" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 18, 2022

ဘင်္ဂလားဒေ့ရှ်၌ ရိုဟင်ဂျာ ခေါင်းဆောင် ၂ ဦး အသတ်ခံရ

မဇ္စျိမ
16 October 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာ အသိုက်အဝန်း၏ ခေါင်းဆောင်နှစ်ဦးကို လူအုပ်စု တစ်စုက ဓားဖြင့် ထိုးခုတ် သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၆ ရက်တွင် ပြောသည်။ ဒုက္ခသည်ဦးရေ တစ်သန်းနီးပါး နေ ထိုင် နေကြသည့် ကော့ဇ်ဘဇား ခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် လုံခြုံရေးအခြေအနေက ယိုယွင်းဆိုးရွားလာနေသည်။

ဘင်္ဂလားဒေ့ရှ်သည် ၂၀၁၇ ခုနှစ်က အိမ်နီးချင်းမြန်မာနိုင်ငံ၌ စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုတစ်ခုကြောင့် ထွက်ပြေးလာကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန့်ကျဲရှိနေသော ကမ့်စခန်းများတွင် လက်ခံ နေရာပေးထားခဲ့သည်။ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုသည် ယခုအခါ ကုလသမဂ္ဂ အဆင့်မြင့်တရားရုံးတစ်ခုတွင် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ရင်ဆိုင်ထားရသည်။
ပေရေစုတ်ချာနေသော ဒုက္ခသည်စခန်းများတွင် ပြီးခဲ့သည့် လများအတွင်း အကြမ်းဖက်မှု အရှိန်မြင့်တက်ခြင်းကို မြင်တွေ့ထားခဲ့ရပြီး လူဆိုးဂိုဏ်းများသည် သတ်ဖြတ်မှုများနှင့် ပြန်ပေးဆွဲခြင်းများကို လုပ်ဆောင်ရင်း ဒုက္ခ သည်များ၏ အရပ်ဖက်ခေါင်းဆောင်ပိုင်းကို ခြိမ်းခြောက်ရန်နှင့် မူးယစ်ဆေး မှောင်ခိုကူးခြင်းအပေါ် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဒုက္ခသည် စခန်း အမှတ် ၁၃ တွင် အောက်တိုဘာ ၁၅ ရက် ညပိုင်းက ရိုဟင်ဂျာ ကမ့်စခန်းခေါင်းဆောင်နှစ်ဦး အ သတ်ခံလိုက်ရခြင်း ဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်သည် ယခုနောက်ပိုင်းလများအတွင်း အဆိုးဆုံးသော တိုက်ခိုက် မှုဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာရွတ်ခ် အာမက်ဒ်က ပြောသည်။

“လူ ၁၂ ယောက်ကျော် ပါတဲ့ ရိုဟင်ဂျာ ကိုယ်ကျင့်တရား ပျက်ပြားသူတွေဟာ ကမ့်စခန်း ၁၃ ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အသက် ၃၈ နှစ်ရှိ မော်လ်ဗီ မိုဟာမက် ယူနက်စ်ကို ဓားနဲ့ ထိုးခုတ်သတ်ဖြတ်ခဲ့တယ်။ နောက်ပြီး သူတို့ဟာ အခြား ကမ့်စခန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် မိုဟာမက် အန်ဝါကိုလည်း သတ်ဖြတ်ခဲ့တယ်။ ယူနက်စ်က နေရာမှာ ပွဲချင်းပြီး သေဆုံးပြီး အန်ဝါကတော့ ဆေးရုံအရောက်မှာ သေဆုံးတာပါ” ဟု ၎င်းက ပြောသည်။

ယခု တိုက်ခိုက်မှုများသည် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) ၏ လက်ချက်ဖြစ်ကြောင်း ဒုက္ခ သည် ကမ့်စခန်းများ၏ လုံခြုံရေးအတွက် တာဝန်ယူထားရသည့် အထူးရဲတပ်ဖွဲ့ တစ်ဖွဲ့ခွဲတစ်ခု၏ အမည်မဖော်လိုသူ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

“ဒီဖြစ်စဉ်တွေက အေအာရ်အက်စ်အေ ရဲ့ ပစ်မှတ်ထား သတ်ဖြတ်မှုတွေပဲဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခတွေက ဒီ ကမ့်စခန်းတွေရဲ့ လုံခြုံရေး အခြေအနေအပေါ် သက်ရောက်နေတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။
(ကိုလူအေး ဘာသာပြန်သည်)
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */