" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 9, 2022

ပင်လယ်ထဲမျောနေသည့် ရိုဟင်ဂျာ ၁၅၄ ဦးကို ဗီယက်နမ် သင်္ဘောက ကယ်တင်ပြီး မြန်မာရေတပ်ထံ လွှဲပြောင်းပေး

DVB
December, 2022

ထိုင်းနိုင်ငံအနီးက ပင်လယ်ပြင်မှာ ရက်ပေါင်းအတော်ကြာ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၅၄ ယောက်ပါတဲ့ လှေကို ဗီယက်နမ်နိုင်ငံက ရေနံတင်သင်္ဘောကုမ္ပဏီတခုက ကယ်တင်ပြီး မြန်မာ ရေတပ်ဘက်ကို လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က “ဗီယက်နမ်က Haduco ဆိုတဲ့ ရေနံကုမ္ပဏီတွေကို ဝန် ဆောင်မှုပေးတဲ့ သင်္ဘောကုမ္ပဏီက ကယ်လိုက်တယ်လို့ သိရတယ်။ အဲဒီအချိန်အထိကို လှေပေါ်မှာ ဖုန်းအဆက် အသွယ် ရှိနေတာဆိုတော့ သူတို့ကို ကယ်သွားတယ်ဆိုတာကို ပြန်ပြောတယ်ပေါ့။ သင်္ဘောကုမ္ပဏီက သူတို့အစိုးရ ကို အကြောင်းကြားမှာပဲလေ။ ဒါပေမဲ့ နောက်ဆုံး ကျနော်တွေ့လိုက်ရတဲ့ ဗီဒီယိုဖိုင်က သူတို့က မြန်မာစစ်တပ် ဘက် ဒီဒုက္ခသည်တွေကို လွှဲပေးနေတာတွေ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တိတိကျကျ သတင်းထုတ်ပြန်တာမျိုး မရှိသေးပေမဲ့ ဗီယက်နမ်နိုင်ငံ ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပြီး တက်ကြွလှုပ်ရှားသူတွေ၊ NUG အစိုးရ တာဝန်ရှိသူတွေ ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ ဗီယက်နမ်နိုင်ငံ သင်္ဘောကုမ္ပဏီက စစ်ကောင်စီရေတပ်ကို လွှဲပြောင်း ပေးတဲ့ ရုပ်သံဖိုင်တွေ မျှဝေထားတာကို တွေ့ရပါတယ်။

“စစ်ကောင်စီဘက်ကို လွှဲပြောင်းပေးလိုက်ပြီးနောက်ပိုင်း လုံးဝ အဆက်အသွယ် ပြတ်သွားတယ်။ အခုလို ပင်လယ် ထဲ မျောလာတယ်ဆိုတာ ဘယ်ကပဲလာလာ အာဏာပိုင်တွေက လာဘ်စားပြီး လွှတ်ပေးလို့၊ လူကုန်ကူးတာကို လက်ခံလို့ ဒီဘက်ကို ရောက်လာကြတာ။ အခုလို ဖမ်းတယ်၊ ပြီးရင် သတ်တယ်ဆိုတာက သူတို့အတွက် အပျင်း ပြေ လုပ်နေသလိုပါပဲ။ နိုင်ငံတကာကိုလည်း ဂရုမစိုက်တော့ဘူး။ အခုလူတွေအတွက်လည်း စိုးရိမ်ရတယ်။ ထောင် ချတာတွေ ဘာတွေ လုပ်နိုင်တယ်” လို့ ရိုနေဆန်းလွင်က ပြောပါတယ်။

အဆိုပါဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်က ထွက်ခွာလာပြီး အင်ဒိုနီးရှားနိုင်ငံကို သွားရောက်မယ့်သူတွေဖြစ်တယ် လို့လည်း သိရပါတယ်။

လတ်တလော မြန်မာနိုင်ငံထဲမှာလည်း ရိုဟင်ဂျာဒုက္ခသည်တွေ ဖမ်းဆီးခံရပြီး သတ်ဖြတ် အလောင်းစွန့်ပစ်ခံရတာ တွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */