" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 7, 2022

ရိုဟင်ဂျာခေါင်းဆောင်ကို သတ်ဖြတ်မှုအတွက် ဘာသာရေး ဆရာကို ဖမ်း

ဧရာဝတီ
7 March 2022

အသက် ၄၀ နှောင်းပိုင်းရှိပြီဖြစ်သော မိုဟစ် အူလာသည် ရိုဟင်ဂျာအရေးကို ဆောင်ရွက်သူများတွင် အထင်ရှား အကျော်ကြားဆုံးဖြစ်သည် / Getty Images

 

မြန်မာနယ်စပ်အနီးမှ ကျယ်ပြန့်လှသော ဒုက္ခသည်စခန်းများတွင် ထင်ရှားသော ရိုဟင်ဂျာ တက်ကြွလှုပ်ရှား သူ တ ဦးကို လွန်ခဲ့သောနှစ်က ပစ်သတ်ရန် အမိန့်ပေးခဲ့သော သြဇာကြီးမားသည့် မွတ်ဆလင်ဘာသာရေးဆရာကို ဘင်္ဂ လားဒေ့ရှ်ရဲများက ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောသည်။

အရေးပါသော လူမှုအခြေပြုအဖွဲ့အစည်း အကြီးအကဲဖြစ်သူ မိုဟစ် အူလာကို လွန်ခဲ့သောနှစ် စက်တင်ဘာလက သတ်ဖြတ်လိုက်ခြင်းသည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှ ဖြိုခွဲမှုများကြောင့် ထွက်ပြေးလာသော သိန်းနှင့်ချီသည့် ဒုက္ခသည် အသိုက်အဝန်းကြားတွင် တုန်လှုပ်မှုများ ဖြစ်စေခဲ့သည်။

 

သူ၏ မိသားစုက ထိုသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံအနောက်ပိုင်းတွင် အဓိက ရိုဟင်ဂျာ သူပုန်အဖွဲ့ ဖြစ်ပြီး စခန်း များအတွင်း မူးယစ်ဆေးမှောင်ခိုမှုနှင့် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) ကို အပြစ်တင်သည်။

စနေနေ့တွင်မူ ဘင်္ဂလားဒေ့ရှ်မှ အဆင့်မြင့် ရဲတပ်ဖွဲ့က စွပ်စွဲခံထားရသော အူလ္လမာကောင်စီ အကြီးအကဲ မော်လဝီ ဇာကိုရီယာကို ဖမ်းဆီးလိုက်သည်။ ထိုကောင်စီသည် ARSA နှင့် အဆက်အသွယ်ရှိသော သြဇာကြီးမားသည့် ဘာ သာရေးဆရာများ ကောင်စီဖြစ်သည်။

“ မော်လဝီ ဇာကိုရီယာက မိုဟစ် အူလာကို လုပ်ကြံသတ်ဖြတ်ဖို့ ဖက်တဝါ ဘာသာရေးအမိန့်ကို ထုတ်ပြန်တယ်။ နောက်တော့ မိုဟစ် အူလာ အသတ်ခံရတယ်။ ဇာကိုရီယာက ပုန်းနေတယ်” ဟု ဘင်္ဂလားဒေ့ရှ် ရဲအရာရှိ နိုင်မူလ် ဟက်က ပြောသည်။

ရိုဟင်ဂျာ ခေါင်းဆောင်တဦးဖြစ်သူ မိုဟစ် အူလာသည် ယမန်နှစ်က ဒုက္ခသည်စခန်းအတွင်း ပစ်သတ်ခံခဲ့ရသည် / AFP


ဇာကိုရီယာသည် မိုဟစ် အူလာနှင့် သဘောထားကွဲလွဲမှုများ ဖြစ်ခဲ့ကြောင်း ရဲအရာရှိ ဟက်က ပြောသည်။

“မိုဟစ် အူလာက ရိုဟင်ဂျာပြည်သူတွေ မြန်မာနိုင်ငံကို ပြန်ဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်။ ဒါပေမယ့် ARSA ရဲ့လုပ်ငန်းက စခန်းတွေမှာ စည်းမဲ့ကမ်းမဲ့ဖြစ်အောင် လုပ်ဖို့ ဖြစ်နေတယ်” ဟုလည်း သူက ပြောသည်။

ရိုဟင်ဂျာအများစုသည် ရှေရိုးစဉ်လာ မွတ်ဆလင်များဖြစ်သည်။ ARSA သည် အူလ္လမာကောင်စီ မှတဆင့် ရိုဟင် ဂျာ များ၏ ဘာသာရေး ကိစ္စများကို တင်းကျပ်စွာ ချုပ်ကိုင်ထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

လွန်ခဲ့သောနှစ် အောက်တိုဘာလကလည်း ARSA သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဒုက္ခသည် စခန်း တခုတွင် အစ္စလမ်မစ် ဘာသာရေးကျောင်းမှ လူ ၆ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရသည်။ ထိုဘာသာ ရေး ကျောင်းသည် ARSA ၏ ပြိုင်ဘက် အစ္စလာမီ မာဟက်က ထိန်းချုပ်ထားသော ကျောင်းဖြစ်သည်ဟု ဆိုသည်။

စခန်းများမှ ဖရိုဖရဲအခြေအနေများနှင့် ဒုက္ခများအကြားတွင် အလုပ်လုပ်ရင်း အူလာနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် များသည် မြန်မာစစ်အုပ်စုလက်တွင် ၎င်းတို့ ပြည်သူများခံစားရသည့် ရာဇဝတ်မှုများကို မှတ်တမ်းတင်ရင်း ဒုက္ခ သည်များအတွက် ပိုမိုကောင်းမွန်သော အခြေအနေများဖြစ်စေရန် ဖိအားပေး ဆောင်ရွက်နေသည်။

ကျောင်းဆရာဟောင်းဖြစ်သော အူလာသည် ၎င်းတို့ မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ပြေးလာသည့် ၂ နှစ် ပြည့် ဆန္ဒပြပွဲကို လူတသိန်းခန့်ဖြင့် စခန်းများတွင် ကျင်းပရာမှ ၂၀၁၉ ခုနှစ်တွင် စတင် ကျော်ကြားလာသည်။

သူသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိုနှစ်က အိမ်ဖြူတော်တွင် တွေ့ဆုံပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ တွင် ကျင်းပသည့် ကုလသမဂ္ဂ အစည်းအဝေးတွင်လည်း မိန့်ခွန်းပြောကြားခဲ့ဖူးသည်။

သို့သော် သူ ထိုသို့ ကျော်ကြားလာခြင်းသည် ARSA နှင့် အဆင်မပြေ ဖြစ်စေသည်။

အူလာသည် ရိုဟင်ဂျာများကို ကိုယ်စားပြုသည့် တခုတည်းသော အသံဖြစ်သည့် ၎င်းတို့နေရာကို ရယူရန် ခြိမ်း ခြောက်နေသူ၊ ၎င်းတို့၏ အကြမ်းဖက်မှုများကို ဆန့်ကျင်သူအဖြစ် ARSA က မြင်ကြောင်း အူလာ၏ လုပ်ဖော်ကိုင် ဖက်များနှင့် တက်ကြွလှုပ်ရှားသူများက ပြောသည်။

ကိုးကား။ ။ AFP သတင်း Bangladesh arrests Rohingya cleric over murder of activist

You may also like these stories:


Topics: ARSA, ဘင်္ဂလားဒေ့ရှ်, ဘာသာရေး, မိုဟစ် အူလာ, မိုအူလ်ဗီ ဇာကိုရီယာ, ရာဇဝတ်မှု, ရိုဟင်ဂျာ

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */