" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 9, 2022

ဘူးသီးတောင်က ပရဟိတဆရာ ရိုဟင်ဂျာအမျိုးသား ပစ်သတ်ခံရမှု အပြန်အလှန်စွပ်စွဲမှုတွေရှိနေ

B B C


ဘီဘီစီမြန်မာပိုင်း
2022.10.09

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ပရဟိတဆရာ ရိုဟင်ဂျာအမျိုးသားတစ်ဦး မနေ့မနက်ပိုင်းက ပစ်သတ်ခံရမှုမှာ အပြန်အလှန်စွပ်စွဲမှုတွေရှိနေပါတယ်။

ပရဟိတကျောင်းဆရာ ဦးရှေကုလ်အစ္စလာမ်ဟာ စစ်ရှောင်နေရာကနေ တိရိစ္ဆာန်တွေကို အစာကျွေးဖို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ) တိုက်ပွဲဖြစ်ပွားနေတဲ့ ဂူတာပြင်ကျေးရွာထဲကို သွားရောက်အချိန်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာလို့ တူမတော်စပ်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေ နုက ပြောပါတယ်။

''ရွာမှာ တိုက်ပွဲဖြစ်တော့ ဦးလေးက မိန်းမနဲ့ကလေးတွေကို စစ်တွေကို ပို့ထားလိုက်ပြီး သူက အလုပ်တွေကျန်နေသေးတော့ အနီးနားရွာမှာပဲ စစ်ရှောင်နေတာ၊ မနေ့တုန်းက အိမ်က တိရိစ္ဆာန်တွေကို အစာကျွေးဖို့ ဆိုင်ကယ် ကယ်ရီသမားနဲ့အတူ အသွားမှာ အပစ်ခံရတာ။ ကယ်ရီသမားကတော့ လွတ်သွားတယ်။ အေအေနဲ့ စစ်တပ်က ဂူတာပြင်ကျေးရွာ အနီးတဝိုက်မှာ ခြေကုတ်ယူပြီး သူတို့စစ်ပွဲဖြစ်နေတာ တစ်ပတ်ကျော် ဆယ်ရက်ရှိနေပြီ။ အေအေခြေကုတ်ယူထားတဲ့ရေကန်ကြီးရှိတယ်။ ရေကန်ကြီးရဲ့တောင်ဘက်မှာ ခြုံပုတ်ရှိတယ်။ အဲဒီခြုံပုတ်ဘက်ကနေ လှမ်းပစ်တာတဲ့။ အဝေးပစ်သေနတ်နဲ့ပစ်တဲ့အခါမှာ ကျွန်မဦးလေးက ရင်ဘတ်ကို ထိပြီး ပွဲချင်းပြီးသေသွားတာ''လို့ ရွာခံတွေက ပြောပြတယ်လို့ တူမဖြစ်သူ မဝေဝေနုက ပြောပါတယ်။

တစ်ဖက်မှာလည်း ဦးရှေကုလ်ဟာ နေအိမ်က အပြန် ဂူတာပြင်ကျေးရွာထဲက သောက်ရေကန်နားမှာပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ရွာထဲက စာသင်ကျောင်းနဲ့ ဗလီမှာ စစ်သားတွေရှိတာကြောင့် အဲဒီက စစ်ကောင်စီတပ်သားတွေက ပစ်ခတ်လိုက်တာဆိုပြီး ဒေသခံပြောကြားချက်ကို ကိုးကားကာ Arakan Princess သတင်းဌာနက သတင်းဖော် ပြပါတယ်။

ဦးရှေကုလ်အစ္စလာမ် ပစ်ခတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး အေအေဘက်ကရော၊ စစ်‌ကောင်စီတပ်ဘက်ကပါ တစ်စုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

သေဆုံးခဲ့သူဟာ စစ်တွေတက္ကသိုလ်ကနေ မဟာသိပ္ပံဘွဲ့ရရှိထားသူဖြစ်ပြီး လက်ရှိမှာ ဒေသခံကလေးငယ်တွေအတွက် စာသင်ပေးနေတဲ့ပရဟိတသမားတစ်ဦးဖြစ်ပါတယ်။

ဦးရှေကုလ်အစ္စလာမ် ၂၀၁၆ ခုနှစ်မှာ စစ်တပ်ရဲ့ဖမ်းဆီးတာခံခဲ့ရပြီးနောက် တနှစ်ကျော်အကြာ ၂၀၁၇ ခုနှစ်မှာ ဘူးသီးတောင်ထောင်ကနေ ပြန်လွတ်လာခဲ့သူဖြစ်တယ်လို့ တူမဖြစ်သူ မဝေဝေနုက လူမှုကွန်ရက်မှာရေးသား ပြောဆိုပါတယ်။

ဂူတာပြင်ကျေးရွာဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းမှာ ဒေသခံရွာသားအများအပြားအသတ်ခံရလို့ လက်ရှိ နိုင်ငံတကာတရားရုံး(ICC)ရဲ့ တရားစီရင်ရာမှာ အဓိကကျတဲ့အထောက်အထားတွေရှိတဲ့နေရာလည်း ဖြစ်ပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */