" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 5, 2022

ရခိုင်တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲနေဟု AA ဆို

Myanmar Now
သိန်းဆန်း
Published on Nov 4, 2022
ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် လာရောက်ကြဲချသွားသော ဗုံးသီးအကြွင်းအကျန်တချို့ကို အောက်တိုဘာ ၁၃ က တွေ့ရစဉ်။ (ဓာတ်ပုံ-Palaw K-PDF)

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာနောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်က ဗုံးသီးတပ်ဒရုန်းများ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ရက္ခိုင့်တပ်တော် (AA) ၏ နိုဝင်ဘာ ၁ တိုက်ပွဲသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

အောက်တိုဘာ၂၈ တွင် ကျောက်တော်မြို့အခြေစိုက် စကခ (၉) တပ်မဌာနချုပ်နှင့် အမှတ် ၃၇၄ တပ်ရင်းတို့က လက်နက်ကြီးများဖြင့် တစ်နေကုန် ပစ်ခတ်သလို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်သည် ဟု AA က ဆိုသည်။

နောက်တစ်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် ကျောက်တော်မြို့နယ်၊ ရုပ်သားရွာအနီး ထိုတပ်ရင်းနှင့် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်။

ထို့နောက် ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဒရုန်း ၁ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်၍ ဘုန်းကြီးကျောင်းအ တွင်းပိုင်းအချို့ ပျက်စီးသည်ဟု AA က ဆိုသည်။ 

လက်နက်ကြီးများဖြင့် AA တပ်စခန်းရှိရာနေရာများသို့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒရုန်းများပေါ်မှ ဗုံးချ တိုက်ခိုက် ခြင်း များကို ဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် တိုက်ပွဲများလည်း ပြင်းထန်လာဖွယ်ရှိကြောင်း ၂၀၂၂ ခု သြ ဂုတ်လအတွင်းကလည်း AA ဘက်က ထုတ်ပြန်ထားသည်။

လက်ရှိတိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကောင်စီတပ် အသုံးပြုသော နည်းလမ်းများတွင် အထိုင်ချစခန်းများနှင့် တပ်ရင်း၊ အမြောက်တပ်များဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် လေယာဉ်များ အသုံးပြုခြင်း၊ MLRS အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်း၊ ဗုံးတပ်ဒရုန်းများ အသုံးပြုခြင်းတို့ ပါဝင် သည်ဟု AA က ပြောဆိုထားသည်။  

စစ်တပ်က ရခိုင်ဒေသတွင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ တိုက်ပွဲများပြင်းထန်စဉ်ကတည်းက ဗုံးတပ်ဒရုန်းများ အသုံးပြုခဲ့သည်ဟု သိရသည်။

မြန်မာပြည်တောင်ပိုင်းဒေသတွင်လည်း ၂၀၁၈ ခုနှစ်မှစ၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ စခန်းများကို ဒရုန်းများဖြင့် ထောက်လှမ်းခဲ့သည်။ KNU က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်တွင် စစ်တပ်နှင့်အတူ လက်မှတ်ထိုးထားသော်လည်း စာချုပ်ပါ စည်းကမ်းချက်ကို ဖောက်ဖျက်ပြီး စစ်တပ်က ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်သည်၊ ၂၀၁၉၊ ၂၀၂၀ တွင် ထိုသို့ ထောက်လှမ်းမှု ပိုများလာသည်ဟု KNU က ပြောခဲ့သည်။ 

အာဏာသိမ်းပြီးနောက် မြန်မာပြည်တောင်ပိုင်းတွင် တိုက်ပွဲများပြန်ဖြစ်ရာတွင်လည်း စစ်တပ်၏ ဒရုန်းအသုံးပြုမှု ကို ပြီးခဲ့သည့်လတွင် တွေ့ခဲ့ရသည်။ 

အောက်တိုဘာ ၁၃ နှင့် ၂၀ ရက် တို့တွင် မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ K-PDF ၏ စစ်ဆေးရေးဂိတ်ကို စစ်တပ်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်။

ရသေ့တောင်မြို့နယ်အတွင်း သိမ်းဆည်းရမိသော အစ္စရေးနိုင်ငံထုတ် စစ်မြေပြင်သုံး Skylark I-LEX အမျိုးအစား ကင်းထောက်ဒရုန်းကို AA က ထုတ်ပြန်ထားစဉ်။

ဒရုန်း (Drone) စစ်ဆင်ရေးဆိုသည့် လေကြောင်းအသုံးပြုတိုက်ခိုက်မှုကို စစ်ကိုင်းတိုင်းအပါအဝင် ဒေသအနှံ့ အ ပြား မှ ကာကွယ်ရေးအဖွဲ့များကလည်း တွင်ကျယ်စွာ အသုံးပြုနေပြီး ကင်းထောက်လှမ်းခြင်း၊ ဗုံးကြဲတိုက်ခိုက် ခြင်းများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှု ရှိနေသည်။

သို့ရာတွင် ယခုနောက်ပိုင်းတွင် စစ်ကောင်စီက ဒရုန်းပစ်လက်နက်များ အသုံးပြုပစ်ချခဲ့ခြင်းကြောင့် စစ်ကိုင်း တိုင်း၊ ခင်ဦးမြို့နယ်တွင် PDF အဖွဲ့များ၏ ဒရုန်း ၁၁ စီး၊ ကာလတန်ဖိုး ငွေကျပ်သိန်း ၃၇၀ နီးပါး ပျက်စီးဆုံးရှုံး ခဲ့သည်ဟု ခင်ဦးဒေသခံ ဒရုန်းတပ်ဖွဲ့များက စက်တင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်တပ်သုံး ဒရုန်းများ

စစ်တပ်က အစ္စရေးနိုင်ငံထုတ် စစ်မြေပြင်သုံး Skylark I-LEX အမျိုးအစား ကင်းထောက်ဒရုန်းများဖြင့် လာ ရောက် ထောက်လှမ်းခဲ့ကြောင်း ၂၀၂၀ ဇွန်လတွင် AA က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့သည်။ ထိုဒရုန်းကို ရသေ့ တောင်မြို့နယ်အတွင်း သိမ်းဆည်းရမိခဲ့ပြီး ပျက်ကျဒရုန်းကို လိုက်လံရှာဖွေသည့် ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ သည်ဟု AA က ဆိုသည်။ 

စစ်တပ်သည် ၂၀၁၉၊၂၀၂၀ တွင် AA လှုပ်ရှားသော မြို့နယ် ၃ မြို့နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက် ကာ စစ်ရေးအရှိန်အဟုန်မြှင့်ကာ တိုက်ခိုက်ခဲ့သည်။ 

၂၀၂၀ နှစ်ဆန်းမှစ၍ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက် ဝမြို့နယ်များတွင် ဗုံးတပ်ဒရုန်း အသုံးပြုခဲ့သည်ဟု AA အဆိုအရ သိရသည်။

ဇန်နဝါရီ ၂ တွင် မင်းပြားမြို့နယ်၊ ဖားပြိုရွာ၏ အရှေ့ဘက် စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဘူးသီး တောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းနောက် ဇန်နဝါရီ ၂၃ တွင် ပြုလုပ်သော စစ်တပ်သတင်းစာရှင်းလင်းပွဲ၌ ဒရုန်းများ အသုံးပြုနေသည်မှာ မှန် ကန်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

အောက်တိုဘာ ၁၃ တွင် ရသေ့တောင်မြို့နယ် အောင်သာစည်ကျေးရွာ၏ အနောက်ဘက် AA စခန်းငယ်တစ်ခုကို လက်နက်ကြီး၊ လေကြောင်း၊ ရေကြောင်း ပစ်ကူများအပြင် စစ်သုံးတိုက်ခိုက်ရေးဒရုန်းဖြင့်ပါ ဗုံးကြဲခဲ့သည်။

AA အဖွဲ့က ဒရုန်းအသုံးပြုခြင်း ရှိမရှိ သတင်းမထုတ်ပြန်သေးသလို မည်သည့်ဒရုန်းအမျိုးအစား ပိုင်ဆိုင်ထား သည်ကိုလည်း မသိရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */