" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 20, 2022

ရိုဟင်ဂျာများကို နိုင်ငံတကာက ဝိုင်းဝန်းကူညီပေးရေးမြန်မာ နိုင်ငံဆိုင်ရာ ကုလအထူးသံတမန် တိုက်တွန်း

မဇ္စျိမ
20 December 2022


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်း ဟေဇာက အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ လူ့အခွင့်အရေးဆိုင်ရာ လွတ်လပ်သော အမြဲတမ်းကော်မရှင်နှင့် ဒီဇင်ဘာ ၁၉ ရက်က တွေ့ဆုံသည့် အစည်းအဝေးအတွင်း ရိုဟင်ဂျာများကို နိုင်ငံတကာက ချက်ချင်းလက်ငင်း အခိုင်အမာ ထောက်ကူပံ့ပိုးပေးရေးကို တောင်းဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်းနိုင်ငံများတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်နှင့် အခြားနေရပ်စွန့်ခွာသူများအပြင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဆက်ရှိနေသည့် ရိုဟင်ဂျာများ၏ အခက်အခဲဒုက္ခများနှင့် ခုခံနိုင်စွမ်းအားနည်းသော အခြေအနေများနှင့်ပတ်သက်ပြီး ကုလ အထူးသံတမန်က ကော်မရှင်ကို ထုတ် ဖော်ပြောဆိုခဲ့သည်။ လူလူချင်း စာနာမှုကို ပြသသည့် ဘင်္ဂလားဒေ့ရှ်ကို ကုလဘက်က ကျေးဇူးတင်ကြောင်း သူ မက ပြောသလို ပိုမိုပြီး တာဝန်မျှဝေယူရန် အရေးကြီးကြောင်းကို သူမက အလေးပေး ပြောသည်။

ကပ္ပလီပင်လယ်နှင့် မလက်ကာ ရေလက်ကြားတို့တွင် မျောပါရင်း စိုးရိမ်ဖွယ်ရာကောင်းသော အခြေအနေများနှင့် ဆက်လက် ရင်ဆိုင်နေကြရသည့် ရာနှင့်ချီသော ရိုဟင်ဂျာ ယောကျ်ား၊ မိန်းမ၊ ကလေးများကို ဘေးကင်းစွာ ကမ်းကပ်နိုင်ရန်နှင့် အရေးပေါ် ကယ်တင်ပေးနိုင်ရန် ဒေသတွင်းရှိ နိုင်ငံများကို ကုလအထူးသံတမန် ဟေဇာက တိုက်တွန်းတောင်းဆိုသည်။ ဒုက္ခသည်များနှင့် အတင်းအကျပ် နေရပ်စွန့်ခွာကြရသူများအတွက် ဒေသဆိုင်ရာ အကာအကွယ်ပေးရေး မူဘောင်တစ်ခု ဖော်ဆောင်ရန် ကုလအထူးသံတမန်က အာဆီယံကို ဆက်လက်တိုက် တွန်းသွားမည်ဖြစ်သည်။

အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူရန် ရှိနေခြင်းနှင့်အတူ ကုလ အထူးသံတမန်အနေဖြင့် OIC ၊ အာဆီယံတို့နှင့် ပိုမို နီးနီးကပ်ကပ် လက်တွဲအလုပ်လုပ်သွားရန် မျှော်လင့်ထားပြီး ရိုဟင်ဂျာ ဒုက္ခသည်များ၏ နေထိုင်မှုဘဝများကို အသွင်ပြောင်းလဲစေနိုင်ရန်နှင့် လက်ခံနေရာပေးထားသည့် အစုအဖွဲ့များကို အကျိုးဖြစ် ထွန်းစေရန် ပညာရေးနှင့် ကျွမ်းကျင်မှုအရည်အချင်း ဖွံ့ဖြိုးတိုးတက်မှုကို အစွမ်းထက်နည်းလမ်းများအဖြစ် အာ ရုံစိုက်သွားမည် ဖြစ်သည်။

(ကိုလူအေး ဘာသာပြန်သည်)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */