" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 5, 2022

လှည်းကူးမြို့နယ်အတွင်း ရိုဟင်ဂျာလို့ ယူဆရသူ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိ

VOA
ဗွီအိုအေမြန်မာပိုင်း
အောင်အောင်
၀၅ ဒီဇင်ဘာ၊ ၂၀၂၂
(ဓာတ္ပံု-Burma Human Rights Network)

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်ထဲမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေလို့ယူဆရသူ ၁၃ ဦး ရဲ့ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ အမျိုးသား ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပေမယ့် ဘယ်သူဘယ်ဝါရယ်လို့ ဖော်ပြမထားပါဘူး။ ဒီအကြောင်း ရန်ကုန် မေးမြန်းစုံစမ်းထားတာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

ဒီကနေ့မနက်ပိုင်း လှည်းကူးခရိုင် လှည်းကူးမြို့နယ်အနီးက ဘာလားကျေးရွာအုပ်စု ငွေနံ့သာကျေးရွာနဲ့ အမှတ် ၇ လမ်းမကြီးနဲ့ ဆက်သွယ်ထားတဲ့ တပင်ရွှေထီးကားလမ်းဘေးနားမှာ အဲဒီရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက VOA ကို အတည်ပြုပါတယ်။ ရုပ်အလောင်းတွေရဲ့ သွင်ပြင်အနေအထားအရ လူကုန်ကူးခံရသူ ရိုဟင်ဂျာမွတ်ဆလင်တွေလို့ ယူဆကြတဲ့အ ကြောင်း အဲဒီ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။ လုံခြုံရေးကြောင့် သူ့အမည်ကိုတော့ ထုတ်ဖော်မပြောဖို့ မေတ္တာရပ်ခံထားပါတယ်။

“ကျနော်မနက်ကတည်းက အဲဒီကိုရောက်တယ်၊ လိုက်သွားလိုက်တယ်။ အဲဒီထဲမှာ ၁၄ နှစ်၊ ၁၅ နှစ် ၂ ယောက်ပါတယ်။ ကျန်တာတွေက ၂၀၊ ၂၅ အဲဝန်းကျင်လောက်ပဲ ရှိမယ်။ ဒီကလေးတွေက ရိုဟင်ဂျာကလေးတွေဆိုတာ ၁၀၀ နဲ့ ၁၀ ရာခိုင်နှုန်းသေချာတယ်။ ကျနော်တို့သေချာသိတယ်၊ လေ့လာလိုက်တယ်။ ဒီကလေးတွေ မှာ ရိုက်ရာတွေ ဒဏ်ရာတွေပါတယ်။ နောက်ကျောမှာ ရေနွေးပူလောင်းခံထားရတာမျိုး ပါတယ်။ ရိုက်ထားတဲ့ မျက်ခုံးအ ပေါ်မှာ ကွဲရာတွေပါတယ်။ လက်တွေ ခြေထောက်တွေ အနာတရဖြစ်နေတာတွေ ပါတယ်။ အဲမှာ နင်းလိုက်တဲ့အရာတွေတွေ့တယ်။ နင်းလိုက်တဲ့ အရာဆိုတာက ပွဲစားတွေ ဘွတ်ဖိနပ်အရာလား၊ ဘယ်သူ့ ဘွတ်ဖိနပ်အရာလဲ ကျနော်မသဲကွဲဘူး။ ဘွတ်ဖိနပ်အရာတော့တွေ့တယ်။”

စွန့်ပစ်ထားတဲ့ အနေထားနဲ့တွေ့ရပြီး အနီးအနားမှာ တာပေါ်လင် မိုးကာစ၊ ရေသန့်ဗူးအခွံတွေ တွေ့ရှိတယ်လို့ ရုပ်အလောင်းတွေကိုတွေ့မြင်ခဲ့တဲ့ ကူညီကယ်ဆယ်သူကပြောပါတယ်။ ဘာကြောင့်သေဆုံးသွားတယ်၊ ဘယ်သူတွေ စွန့်ပစ်သွားတယ်ဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်အလောင်းတွေကိုတော့ ရင်ခွဲရုံပို့ကာ စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

“ခဏနေတော့လုံခြုံရေးအဖွဲ့တွေရောက်လာတယ်။ ရန်ကုန်ဆေးရုံကြီးကို ပို့တယ်။ ဆေးစစ်ချက်တွေ လုပ်တယ်။ ၁ နာရီခွဲလောက်မှာ ရင်ခွဲရုံကို ပို့တယ်။ ရင်ခွဲရုံကနေ ကျနော်တို့ ၃ နာရီပြန်လာတော့ အလောင်း ၃ လောင်း ရင်ခွဲပြီးပြီ။ အတည်ပြုပြီးတော့ကျနော်တို့ပြန်လာတယ်။ မနက်ဖြန် ၄ နာရီလောက်မှာ ပိုင်ရှင်မဲ့အ လောင်းအနေနဲ့ မြှုပ်နှံပေးဖို့ သူတို့စီစဉ်ပေးမယ် မနက်ဖြန် ညနေ ၄ နာရီမှာ ပိုင်ရှင်မဲ့အနေနဲ့ပေးမယ်။ အဲဒီကျ ကျနော်တို့ မြှုပ်နှံခွင့်ရမယ်။”

ဒီလူတွေဟာ ရခိုင်ဒေသကလာတဲ့သူတွေဖြစ်နိုင်တယ်လို့ သူကမှန်းဆပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရိုဟင်ဂျာတွေဟာ ဒေသကူးခွင့်မရှိတာမို့ လူကုန်ကူးတွေကတဆင့် ရန်ကုန်နဲ့ တခြားပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ခွာဖို့ ကြိုးစားကြရာမှာ မကြာခဏဆိုသလို ဖမ်းဆီးခံရတာတွေရှိပါတယ်။

ဖမ်းဆီးမှုတွေနဲ့ ကြုံနေကြရပေမယ့် ရပ်တန့်သွားခြင်းမရှိဘဲ ပုံသဏ္ဍန်မျိုးစုံနဲ့ ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာသွားလာမှုတွေက ရှိနေဆဲဖြစ်တယ်လို့ မွတ်ဆလင်အသိုင်းအဝိုင်းကပြောပါတယ်။ ရခိုင်ဒေသတွင်းမှာ သူတို့ကို ခရီးသွားလာခွင့်ပိတ်ပင်တာ၊ ကန့်သတ်ထားတာတွေကြောင့်လည်း ဒါတွေက လူကုန်ကူးသူရဲ့ မျက်စိကျစရာ အ ခြေအနေတခုဖြစ်နေတယ်လို့ သူကပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ကတည်းက လူမျိုးရေးပဋိပက္ခကြောင့် IDP စခန်းတွေ ဖွင့်ထားတယ်။ ဒီနေ့ထိ အဲစခန်းတွေဖျက်ပြီး မိမိနေရပ်ကိုပြန်မပို့ထားဘူး။ IDP မဟုတ်ဘဲ ရွာနဲ့နေသူတွေရှိတယ်။ တိုင်းရင်းသားဖြစ်ထားသူတွေကို ဒီနေ့ထိ နိုင်ငံသားအခွင့်အရေးမပေးထားဘူး။ ကျောင်းနေခွင့်၊ ဆေးကုခွင့်မရဘူး။ အလုပ် လုပ်ခွင့်မရှိဘူး။ အဲဒီတွက်ကြောင့် ထွက်ပြေးလာတာတပိုင်းရှိသလို နောက်တခုက လူမှောင်ခိုတွေရဲ့ဆွဲဆောင်မှုနဲ့ ပါလာတာရှိတယ်။ လူမှောင်ခိုပွဲစားတွေကိစ္စက နိုင်ငံရေးပရောဂပါတယ်လို့ သုံးသပ်တယ်။ ၂၀၂၁ အာဏာသိမ်းပြီးချိန်မှာ လူ ၂ ယောက် ၃ ယောက်တောင် သွားလာဖို့မလွယ်၊ စစ်ဆေးမှုများနေချိန်မှာ ရခိုင် ပြည်နယ်ကနေ လူအုပ်ကြီးက ဘယ်လို လာလို့ရလဲ။ လုံခြုံရေးယူထားတဲ့ အစိုးရအဖွဲ့တွေရှိတယ်၊ ULA/AA လို လုံခြုံရေး ယူထားသူတွေရှိတယ်။ ဒီအဖွဲ့အစည်းတွေက ဘယ်လိုဖြစ်လို့ မတားဆီးလဲ။ အဲဒါကို မေးခွန်းမေးခွန်းမေး စရာရှိတယ်။ ဒါမှမဟုတ် သူတို့က မတားဆီးတာလား၊ ဒီလိုမျိုး သံသယ ရှိလာတယ်။”

စစ်ကောင်စီဘက်ကတော့ ရုပ်အလောင်း ၁၃ လောင်းတွေ့တာမှန်ကြောင်းထုတ်ပြန်ထားပေမယ့် ရုပ်အလောင်းတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ ဖော်ပြထားတာမရှိခဲ့ပါဘူး။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး သေမှုသေခင်းဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့ပဲ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၂၇ ရက်မှာလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် (၁) အနီးမှာ မွတ်ဆ လင် ၆၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီအပြင် နိုဝင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ မွတ်ဆလင် သုံးဦး ထပ်မံဖမ်းဆီးခံခဲ့ရတာမို့ လှည်းကူးမြို့နယ်မှာ သုံးရက်အတွင်း စုစုပေါင်း မွတ်စလင် ၇၁ ဦးဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၄ ရက်မနေ့က ထုတ်ပြန်ထားပါတယ်ရှင်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */