပ် မိုဟာမက် အာရှရာဖတ်ဇမန် ဆစ်ဒီကွီက ပြောသည်။
မြန်မာနယ်ခြားစောင့်တပ်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၄ ဦးသည် ရခိုင်ပြည်နယ်မှ ဝင်ရောက်လာကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောသည်။
ဗိုလ်ချုပ် ဆစ်ဒစ်ကွီက မြန်မာစစ်သံမှူးနှင့် ထိုသူများကို ပြန်ပို့ပေးရန် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဆွေးနွေးကြောင်း ပြောသည်။
ရိုဟင်ဂျာများကို ပြန်ပို့ခြင်း
နယ်စပ်ကို လှေဖြင့် ဖြတ်ကျော်ရန် ကြိုးစားသည့် ရိုဟင်ဂျာ ၆၅ ဦးကို ဖမ်းထားကြောင်း ဗိုလ်ချုပ် ဆစ်ဒစ်ကွီက ပြော သည်။ “ကျနော်တို့က သူတို့ကို ပြန်ပို့ဖို့လုပ်နေတာ” ဟု သတင်းထောက်များကို ပြောသည်။
ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက မြန်မာမှ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲများအတွင်းအကောင်း ဆုံး စိတ်ရှည်ရန် ညွှန်ကြားထားကြောင်း ဘင်္ဂလားဒေ့ရှ် ဥပဒေဝန်ကြီး အနီဆူဟတ်က ဘင်္ဂလားဒေ့ရှ် ပါလီမန်တွင် ပြောသည်ဟု ဒါကာအခြေစိုက် Daily New Age က ဖော်ပြသည်။
“ဘင်္ဂလားဒေ့ရှ်က အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး လုပ်စရာရှိတာ လုပ်မယ်” ၎င်းကပြောသည်။
အာဏာပိုင်များသည် ရိုဟင်ဂျာများ ပြန်ပို့ရန် မြန်မာစစ်ကောင်စီနှင့် ဆွေးနွေးနေကြောင်းလည်း ပြောသည်။
(ဒါကာမြို့အခြေစိုက် ဧရာဝတီသတင်းထောက် Muktadir Rashid မှ ပေးပို့သော Bangladesh Grills Myanmar Junta Over Cross-Border Shelling ကို ဘာသာပြန်သည်။)
You may also like these stories:
- ဘင်္ဂလားဒေ့ရှ်က မြန်မာနယ်စပ်တွင် လုံခြုံရေး တိုးမြှင့်
- ARSA ဘဏ္ဍာရေးမှူးကို ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး
- ဘင်္ဂလားဒေ့ရှ်ဘဏ်က မြန်မာဘဏ်အကောင့်များအား ထိန်းချုပ်
- နယ်စပ်ဖြတ်ကျော် ပစ်ခတ်လျှင် တုံ့ပြန်ရန်အသင့်ဟု ဘင်္ဂလားဒေ့ရှ် စစ်တပ်ပြော
- ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ
Link : Here
No comments:
Post a Comment