" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 8, 2022

ဘူးသီးတောင်မှာ ရိုဟင်ဂျာကျောင်းဆရာတစ်ဦး သတ်ဖြတ် ခံရ

RFA
Radio Free Asia
2022.10.08

ပစ်သတ်ခံလိုက်ရသည့် ဂူတာပြင်ရွာခံ ဦးရှေကုလ်။ Photo: Wai Wai Nu Facebook
 

ဦးရှေကုလ်အစ္စလာမ်ဟာ ဂူတာပြင်ကျေးရွာမှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ ကြောင့် စစ်ဘေးရှောင်နေသူတစ်ဦးဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းက ဂူတာပြင်ကျေးရွာ နေအိမ် က အိမ်မွေးတိရိစ္ဆာန်တွေကို အစာသွားကျွေးပြီးအပြန် ပစ်ခတ်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ပစ်သတ်ခံရသူ အသက် ၄၅ နှစ်အရွယ် ဦးရှေကုလ်အစ္စလာမ်ဟာ အဲဒီရွာက ကလေးတွေကို စေတနာ့ဝန်ထမ်း စာသင်ပေးနေတဲ့ ပညာတတ်ကျောင်းဆရာတစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူက မာစတာဘွဲ့ရထားတဲ့ ပညာတတ်တစ်ဦးပေါ့၊ ပစ်ခံရတဲ့ အခြေအနေကို အသေးစိတ် မသိပေမယ့် သူ့ကို စိတ်ညှင်းရွာမှာ ဓလေ့ထုံးစံနဲ့အညီ သဂြိုလ်မယ်လို့ သိထားပါတယ်။"

ဘူးသီးတောင်မှာ ရိုဟင်ဂျာတစ်ဦး ပစ်သတ်ခံရမှု စွပ်စွဲချက်တွေ ကွဲပြားနေ

သေဆုံးသူ ဦးရှေကုလ်အစ္စလာမ်ရဲ့ တူမတော်စပ်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုကတော့ ဒေသခံတွေရဲ့ ပြောပြချက်အရ ဦးလေးဖြစ်သူကို ရက္ခိုင့်တပ်တော် AA က ပစ်ခတ်တာလို့ ယူဆရတယ်လို့ RFA ကိုပြောပါတယ်

"အခု AA ကနေပြီးတော့ ရွာထဲကနေထွက်သွားတာ ၂ ရက်လောက်ရှိပြီလား မသိဘူး ပြောတယ်။ ထွက်သွား ပြီး တော့ စစ်တပ်ဒီဘက်ကို ဝင်လာတယ်။ အခုစစ်တပ်က ပြန်ဝင်လာတယ်ပေါ့နော်။ ရွာသားတွေရဲ့ အပြောအရဆို ရင် အခုပစ်တဲ့ဘက်က AA ကနေပြီးတော့ ပြန်ပြီးခြေကုပ်ယူထားတာ။ ဟိုဘက်ဒီဘက် ပြန်ခွဲသွားတာပေါ့နော် အဲဘက်ကနေပြီးတော့ အခုပစ်တာ။ ဆိုလိုချင်တာက အခုပစ်ခံရတဲ့ဘက်က AA ခြေကုပ်ယူထားတဲ့ ဘက်ကနေ ပစ်တာ။ ရွာထဲကလူတော်တော်များများက အားလုံးလိုလိုက AA ရှိနေတဲ့ ဘက်က AA ခြေကုပ်ယူထားတဲ့ဘက် အခြမ်းကနေ ပစ်ခံရတာဆိုတော့ AA ပစ်တယ်လို့ ယူဆတယ်ပေါ့နော်၊ အဲလိုမျိုး။ "

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ လူမျိုးသတ်ဖြတ်မှု Genocide လုပ်ခံထားရတဲ့အတွက် စိတ်ဒဏ်ရာရရှိ ထားတာဖြစ်ကြောင်း၊ AA ဟာ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် ရိုဟင် ဂျာတွေကို အခုလို ဖမ်းဆီးသတ်ဖြတ်တာတွေကို မလုပ်သင့်ဘူးလို့ ပြောပါတယ်။

မြန်မာစစ်တပ်ရော ရက္ခိုင့်တပ်တော်တို့ကပါ ရိုဟင်ဂျာရွာတွေကို ခြေကုပ်ယူပြီး တိုက်ပွဲဖြစ်နေတာတွေ ရပ်ကြဖို့ ကိုလည်း မဝေဝေနုက တောင်းဆိုလိုက်ပါတယ်။

သေဆုံးသူ ဦးရှေကုလ်အစ္စလာမ်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်လောက်က စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ၁ နှစ် ကျော်မှာ ပြန်လည်လွတ်မြောက်လာခဲ့သူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအကြား သဟဇာတဖြစ်အောင်နေထိုင်ဖို့ လုပ် ဆောင် နေပြီး ဒီလိုလူမျိုးရေး ပဋိပက္ခဖြစ်ပွားအောင် စစ်ကောင်စီတပ်တွေက ရည်ရွယ်ချက် ရှိရှိပစ်သတ်လိုက် တာဖြစ်တယ်လို့ ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

"အဲဒီဂူတာပြင်ရွာထဲမှာ တပ်စွဲထားတာကလည်း မြန်မာစစ်တပ်က တပ်စွဲထားတာ၊ ပစ်တာကလည်း ဂူတာပြင် ရွာထဲကပဲ ပစ်တာ။ ဒီလောက် အဖြေရှင်းနေတာကိုမှ ရက္ခိုင့်တပ်တော်က လုပ်ပါတယ်ဆိုပြီးတော့မှ အဲလိုမျိုး သတင်းအမှားတွေနဲ့ အခြေအမြစ်မရှိတာတွေနဲ့ စွပ်စွဲနေတာကတော့ ရက္ခိုင့်တပ်တော် အပေါ်မှာ မကျေနပ်ချက် တွေနဲ့ တခြားရည်ရွယ်ချက်တွေ ပုဂ္ဂလိကအကျိုးအမြတ်တွေအတွက် အဲလိုမျိုး ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေ တယ်လို့ အဲလိုပဲမြင်တယ်။"

ရက္ခိုင့်တပ်တော် AA အနေနဲ့ လူမျိုးစု နှစ်စုအကြား အမှန်တကယ် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေချင်တယ်ဆိုတာ မှန် ကန်မယ်ဆိုရင် ဦးရှေကုလ်အစ္စလာမ်ကို ပစ်သတ်လိုက်တဲ့ အခြေအနေမျိုးတွေနဲ့ပတ်သက်ပြီး အချိန်မီ ထိန်း သိမ်း ဖို့ လိုအပ်တယ်လို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ကိုရိုနေဆန်းလွင်က ပြောပါတယ်။

"အဓိကကတော့ ကျနော်တို့ ငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်ဆိုရင် ကျနော်ကြားထဲမှာ အဖုအထစ်တွေ ရှိခဲ့တယ်။ ဒါလွန်ခဲ့တဲ့ ၁၀ နှစ်ကစပြီးတော့။ ဒီ့အရင်ကတော့ ကျနော်တို့ တော်တော်လေး အဆင်ပြေခဲ့တယ်။ အခုပြန်ပြီးတော့ တည်ငြိမ်အေးချမ်းလာစမှာ၊ ကျနော်တို့က တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေ ပြန်တည်ဆောက် နေတဲ့အချိန်မှာ ဒီလိုမျိုး ဖြစ်လာတာကို ကျနော့် အနေနဲ့တော်တော်လေး စိမ်မကောင်းဘူး community နှစ်ခု ကြားမှာ ပြဿနာတွေမဖြစ်အောင် ကျနော်တို့က ရှောင်ပြီးတော့ မရေးတာတွေ မပြောတာတွေ အများကြီးရှိ တယ်။ အခုလို ကြီးကြီးမားမားဖြစ်လာတဲ့ ဥစ္စာက ဒါ နိုင်ငံတကာဥပဒေနဲ့လည်း ငြိစွန်းတယ်။ တကယ်ကို ငြိမ်း ချမ်းရေးလိုလားတယ်၊ အပြင်မှာတကယ်ပြောနေတဲ့အတိုင်းပဲ ဖြစ်စေချင်တယ်ဆိုလို့ရှိရင်တော့ အချိန်မီထိန်း သိမ်း ဖို့ လိုတယ်လို့သာ ကျနော်အနေနဲ့ ပြောချင်ပါတယ်ခင်ဗျ။"


ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တွေဟာ ဂူတာပြင်ရွာအနီးမှာ ခြေကုပ်လာယူထားတာကြောင့် နှစ် ဖက်တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။ အဲဒါကြောင့် သူတို့ဟာ စက်တင်ဘာလ လယ် ပိုင်းကတည်းကစလို့ ဘေးလွတ်ရာ အနီးနားရှိ စိမ်းညှင်းပြင်ရွာကို ရွှေ့ပြောင်းနေထိုင် နေကြတယ်လို့ ရွာသား တွေက ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */