" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 2, 2022

ဒုတိယကမ္ဘာစစ်


ဒုတိယကမ္ဘာစစ် (၁၉၃၉ - ၁၉၄၅) ကို အတိုကောက်အားဖြင့် WW II သို့မဟုတ် World War II ဟုလည်း ခေါ်ကြပြီး ပထမကမ္ဘာစစ်ပွဲ၏ အဆက်အဖြစ် တိုက်ခိုက်ကြသော စစ်ပွဲအဖြစ် စစ်သမိုင်းပညာရှင်များက သုံးသပ်ကြသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများက မဟာမိတ် နှစ်ဖွဲ့အပြိုင်ဖွဲ့၍ တိုက်ခိုက်ကြပြီး ၄င်းတို့မှာ မဟာမိတ်နိုင်ငံများနဲ့ ဝင်ရိုးတန်း နိုင်ငံများတို့ဖြစ်ကြသည်။ စစ်သားဦးရေ သန်း ၁ဝဝ ကျော် ပါဝင်တိုက်ခိုက်ကြပြီး အဓိက ဝင်ရောက်တိုက်ခိုက်ကြသူများသည် ၎င်းတို့၏ အလုံးစုံသော စီးပွားရေး၊ စက်မှုအလုပ်ရုံနှင့် သိပ္ပံနည်းပညာများကို သုံးစွဲကြကာ စစ်ပွဲအတွင်း အသာစီးရရန် ကြိုးစားခဲ့ကြသည်။ ထို့အတူ စစ်ပွဲအတွင်းတွင်လည်း စစ်ရေးပစ်မှတ်တွေအပြင် အရပ်ဖက်ပစ်မှတ်ကိုပါ ဖျက်ဆီးပစ်ကြသေးသည်။ လူပေါင်း သန်း ၇၀ လောက် သေကြေပျက်စီးခဲ့ရာမှာ အများစုမှာ အရပ်သားများဖြစ်သည်။

စစ်ပွဲတစ်ခုလုံးအတွက် ကုန်ကျစရိတ်မှာ အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ( ၁,ဝဝဝ ဘီလီယံ၊ ၁,ဝဝဝ,ဝဝဝ မီလီယံ ) ( ဒေါ်လာသန်းပေါင်း တစ်သန်း ) ခန့်မျှ ကုန်ကျခဲ့ကာ စစ်စရိတ် အကြီးဆုံး စစ်ပွဲဖြစ်ခဲ့သည်။
ပထမကမ္ဘာစစ်ပွဲအပြီးအခြေအနေ

ပထမ ကမ္ဘာစစ်အပြီးတွင် ကျင်းပသည့် ဗာဆိုင်းညီလာခံသည် အမှန်တစ်ကယ်တွင် စစ်နိုင် နိုင်ငံများက စစ်ရှုံးနိုင်ငံများထံမှ အကျိုးအမြတ်များကို တောင်းယူခြင်း၊ စစ်ရှုံးနိုင်ငံများ ကိုစာချုပ်ပါအချက်အလက်များဖြင့် တား ဆီးချုပ်ချယ်ရန် ကြိုးစားကြသည့် ညီလာခံသာဖြစ်သည်။ ထိုညီလာခံတွင် အကျိုးအများဆုံးအနေနှင့် အင်္ဂလိပ်နှင့် ဂျပန်၊ ပြင်သစ်တို့သည် စစ်ရှုံးနိုင်ငံများထံမှ ကိုလိုနီနယ်အများအပြားကို လွှဲပြောင်းရယူပိုင်ဆိုင်ခဲ့ကြသည်။ စစ်ရှုံးနိုင်ငံဖြစ်သည့် ဂျာမနီ(ယခင်သြစတီးယား)မှာ ကိုလိုနီနယ်များသာမက ဥရောပတိုက်ပေါ်ရှိ နိုင်ငံ၏နယ် နိမိတ်များကိုပါ ခွဲဝေပေးခဲ့ရသည့်အတွက် အနစ်နာဆုံးဖြစ်ခဲ့ရသည်။ စစ်ရှုံးနိုင်ငံမဟုတ်သည့်တိုင် အီတလီမှာ မည်သည့်အကျိုးအမြတ်မှ မယ်မယ်ရရ မရရှိဘဲ တိုင်းပြည်အခြေအနေ ဆိုးရွားသည်သာ အဖတ်တင်ခဲ့သည်။ စစ်နိုင်သည့်ဂျပန်မှာလည်း ဝေစုများရသည့်တိုင် အစွန်းရောက် အမျိုးသားရေး စစ်ဝါဒီများက အုပ်ချုပ်လာသည့် အတွက် နယ်ချဲ့ခြင်းကို လိုလိုလားလားပင် ဆက်လက်လုပ်ရန် အားသန်နေခဲ့ပြန်သည်။ စစ်ရှုံးနိုင်ငံများအနေနှင့်လည်း အဖက်ဖက်မှ ဖိနှိပ်ခံရသည့်အတွက် တိုင်းပြည်အခြေအနေမှာ ဆိုးဆိုးဝါးဝါး ဖြစ်နေခဲ့ရပြီး တိုင်းပြည်အ တွင်း အစွန်းရောက် အမျိုးသားရေးဝါဒ ဖြစ်ပေါ်လာရေးအတွက် တွန်းအားပေးနေခဲ့သကဲ့သို့ ရှိနေခဲ့ပြန်သည်။

စစ်ဖြစ်ရသည့် အကြောင်းရင်း

ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံးသည်မှ ဒုတိယ ကမ္ဘာစစ်ကြီး စတင်သည်အထိ ကြားလာလတွင် ကမ္ဘာအရပ်ရပ်၌ လက်ရှိနှင့် လက်မဲ့ဟူ၍ လူတန်းစားနှစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ထိုသို့ ပေါ်ပေါက်ခဲ့ရသည်မှာ စီးပွားရေး စနစ်ဆိုးကြောင့်ဖြစ်ရာ လူအချင်းချင်း မနာလိုမုန်းတီးစိတ်များမှာ ဗလောင်ဆူလျက် ရှိလေသည်။ ပထမ ကမ္ဘာစစ်ကြီးကို အပြီးသတ်ခဲ့သော ဗာဆေးစာချုပ်ကို ချုပ်ဆိုကြပြီးသည့်နောက် ကမ္ဘာ့အခြေအနေမှာ ဒုတိယ ကမ္ဘာစစ် ဖြစ်မည့်အချိန်သို့ တဖြည်းဖြည်း ချဉ်းကပ်ခဲ့သည်။

တရုတ်နိုင်ငံ၌ မဆုံးနိုင်သော ပြည်တွင်းစစ် ဖြစ်နေသည့်အပြင် ဒေသအချို့မှာ ၁၉၃၁ ခုနှစ်တွင် ဂျပန်လက် အောက် ကျရောက်ခံရသည်။ ဥရောပတိုက်တွင် ဆိုဗီယက်တော်လှန်ရေးကြီးကြောင့်လည်း လူအမြောက်အမြား သေကြေပျက်စီးကြရသည်။ အင်္ဂလန်နှင့် ပြင်သစ်ကမူ စစ်ကိုငြီးငွေ့ကာ ထာဝစဉ် ငြိမ်းချမ်းရေးကိုသာ အလိုရှိကြသည်။ ယင်းသို့သောအချိန်တွင် ဗော်လကန်တစ်ဝိုက်နှင့် ဥရောပအလယ်ပိုင်းတို့၌ အဝတ်အထည် အစားအ စာ ခေါင်းပါးခြင်းတည်းဟူသော စီးပွားပျက်ကပ်ဆိုးနှင့် ရင်ဆိုင်တိုးနေရသည်။ မကြာမီပင် စီးပွားပျက် ကပ်ဆိုးကြီးသည် ဥရောပတိုက် တစ်ခုလုံးကို လွှမ်းခြုံမိတော့သည်။ အီတလီတွင် အာဏာရှင် မူဆိုလီနီက မင်းမူ၍ ဂျာမ နီတွင် ဟစ်တလာက အာဏာသိမ်းလေသည်။ နောက်ထပ် ကမ္ဘာစစ်အတွက် အစစအရာရာ အဆင်သင့် ဖြစ်နေလေပြီ။ မီးတောက်ကြီး ထတောက်ရန် မီးပွားတစ်ခု ကျရောက်ဖို့သာ လိုတော့သည်။

လေချိုသွေးသည့် မြူးနစ်အရေး

၁၆၄၇ ခုနှစ် ဝက်စဖေးလီးယားစာချုပ် ချုပ်ဆိုသည့်အခါမှစ၍ ဥရောပတိုက်ကို မရေရာလှသော အာဏာမဲတင်းပေးသည့် စနစ်အပေါ်တွင် တည်ဆောက်ခဲ့သည်။ သို့ရာတွင် ၁၈၁၇ ခုနှစ်တွင် ဂျာမန်ခေါင်းဆောင် ဗစ်ဇမတ်သည် အာဏာမဲတင်းပေးသည့် စနစ်ကို တိုက်ဖျက်၍ ဂျာမနီကို စည်းလုံးပြီးလျှင် ဥရောပတွင် ဂျာမန်တန်ခိုး ကြီးထွားနိုင်အောင် ကြိုးစားခဲ့သည်။ ပထမ ကမ္ဘာစစ်အပြီးတွင် ချုပ်ဆိုသော ဗာဆေးစာချုပ်သည် ပြိုကွဲနေပြီဖြစ်သော အာဏာမဲတင်းပေးသည့် စနစ်ကို ပြန်လည်အသက်သွင်းလိုက်သည်။ သို့ရာတွင် ဟစ်တလာနှင့် နာဇီပါတီ တက်လာသောအခါ ဗစ်ဇမတ်၏ လမ်းစဉ်အတိုင်း ဥရောပတွင် ထိပ်သီးနိုင်ငံကြီး ဖြစ်အောင် ဂျာမနီအား ပြန် လည် ထူထောင်လေသည်။ ယင်းသို့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သော ဝါဒနှစ်ခုသည် မျူးနစ်သဘောတူညီချက်စာချုပ် ချုပ်ဆိုသည့်အချိန်တိုင်အောင် ပဋိပက္ခဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် ဗစ်ဇမတ်နှင့် ဟစ်တလာတို့၏ ဂျာမနီနိုင်ငံ အာဏာလွှမ်းမိုးရေးက စစ်တပ်အင်အား ထောက်ခံမှုဖြင့် အနိုင်ရသွားလေသည်။

ဒုတိယ ကမ္ဘာစစ် အကြောင်းကို မှတ်တမ်းတင်ရာ၌ အာဏာရှင် ဟစ်တလာ၏ အကြောင်းနှင့် မကင်းလွတ်နိုင်ပေ။ ဟစ်တလာသည် ၁၉၃၃ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာပြီးလျှင် ဂျာမန်လူထုကြီး တစ်ရပ်လုံးအား စည်းရုံးလေသည်။ ၁၉၃၆ ခုနှစ်တွင် သူ၏ အင်အားမှာ အားကိုးလောက်အောင် တောင့်တင်းလာပြီးဖြစ်ရကား နိုင်ငံပေါင်းချုပ်အသင်းကြီးမှ နုတ်ထွက်လိုက်ပြီး လိုကားနိုးစာချုပ်ကိုလည်း ဖျက်သိမ်းခိုင်းလေသည်။ ထိုအချိန်တွင် ဂျာမနီနှင့် အီတလီတို့မှာ စစ်တိုက်ရန် အဆင်သင့် ဖြစ်နေကြလေပြီ။

ဗြိတိသျှဝန်ကြီးချုပ် ချိန်ဗာလိန်က ငြိမ်းချမ်းရေး သမားကြီး ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို သူ၏ လက်ထက်တွင် စစ်မဖြစ်အောင် တားဆီးနိုင်လိမ့်မည်ဟု ယုံကြည်သည်။ ဂျာမန်တို့အား မျက်နှာချိုသွေးကာ လေအေးဖြင့်ချော့မြှူလျှင် ရနိုင်မည်ဟုလည်း မျှော်လင့်လေသည်။ ၁၉၃၈ ခုနှစ်၌ ဂျာမနီက ချက်ကိုဆလိုဗားကီးယားကိုပိုင်သော ဆူဒေတင်နယ်ကို တောင်းဆိုသောအခါ ချိန်ဗာလိန်နှင့် ပြင်သစ်ဝန်ကြီချုပ်သည် ယခင်က မိမိတို့ ကတိများကို လျစ်လျူရှုလျက် ဂျာမန်၏ အလိုသို့ လိုက်လျောခဲ့ကြသည်။ အီတလီ၊ ပြင်သစ်၊ အင်္ဂလိပ်နှင့် ဂျာမန်ခေါင် းဆောင်များသည် မျူးနစ်မြို့တွင် စည်းဝေးကာ မျူးနစ်စာချုပ်ကို ရေးဆွဲ၍ ဆူဒေတင်နယ်ကလေးကို ဟစ်တလာ၏ လက်သို့ ပေးအပ်လိုက်သည်။

စစ်ရှုံးဂျာမနီ

ပထမ ကမ္ဘာစစ်တွင် ဂျာမနီနှင့် အပေါင်းအပါနိုင်ငံများမှာ နလံမထူနိုင်အောင် အရှုံးကြီးရှုံးခဲ့ရသည်။ ထိုစစ်တွင် ဂျာမန်တို့သည် လူပေါင်း ၇ သန်းမျှ ဆုံးရှုံးခဲ့သည်။ အချို့မှာ ဒဏ်ရာရရှိ၍ များစွာသော သူတို့မှာ ပျောက်ဆုံးနေလေသည်။ ယင်းသို့ စစ်ရှုံးသောကြောင့် ဂျာမနီတစ်နိုင်ငံလုံး အင်အားပျက်ပြုန်းခဲ့၍ ဖရိုဖရဲဖြစ်နေစဉ် ၁၉၁၉ ခုနှစ်၌ နာဇီပါတီကို ထူထောင်လိုက်သည်။ ဗာဆေးစာချုပ်အရ ဂျာမနီသည် စတုရန်မိုင်ပေါင်း ၁ သန်းမျှ ကျယ်ဝန် း၍ လူဦးရေ ၁၈ သန်းနေထိုင်သော နယ်ပယ်များ၊ ကျောက်မီးသွေး ၄၅ %၊ သံ ၆၅ %နှင့် အခြား မြောက်မြားလှစွာသော ပစ္စည်းများကို စစ်လျော်ကြေး ပေးဆပ်ရသေးသည်။ ဂျာမနီ၏ ကြည်းတပ်၊ ရေတပ်များမှာလည်း အင်အားလျော့ပစ်ခြင်း ခံရလေသည်။

ယင်းစစ်ရှုံးဂျာမနီသည် စစ်နိုင်သောနိုင်ငံများ၏ ဖိထောင်းခြင်းကို ခံနေရသောအချိန်တွင် ဟစ်တလာနှင့် သူ၏ အမျိုးသားဆိုရှယ်လစ် ဂျာမန် အလုပ်သမားပါတီခေါ် နာဇီပါတီ ပေါ်ပေါက်လာသည်။ သို့ရာတွင် ရင်ဆိုင်နေရသော ပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်စွမ်း မရှိချေ။ သူတို့သည် စစ်ကြောင့် အခြေအနေပျက် ဖြစ်ရသော စီးပွားရေးသမား ကလေးများနှင့် ကိုယ်ပိုင်လုပ်ငန်းရှင်များကို မြှောက်ပင့်ပေးသည်။ မရေရာသော စီးပွာ းရေး ကတိများကို ပေးကြသည်။ ထို့အပြင် ကမ္ဘာစီးပွားရေးတွင်လည်း လက်ဝါးကြီးအုပ်နေသော ယဟူဒီများကြောင့်သာ ဂျာမနီနိုင်ငံကြီး စစ်ရှုံးရသည်ဟု စွပ်စွဲကြသည်။ ဂျာမန် တစ်မျိုးသားလုံးအား အိုးမဲသုတ်သော ဗာဆေးစာချုပ်ကို တိုက်ဖျက်ရမည်၊ ဂျာမန်နိုင်ငံသစ် ထူထောင်မည် စသော ကြွေးကြော်သံများဖြင့် ဝါဒဖြန့်ကြသည်။ နောက်ကွယ်တွင်မူ ဂျာမန် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ၊ စစ်ခေါင်းဆောင်များသည် အလုပ်သမား အင်အားစု ဖြိုခွဲရန်နှင့် ဂျာမနီ၏ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် အခွင့်ကောင်းယူကာ နာဇီဂိုဏ်းသားများအား ငွေကြေးဖြင့် အားပေး ကူညီလျက် ရှိကြသည်။

ဗီယာအဆောင် ပုန်ကန်မှု

အစပထမတွင် နာဇီများသည် ထင်တိုင်း မပေါက်ကြချေ။ ၁၉၂၃ ခုနှစ်တွင် ဗီယာအဆောင် ပုန်ကန်မှုကို လုပ် ကိုင်ကြရာတွင် မအောင်မြင်ပဲ ဟစ်တလာနှင့် ခေါင်းဆောင်အချို့သာ ထောင်နန်းစံရလေသည်။ ထိုအချိန်တွင် ဂျာမနီသည် စီးပွားရေးအားဖြင့် အနည်းငယ် နလံပြန်ထူလာသည်။ နိုင်ငံပေါင်းချုပ်အသင်းကြီး ဆောင်ရွက်မှုကြောင့် စစ်လျော်ကြေး ပေးဆောင်ခြင်းမှ အနည်းငယ် သက်သာရာ ရသည်။ သို့ရာတွင် တစ်ကမ္ဘာလုံးသို့ ဂယက်ရိုက်စပြုသော စီးပွားပျက်ကပ်ကြီးကိုကား ရှောင်ကွင်း၍မရချေ။

စီးပွားပျက်ကပ်ကြောင့် နာဇီတို့ အင်အား တက်လာသည်။ အလုပ်လက်မဲ့ဦးရေ တိုးတက်များပြားလာသည်။ကွန် မြူနစ်ရန်ကို ကြောက်ရွံ့သော ဂျာမန်သံမဏိလုပ်ငန်း အရင်းရှင်များသည် နာဇီတို့အား ငွေကြေး အမြောက်အ မြား ထောက်ပံ့ကြသည်။ အလုပ်လက်ကိုင် မရှိသဖြင့် ယောင်ချာချာ ဖြစ်နေသည့် သန်းပေါင်းများစွာသော ဂျာ မန်တို့သည်လည်း ဟစ်တလာ၏ ဝါဒကို ယုံကြည်လျက် ဟစ်တလာကိုပင် မိမိတို့အား ကယ်တင်မည့်သူအဖြစ် ကြည်ညိုလေးစားလာသည်။ လက်ရှိ ဂျာမန်အစိုးရမှာ အင်အားနည်းပါး၍ နာဇီလက်ကိုင် မုန်တိုင်းတပ်သားများကို ကောင်းစွာ မနှိမ်နင်းနိုင်ချေ။ ယင်းသို့ဖြင့် နာဇီတို့၏ အင်အားမှာ ဒီရေအလား တိုးပွားလာရာ ၁၉၃၃ ခုနှစ် ဇန္နဝါရီ ၃၀ ရက်နေ့တွင် ဟစ်တလာသည် အစိုးရအာဏာကို သိမ်းပိုက်လိုက်သည်။ သူ၏ ဝါဒမှာ စစ်ဝါဒ ဖြစ်သည့်အတိုင်း အာဏာရသည့်နေ့မှစ၍ စစ်ကိုလုံးပန်းတော့သည်။ သို့မှသာ အာဏာကို လက်ကိုင်ထားနိုင်ပေမည်။ အရေးပါသော ပါတီခေါင်းဆောင်များမှာ ရာထူးကြီးများ ရရှိ၍ ချမ်းသာကြသည်။ ငယ်သားများမှာလည်း လခကောင်းရာထူးများ အသီးသီး ရရှိ၍ ထိုရာထူးများ လက်လွတ်မသွားစေရန်သာ ကြိုးပမ်းနေကြသည်။

ဒုတိယ နပိုလီယန်

ဟစ်တလာကား ဒုတိယ နပိုလီယန််ပင် ဖြစ်သည်။ သူ၏ရည်မှန်းချက်မှာ တစ်ကမ္ဘာလုံး လွှမ်းမိုးရန် ဖြစ်သည်။ ပထမ ကမ္ဘာစစ် ဖြစ်ရသည်မှာလည်း ဂျာမန်ခေါင်းဆောင်များက ကမ္ဘာကို လွှမ်းမိုးလိုသောကြောင့် ဖြစ်သည်။ ဟစ်တလာလည်း ထိုနည်းနှင်နှင်ဖြစ်သည်။ ဂျာမန်လူမျိုးသည် မြင့်မြတ်သောလူမျိုးဖြစ်၍ အခြားလူမျိုးများက ဂျာမန်လူမျိုးကို ကျိုးနွံခစားကြရမည်ဟု ဟစ်တလာ ယူဆသည်။ ဟစ်တလာ၌ ချင့်ချိန်နိုင်သော စိတ်ဓာတ်ခေါင်း ပါး၍ မိမိကိုယ်ကို ရှေးခေတ်က စစ်သူကြီးဖြစ်ခဲ့သော အယ်လက်ဇန္ဒားနှင့် နပိုလီယန်တို့ထက်ပင် ထင် ပေါ် ချင်လေသည်။

သို့ဖြစ်လေရာ ဟစ်တလာသည် အာဏာကို သူ၏လက်ထဲမြဲအောင် ဆုပ်ကိုင်ထားလေသည်။ ဂျာမန် ရိုက်စတတ်လွှတ်တော်ကို ကြိုတင်ကြံစည်၍ မီးရှို့လိုက်ပြီး အတိုက်အခံအားလုံးကို စွပ်စွဲကာ လိုက်လံနှိမ်နင်းလေသည်။ အချို့အား အကျဉ်းချထားပြီး အချို့အား အဆုံးစီရင် လိုက်သည်။ လွတ်လပ်စွာ ပြောဆိုရေးသားမှုကို ပိတ်ပင် သည်။ အဲလ်ဘတ် အိုင်းစတိုင်းစသော ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီများ၊ သောမတ်မန်းစသော ကမ္ဘာကျော်ဝတ္ထု ရေးဆရာကြီးများကိုလည်း ပြည်နှင်ဒဏ် ပေးခဲ့သည်။ အင်အား နည်းပါးသော ယဟူဒီများအား စနစ်တကျ ညှဉ်း ပန်းသည်။ မိမိအား အတိုက်အခံပြောဆိုသော သာသနာရေး ခေါင်းဆောင်များအားလည်း နှိမ်နင်းလေသည်။

ဗာဆေးစာချုပ်အား ဖောက်ဖျက်ခြင်း

ဟစ်တလာသည် ဗာဆေးစာချုပ်ကို ဤသို့ဖြင့် စက္ကူစုတ်အသွင်သို့ ပြောင်းလဲလိုက်သည်။ ဂျာမနီသည် လက် နက်စုဆောင်းရေးကိုသာ လုံးပန်းလျက် ဂျာမာန်ကြည်းတပ်၊ လေတပ်၊ ရေတပ်များကိုလည်း အပူတပြင်း ချဲ့ ထွင်သည်။

နာဇီတို့သည် ဗာဆေးစာချုပ်ကို မဖောက်ဖျက်ပါဟု ငြင်းဆိုသော်လည်း စစ်ပြင်ဆင်မှုများကိုကား အစွမ်းကုန် လုပ်ကိုင်နေကြသည်။ နိုင်ငံခြား အစိုးရများမှာ မည်သို့မျှ အရေးမယူကြပဲ လက်ပိုက်ကြည့်နေကြသည်။ ဆိုဗီ ယက် တစ်ဦးသာလျှင် ဂျာမန်၏ ရန်စွယ်ကို မြင်သဖြင့် စုပေါင်းကာကွယ်ရေး ပြုလုပ်ရန် အကြံပေးသော်လည်း အချည်းအနှီး ဖြစ်ခဲ့သည်။ သို့သော်လည်း ဆိုဗီယက်သည် စိတ်ပျက်ခြင်းမရှိပဲ အခြားသော ဥရောပနိုင်ငံများနှင့် အချင်းချင်း ရိုင်းပင်းကူညီရန် စာချုပ်ကို မဖြစ်မနေ ချုပ်ဆိုခဲ့သည်။ ယင်းစာချုပ်များအနက် ၁၉၃၅ ခုနှစ်တွင် ချုပ်ဆိုသော ပြင်သစ် - ဆိုဗီယက် မဟာမိတ်စာချုပ်မှာ အထင်ရှားဆုံးဖြစ်သည်။

နိုင်ငံပေါင်းချုပ်အသင်းကြီး မစွမ်းနိုင်ပြီ

၁၉၃၅ ခုနှစ် အောက်တိုဘာတွင် နိုင်ငံပေါင်းချုပ်အသင်းကြီး၏ စွမ်းအားကို မှတ်ကျောက်တင်ကြည့်သော အ ဖြစ်အပျက်တစ်ရပ် ပေါ်ပေါက်လာသည်။ မူဆိုလီနီ ကြီးစိုးနေသော အီတလီနိုင်ငံသည် အာဖရိကတိုက်ရှိ အီသီအိုးပီးယားနိုင်ငံကလေးကို အကြောင်းမဲ့ ဝင်ရောက်တိုက်ခိုက်သည်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးသည် ကျူး ကျော်သော အီတလီအား စီးပွားရေးအရ ကန့်သတ်ရုံမှတစ်ပါး မည်သို့မျှ ထိရောက်စွာ အရေးမယူခဲ့ချေ။ ၁၉၃၆ ခုနှစ် မေလ ၅ ရက်နေ့တွင် အီတလီတပ်များသည် အီသီအိုးပီးယားမြို့တော် အက်ဒစ်အဗာဗာသို့ ဝင်ရောက်ခဲ့ကြသည်။

ယင်းသို့ အခြားနိုင်ငံတစ်ခုကို လက်နက်အားကိုးဖြင့် ကျူးကျော်သိမ်းပိုက်နိုင်ပုံကို မူဆိုလီနီက နမူနာပြလိုက်ပြီး မကြာမီပင် ဟစ်တလာကလည်း အားကျမခံ အစွမ်းပြလိုက်သည်။ ၁၉၃၆ ခုနှစ် မတ်လတွင် ဟစ်တလာ၏ တပ်များသည် ရိုင်းလန်းနယ်ထဲသို့ ချီတက်ကြသည်။ ဗာဆေးစာချုပ်က ရိုင်းလန်းနယ်ထဲတွင် အမြဲတမ်းစစ်တပ်များကို မထားရှိစေရဟု ဆိုထားသည်။ သို့သော် နိုင်ငံပေါင်းချုပ်အသင်းကြီးသည် ဟစ်တလာအား ရှုတ်ချရုံမှလွဲ၍ မည်သို့မျှ မပြုစွမ်းနိုင်ခဲ့ပေ။ ဂျာမန်တပ်များသည် ရိုင်းလန်းနယ်တွင် တပ်စွဲ၍ ခံတပ်များပင် ဆောက်လုပ်ကြသည်။

၁၉၃၆ ခုနှစ် ဇူလိုင်လတွင် ပြည်တွင်းစစ်တစ်ခု ပေါ်ပေါက်လာပြန်သည်။ စပိန်နိုင်ငံတွင် သမ္မတအစိုးရကို ဖက်ဆစ်သူပုန်များက တော်လှန်ကြသည်။ ထိုပြည်တွင်းစစ်ပွဲတွင် ပြင်သစ်နှင့် အင်္ဂလိပ်အမှူးရှိသော ဥရောပနိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်း မရှိသော်လည်း ဂျာမနီနှင့် အီတလီတို့ကမူ သူပုန်များအား ကူညီခဲ့သည်။ ၁၉၃၉ ခုနှစ် မတ်လတွင် သမ္မတအစိုးရ ပြုတ်ကျ၍ ဖက်ဆစ်သူပုန် ဗိုလ်ချုပ်ဖရန်ကို အစိုးရ တက်လာသည်။

၁၆၃၆ ခုနှစ်တွင် အခြားအရေးကြီးသော အဖြစ်အပျက်တစ်ရပ်မှာ ဂျာမနီနှင့် ဂျပန်ပူးပေါင်း၍ ကွန်မင်တန်ဆန့် ကျင်ရေးစာချုပ် ချုပ်ဆိုခြင်းဖြစ်သည်။ နောက်တစ်နှစ်တွင် အီတလီသည် ထိုစာချုပ်တွင် ပါဝင်ဆောင်ရွက်သည်။ ၁၉၄၀ ပြည့်နှစ် စက်တင်ဘာလတွင် ဂျာမနီ၊ အီတလီနှင့် ဂျပန်တို့သည် ၃ နိုင်ငံ မဟာမိတ်စာချုပ် ချုပ်ဆိုခဲ့ကာ ထို ၃ နိုင်ငံအား ဝင်ရိုးတန်းနိုင်ငံများဟု ခေါ်ကြသည်။

၁၉၃၇ ခုနှစ်အတွင်း စပိန်နိုင်ငံသည် ပြည်တွင်းစစ်ဖြင့် ဆူပွက်နေစဉ် အရှေ့တိုင်း၌ ဂျပန်သည် တရုတ်အား စစ်မကြေငြာပဲ တိုက်ခိုက်လျက်ရှိသည်။ လက်နက်အင်အားချင်း ကွာခြားသော်လည်း မျိုးချစ်တရုတ်များသည် အချင် းချင်းသွေးစည်းလျက် ဂျပန်ကို ခုခံကြသည်။ တရုတ်တို့၏ ဇွဲသတ္တိကို ကမ္ဘာက ချီးကျူးခဲ့သည်။

ဩစတြီးယားကျခြင်း

အရှေ့ဖျားဒေသတွင် ဂျပန်တို့ စစ်မီးမွှေးလျက်ရှိစဉ် ဥရောပတိုက်တွင် စစ်ယမ်းအိုးကြီး ပေါက်ကွဲရန် တစ်နေ့တစ်ခြား နီးကပ်လာသည်။ ၁၉၃၈ ခုနှစ်တွင် စိုးရိမ်ဖွယ်ရာ အရေးတော်များ တသီတတန်းကြီး ဖြစ်ပေါ်ခဲ့သည်။

၁၉၃၄ ခုနှစ် ဇူလိုင်လတွင် ဟစ်တလာသည် ဩစတြီးယားအား သိမ်းပိုက်ရန် ကြိုးစားသေး၏။ သို့သော် မအောင်မြင်ခဲ့ချေ။ ၁၉၃၈ ခုနှစ်တွင် ဟစ်တလာသည် ဩစတြီးယား အဓိပတိအား ရာဇသံများ တစ်ခုပြီးတစ်ခုပို့လျက် ခြိမ်းခြောက်လေသည်။ မတ်လ ၁၂ ရက်နေ့တွင် ဂျာမန်စစ်တပ်များသည် ဩစတြီးယားသို့ ချီတက်သိမ်း ပိုက်သည်။

ဩစတြီးယားကို သိမ်းပိုက်ပြီးနောက် နာဇီရန်စွယ်သည် ချက်ကိုဆလိုဗားကီးယားဘက်သို့ ဦးလှည့်ပြန်သည်။ ဟစ်တလာသည် ချက်နိုင်ငံကို သိမ်းပိုက်ရန် အကြောင်းအမျိုးမျိုး ရှာဖွေ၍ ရန်စနေသည်။ ဗြိတိသျှဝန်ကြီးချုပ် ချိန်ဗာလန်သည် သုံးကြိမ်တိုင်တိုင် ဟစ်တလာနှင့် စေ့စပ်ဆွေးနွေးသည်။ ပြင်သစ်နှင့် အင်္ဂလန်တို့သည် ဟစ်တလာ၏ အလိုကို လိုက်လျောနိုင်သလောက် လိုက်လျောကြသည်။ သို့ရာတွင် ဟစ်တလာ မကျေနပ်ချေ။ ၁၉၃၈ ခုနှစ် စက်တင်ဘာလတွင် ဗြိတိသျှဝန်ကြီးချုပ် ချိန်ဗာလန်၊ ပြင်သစ်ဝန်ကြီးချုပ် ဒါလာဒယေးနှင့် မူဆိုလီနီတို့ သည် မျူးနစ်မြို့၌ ဟစ်တလာနှင့် ဆွေးနွေးကြသည်။ ဤကား ဟစ်တလာ၏ အလိုကို နောက်ဆုံး လိုက်လျောခြင်း ဖြစ်သည်။ ဟစ်တလာက နောက်ထပ် နယ်ပယ် မတောင်းတော့ပါဟု ကတိပြုသည်။ သို့ရာတွင် ၁၉၃၉ ခုနှစ်၌ ဟစ်တလာသည် ပရာဟမြို့တော်သို့ ချီတက်၍ ချက်တို့၏ လွတ်လပ်ရေးကို ချေမှုန်းလိုက်သည်။

ဒုတိယ ကမ္ဘာစစ်ကြီး စချေပြီ

ချက်ကိုဆလိုဗားကီးယားအား သိမ်းပိုက်ပြီးနောက် နာဇီတပ်ဦးသည် ပိုလန်ဘက်သို့ လှည့်သွားသည်။ သို့ရာတွင် ဂျာမန်တို့သည် ချက်ခြင်း ဝင်ရောက် မတိုက်ခိုက်သေးပေ။ ဗြိတိန်နှင့် ပြင်သစ်တို့ကလည်း ပိုလန်ကို ဟစ်တလာ တိုက်လျှင် ပိုလန်ဘက်မှ ဝင်ရောက်ကူညီရန် ကတိပေးထားကြသည်။ ထိုအတောအတွင်း ဂျာမနီသည် ဆိုဗီ ယက် ရုရှနှင့် မကျူးကျော်ရေးစာချုပ် ချုပ်ဆိုလိုက်ပြီးနောက် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ပိုလန်ကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်သည်။ ထိုနောက် နှစ်ရက်အကြာတွင် ဗြိတိန်နှင့် ပြင်သစ်တို့သည် ဂျာမနီအား စစ်ကြေငြာလေသည်။ ဤသို့ဖြင့် ဒုတိယ ကမ္ဘာစစ်ကြီး စတင်ခဲ့တော့သည်။

ပိုလန်တိုက်ပွဲ


နာဇီတို့၏ စစ်စက်ယန္တရားကို ပိုလန်တိုက်ပွဲတွင် ကောင်းစွာတွေ့မြင်ရသည်။ လျှပ်တပြက်စစ်ဆင်နည်း ခရီးရောက်ပုံကိုလည်း ပိုလန်သိမ်းပွဲတွင် ရှေးဦးစွာ တွေ့မြင်ရသည်။ ပိုလန်လေယာဉ်ကွင်းများ၊ မီးရထားလမ်အချက် အခြာများကို အပြင်းအထန် ဗုံးကြဲဖျက်ဆီးကြသည်။ နာဇီတို့၏ စစ်ချီစစ်တက်ပုံများမှာ အံ့ဩဖွယ်ရာကောင်းအောင် လျင်မြန်လှသည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် ဂျာမန်များသည် ဝါဆောမြို့တော်၏ ဆင်ခြေဖုံးအထိ ရောက်လာကြသည်။ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဂျာမန်တပ်များက ပိုလန် အနောက်ပိုင်းကို သိမ်းပိုက်ကြသည်။ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရုရှားတပ်များက ပိုလန်အရှေ့ပိုင်းကို ဝင်ရောက်သိမ်းပိုက်ကြသည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဂျာမနီနှင့် ရုရှားတို့သည် မော်စကိုမြို့တော်တွင် စာချုပ်ချုပ်ဆိုပြီး ပိုလန်ကို ခွဲဝေယူကြသည်။ လူဦးရေ သန်းပေါင်း ၂၀ ရှိ၍ စက်မှုလက်မှု ဗဟိုဌာနများ ပါဝင်သော ပိုလန်အ နောက် ပိုင်းကို ဂျာမနီကယူသည်။ လူဦးရေ ၁၄ သန်းရှိ၍ ရေနံထွက်သော အရှေ့ပိုင်းကို ရုရှားက ရရှိသည်။ ယင်းတို့ဖြင့် ပိုလန်နိုင်ငံသည် နိုင်ငံကြီးနှစ်ခု၏ မတရား သိမ်းပိုက်ခြင်း ခံခဲ့ရလေသည်။

အနောက်ဘက် စစ်မျက်နှာ

ပိုလန်နိူင်ငံသည် ဂျာမနီနှင့် ရုရှားတပ်များ၏ ချေမှုန်းဖျက်ဆီးခြင်း ခံနေရစဉ် အနောက်ဘက် စက်မျက်နှာ၌ စစ်အခြေအနေမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည်။ ပြင်သစ်တပ်များသည် မက်ဇီးနိုးခံတပ်နောက် တွင် လပေါင်းများစွာ စစ်မဆင်ပဲ စောင့်ဆိုင်းနေကြသည်။ တခါတရံ ကင်းလှည့်တပ်များ တိုက်ခိုက်သည်မှလွဲ၍ ကြီးကျယ်သော တိုက်ပွဲများ မဖြစ်ပွားသေးချေ။

ကြည်းတပ်များ ငြိမ်သက်နေသော်လည်း ရေတပ်နှင့် လေတပ်များကား အတော်အသင့် လှုပ်ရှားလျက်ရှိသည်။ စစ်ဖြစ်သည်နှင့် တပြိုင်နက် ဂျာမန်လေတပ်သည် အင်္ဂလန်နှင့် ပြင်သစ်မြို့ကြီးများကို ဗုံးကြဲတိုက်ခိုက်လိမ့်မည်ဟု စိုးရိမ်ခဲ့ကြသော်လည်း ဂျာမန်လေတပ်မှာ ထိုအချိန်အထိ ထူးဆန်းစွာ ငြိမ်သက်နေသည်။ ဗြိတိသျှ အာအေအက်ဖ်ခေါ် ဘုရင့်လေတပ်မတော်ကသာ ဂျာမန်ရေတပ်စခန်းဖြစ်သော ကီးသင်္ဘောဆိပ်မြို့ကို သွားရောက် ဗုံးကြဲတိုက်ခိုက်လေသည်။

စစ်ဖြစ်ဦးစ ကာလများတွင် ဗြိတိသျှတို့မှာ အရေးကြီးသော စစ်သင်္ဘောနှစ်စင်း ဆုံးရှုံးရလေသည်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကာရေးဂျီးယပ် အမည်ရှိ လေယာဉ်တင်သင်္ဘော အမြှုပ်ခံရသည်။ အေက်တိုဘာလ ၁၄ ရက်နေ့တွင် ရွိုင်ယယ်အုတ် အမည်ရှိ သင်္ဘောသည် ဂျာမန်တို့၏ တော်ပီဒို ထိမှန်၍ နစ်မြုပ်သွားသည်။ ဗြိတိသျှတို့ကလည်း ဒီဇင်ဘာလတွင် ဂျာမန်ခါးပိုက်ဆောင် စစ်သင်္ဘော ဂရပ်စပီးကို ဥရုဂွေးနိုင်ငံ မွန်တီဗစ်ဒီအိုမြို့ အလွန်၌ ပိတ်မိလေသည်။ ဂျာမန်စစ်သင်္ဘော၏ ကပ္ပတိန်သည် လက်နက်ချ အညံ့မခံပဲ သင်္ဘောကို ဖောက်၍နှစ်မြှုပ်လိုက်သည်။

ဆိုဗီယက် - ဖင်လန် စစ်ပွဲ

အနောက်ဘက် စစ်မျက်နှာတွင် ပြင်းထန်သော တိုက်ပွဲများ မဖြစ်သေးပဲ ငြိမ်သက်နေစဉ် ကမ္ဘာတဝှမ်းလုံးသည် ဆိုဗီယက်ရုရှားဆီသို့ အာရုံစူးစိုက်လျက် ရှိကြသည်။ ဆိုဗီယက်တို့သည် ဂျာမန်တို့နှင့် မကျူးကျော်ရေးစာချုပ် ချုပ်ဆို၍ အနားယူကာ မိမိတို့၏ ကာကွယ်ရေးအင်အား ခိုင်လုံတောင့်တင်းအောင် အချိန်ယူလျက် ရှိသည်မှာ ထင်ရှားသည်။ ပိုလန်အရှေ့ပိုင်းကို သိမ်းယူပြီးနောက် ဆီုဗီယက်သည် အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သွေးနီးယား အစရှိသော ဗောလတစ်နိုင်ငံများနှင့်လည်း စာချုပ်ချုပ်ဆိုကာ ထိုနိုင်ငံများတွင် ဆိုဗီယက် ကြည်း၊ ရေ၊ လေတပ်စခန်းများ အခြေစိုက်လေသည်။ ဖင်လန်နိုင်ငံနှင့်လည်း အလားတူ စာချုပ်မျိုး ချုပ်ဆိုရန် စေ့စပ်ပြောဆိုရာတွင် ဖင်လန်အစိုးရက သဘောမတူသဖြင့် ဆိုဗီယက်နှင့် ဖင်လန် ဆက်ဆံရေးမှာ အခြေအနေဆိုးလာသည်။ ထိုနှစ် နို်ဝင်ဘာ ၂၈ ရက်နေ့တွင် ယခင်က ချုပ်ဆိုခဲ့သော ဆိုဗီယက်နှင့် ဖင်လန် မကျူးကျော်ရေးစာချုပ် ပျက်သွားပြီဟု ရုရှားက တဖက်သတ် ကြေငြာသည်။ နောက်နှစ်ရက် ကြာပြီးနောက် ဆိုဗီယက်တို့သည် ဖင်လန်အား စစ်သုံးကြောင်းခွဲ၌ စတင်တိုက်ခိုက်တော့သည်။

ပထမတွင် ဖင်လန်တပ်များ၏ အပြင်းအထန် ခုခံတိုက်ခိုက်မှုကြောင့် ဆိုဗီယက်တပ်များမှာ ထင်သလောက် ခရီးမရောက်ချေ။ သို့ရာတွင် ရက်အတော်ကြာ တိုက်ပြီးသောအခါ အင်အားမမျှသဖြင့် ဖင်လန်တပ်များမှာ တဖြည် းဖြည်း အရေးနှိမ့်လာသည်။ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများက ဖင်လန်အား စစ်ကူပေးမည်ဟု ဆိုသော်လည်ယင်း အကူအညီများ ရသည်အထိ ဖင်လန်စစ်တပ်များသည် ရန်သူကို ခုခံနိုင်ခဲ့ခြင်း မရှိပေ။ သို့ဖြစ်ရာ ၁၉၄၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့တွင် ဆိုဗီယက် - ဖင်လန် စစ်ပြေငြိမ်းရေးစာချုပ်ကို ချုပ်ဆိုကြသည်။ ယင်းစာချုပ်အရ ဆိုဗီ ယက်ပြည်ထောင်စုသည် မူလတောင်းဆိုချက်များအပြင် အခြားသော အခွင့်အရေးများကိုလည်း ရရှိလိုက်သည်။

နော်ဝေးနှင့် ဒိန်းမတ်

ဆိုဗီယက် - ဖင်လန် စစ်ပြီးဆုံးခါနီးတွင် ယခင်က ငြိမ်သက်နေသော အနောက်ဘက် စစ်မျက်နှာမှာ ရုတ်တရက် လှုပ်ရျားလာသည်။ အထူးသဖြင့် နော်ဝေးနိုင်ငံ တဝိုက်တွင် ပိုမိုလှုပ်ရှားလာသည်။ နော်ဝေးနိုင်ငံမှာ ဘက်လိုက် ကြားနေနိုင်ငံဖြစ်သည်။ ပြည်ထောင် အချင်းချင်း ဥပဒေအရ နော်ဝေးကမ်းခြေမှ သုံးမိုင်အတွင်း မည်သည့်စစ် ဆင်မှုမျှ ပြုလုပ်ခွင့် မရချေ။ သို့ရာတွင် ဂျာမန်တို့သည် ပြည်ထောင်အချင်းချင်း ဥပဒေကို ဖောက်ဖျက်၍ နော်ဝေးသင်္ဘောဆိပ်ဖြစ်သော နားဗစ်မြို့မှ သံများကို သယ်ယူလျက်ရှိသည်။

ထိုအခါ ဗြိတိသျှတို့သည် ကြည့်မနေသာတော့ပဲ နော်ဝေးအား သတိပေးလိုက်သည်။ ဂျာမန်တို့က ထိုအချက်ကို အကြောင်းပြု၍ ၁၉၄၀ ပြည့်နှစ် ဧပြီလ ၉ ရက်နေ့တွင် နော်ဝေးကို ဝင်ရောက်တိုက်ခိုက်လေသည်။ နာဇီပဥ္စမံ တပ်သားများသည်လည်း နော်ဝေးနိုင်ငံတွင်းမှနေ၍ မမှန်သတင်းလွှင့်ကာ လှုံ့ဆော်ပေးသည်။ ထို့နေ့၌ပင် အော်စလိုမြို့တော်နှင့် နားဗစ်ဆိပ်ကမ်းမြို့များမှာ နာဇီလက်တွင်း ကျဆုံးရလေသည်။

နော်ဝေးကို သိမ်းပိုက်သည့်နေ့မှာပင် ဂျာမန်တို့သည် ဒိန်းမတ်ကို သိမ်းယူကြသည်။ အခုအခံဟူ၍ လုံးဝမရှိချေ။ ဒိန်းမတ်အစိုးရမှာ မပြောင်းမလဲ နဂိုအတိုင်းပင် တည်ရှိသော်လည်း စင်စစ်အားဖြင့် ဂျာမန်စစ်တပ်က အုပ်ချုပ်နေလေသည်။ ဒိန်းမတ်နိုင်ငံတွင် အရေးကြီး၍ ကမ္ဘာကျော်သော နို့ထွက်ပစ္စည်း လုပ်ငန်းများကိုလည်း ဂျာမန်တို့ သိမ်းယူကြသည်။

ဒိန်းမတ်နိုင်ငံကလေးကို ဂျာမန်တို့ သိမ်းပိုက်နိုင်သော်လည်း အတ္တလန္တိတ် သမုဒ္ဒရာမြေက်ပိုင်းရှိ ဒိန်းမတ်ပိုင်နယ်များကိုကားမသိမ်းပိုက်နိုင်ချေ။ ဖဲရိုးကျွန်းများကို စောင့်ရှောက်ထားသည့် အိုက်စလန်ကျွန်းကို ဗြိတိန်က သိမ်းယူထားသည်။ ဂရင်းလန်းကျွန်းကို အမေရိကန် ပြည်ထောင်စုက ထိန်းသိမ်းထားသည်။

မဟာမိတ်တို့၏ အဆုံးအရှုံးများ

ဂျာမန်လက်တွင်းသို့ နော်ဝေးနိုင်ငံ ကျဆုံးသွားရခြင်းသည် မဟာမိတ်နိုင်ငံများအဖို့ ကြီးစွာသော ဆုံးရှုံးခြင်းပင် ဖြစ်သည်။ အင်အားကြီးမားသော ဗြိတိသျှရေတပ်ကြီးကို ကျော်လွန်၍ ဂျာမန်များ နော်ဝေးကို မသိမ်းပိုက်နိုင်ဟု ယူဆခဲ့ကြသည်မှာ မဟာမိတ်တို့၏ အမှားကြီးတစ်ရပ် ဖြစ်သည်။ နော်ဝေးနိုင်ငံကို လက်လွှတ်ရပြီးနောက်မဟာ မိတ်တို့သည် ဆက်ကာ ဆက်ကာ အရေးနိမ့်လျက်ရှိသည်။ ၁၉၄၀ ပြည့်နှစ် မေလ ၁၀ ရက်နေ့တွင် ဂျာမန်များက နယ်သာလန်နိုင်ငံကို တိုက်ခိုက်လေသည်။ မဟာမိတ်တို့၏ အခြေခံ သေနင်္ဂဗျူဟာမှာ တစ်နေရာတည်းမှ ခုခံကာကွယ်ခြင်း ဖြစ်သည်။ သူတို့သည် ခိုင်မာသော ခံတပ်များ၏ နောက်မှနေ၍ ရန်သူ၏ အတိုက်ကို စောင့်နေလေ့ရှိသည်။ သို့ဖြစ်ရာ မည်သည့်အချန်၌ မည်သည့်နေရာကို မည်သို့တိုက်မည်ဟူသော စီစဉ်မှုများကို ဂျာမန်တို့က လွတ်လပ်စွာ ရှေ့ဆောင် အသုံးချလျက်ရှိသည်။

ဂျာမန်တပ်များသည် ဘယ်လဂျီယမ်နှင့် ဟော်လန်သို့ဝင်သောအခါ မဟာမိတ်ခေါင်းဆောင်များသည် ဘယ်လဂျီယမ်ဘုရင် လီယိုပို၏ တောင်းပန်ချက်အရ တပ်မကြီး ၂၅ ခုကို ဘယ်လဂျီယမ်သို့ ပို့ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ပြင်သစ် တပ်မဟာများကို မက်ဇီးနိုးခံတပ်နောက်တွင် ဂျာမန်တို့ထိုးစစ်ကို စောင့်ဆိုင်းခုခံရန် ထားရှိသေည်။ သို့ရာတွင် ဂျာမန်များက ခြေလှမ်းတစ်မျိုး လှမ်းကြသည်။ ဘယ်လဂျီယမ်နိုင်ငံတွင်းသို့စဝင်သည့်နေ့မှာပင် ဘယ်လဂျီယမ်ကာကွယ်ရေး၌ သော့ချက်ဖြစ်သော ဖို့အေဗင်အေးမားကို ဂျာမန်တို့ သိမ်းယူလေသည်။ ဂျာမန်လေထီးတပ်သားများသည် ဟော်လန်နိုင်ငံ၏ အရေးကြီးသော လေဆိပ်အားလုံးကို သိမ်းယူ၏။ ပဥ္စမံတပ်သားများ၏ အကူအညီဖြင့် ဒပ်ခ်ျတို့၏ ခုခ့ရေးအင်အားကို အတွင်းမှနေ၍ ဖြိုခွဲလေသည်။ ၄ ရက်အတွင်းတွင် ဂျာမန်တို့သည် ဟော်လန် တစ်နိုင်ငံလုံးကို သိမ်းပိုက်ကြသည်။ ၁၉၄၀ ပြည့်နှစ် မေလ ၁၄ ရက်နေ့တွင် ဒပ်ခ်ျစစ်တပ်များ လက်နက်ချ၍ အညံ့ခံရလေသည်။

ဖို့အေဗင်အေးမား ကျဆုံးပြီးနောက် ဘယ်လဂျီယမ်၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ဖြစ်လာသည်။ ဂျာမန်တပ်စုများသည် ဗရပ်ဆဲမြို့နှင့် အန်တွပ်မြို့များဆီသို့ လှိမ့်ဆင်းခဲ့၍ မေလ ၁၄ ရက်နှင့် ၁၈ ရက်နေ့များတွင် ထိုမြို့နှစ် မြို့မှာ ဂျာမန်တို့လက်အောက် ကျရောက်သွားသည်။

တောင်ဘက်ပိုင်း မျူးစမြစ်ခံတပ်ကြောင်းတွင် ဂျာမန်များသည် သံချပ်ကာစစ်ကားများ လေယာဉ်များ၏ အကူ အညီဖြင့် ဆီဒန်မြို့မှနေ၍ ပြင်သစ်မြောက်ပိုင်းသို့ ထိုးဝင်လေသည်။ မက်ဇီးနိုးခံတပ်မှာ ထင်သလောက် အားမကိုးရတော့ချေ။ ထို့နောက် ဂျာမန်များသည် အင်္ဂလိပ် ရေလက်ကြားကြီးဆီသို့ ချီတက်သည်။ ၁၉၄၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့တွင် လီယိုပိုဘုရင်သည် လက်နက်ချ အညံ့ခံလေသည်။

ဒန်းကတ်မှ ဆုတ်ရခြင်း

ဘယ်လဂျီယမ် ကျပြီးနောက် ဂျာမန်တပ်များသည် ဒန်းကတ်မြို့ကို ဝိုင်းကြပြန်သည်။ အင်္ဂလိပ်တို့ကလည်း ဂျာမန်များကို ခုခံရန် တပ်တစ်တပ်ကို ထားခဲ့ပြီးနောက် ဒန်းကတ်မှ အပြင်းဆုတ်ခွာကြသည်။ မေလ ၂၉ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့တိုင် နေ့ရောညပါ ရနိုင်သမျှ သင်္ဘောအမျိုးမျိုးဖြင့် စစ်တပ်များကို အင်္ဂလန်ကမ်းခြေသို့ ပြန်ပို့ရသည်။ ဗုံးမိုး၊ ကျည်ဆန်မိုးမစဲပဲ ပစ်ခတ်နေသည့်အထဲမှ ဗြိတိသျှနှင့် ပြင်သစ်စစ်သား ၃၃၅၀၀၀ ခန့်ကို သင်္ဘောတစ်ထောင်ခန့်ဖြင့် ရေလက်ကြားကို ဖြတ်၍ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။ စစ်အသုံးအဆောင် အားလုံးကိုကား လက်လွှတ်ခဲ့ရသည်။

ပြင်သစ်ကို နာဇီမျိုခြင်

ဗြိတိသျှတပ်များ ဒန်းကတ်မှ အပန်းတကြီး ဆုတ်ခွာရပြီးနောက် ဗြိတိသျှ တစ်မျိုးသားလုံး စိတ်ဓာတ်မှာ ယခင်ထက်တိုး၍ လှုပ်ရှားတက်ကြွ လာလေသည်။ ဗြိတိသျှ ဝန်ကြီးချုပ် မစ္စတာချာချီကလည်း တိုင်းသူပြည်သားများအား စိတ်ဓာတ်မပျက်ပြားစေရန် ဩဝါဒစကား ပြောကြားသည်။ သို့ရာတွင် ပြင်သစ်အစိုးရ၏ စိတ်ဓာတ်ကား ပျက်ပြားလျက် ရှိလေပြီ။ ဂျာမန်တို့ မလာရောက်မီကပင် အညံ့ခံအရှုံးပေးလိုသော စိတ်မှာ ပြင်သစ်တို့၏ကိုယ်တွင် ကိန်းအောင်းလျက်ရှိသည်။ ဂျာမန်ဘက်တော်သား ဖြစ်သော ပြင်သစ်အစိုးရပိုင်းမှ ခေါင်းဆောင်များကလည်း အရှုံးပေးလိုကြသည်။ ပြည်သူလူထုကြီးမှာ တစ်ရှုံးတည်းရှုံးနေရသဖြင့် စိတ်ပျက်အားငယ်ကာ မည်သူ့ကို အားကိုးရမှန်း မသိရှာတော့ချေ။

စိတ်ဓာတ်ပျက်ပြား နေပြီဖြစ်သော ပြင်သစ်တပ်သားများကို ပြည်လည်စည်းရုံးမိအောင် ဗိုလ်ချုပ်မက်ဇင်းဝေးဂန်းက ကြိုးစားသေးသည်။ သို့သော်လည်း ဂျာမန်ယန္တယားတပ်များ၏ဒဏ်ကို မတွန်းလှန်နိုင်ချေ။ ဂျာမန်တို့သည် စိန်းမြစ်ကမ်းထိရောက်လာကြသည်။ ထိုကဲ့သို့ အရေးကြီးသည့်အချိန်တွင် အီတလီသည် စစ်ထဲသို့ဝင်ရောက် လာ ပြီး ပြင်သစ်၏ နောက်ကျောကို ဓားနှင့်ထိုးလေသည်။ ၁၉၄၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့တွင် မူဆိုလီနီက ပြင်သစ်အာ စစ်ကျေညာ၍ တိုက်ခိုက်သည်။ ဇွန်လ ၁၄ ရက်နေ့တွင် ပြင်သစ်တို့သည် ပဲရစ်မြို့တော်မှ ဆုတ်သွားသဖြင့် ဂျာမန်တို့လည်း မပင်ပန်းပဲ ပဲရစ်မြို့ကို သိမ်းပိုက်နိုင်လိုက်သည်။

ပြင်သစ်အစိုးရသည် ဗောဒိုးသို့ ပြောင်းရွှေ့သွားရသည်။ ဝန်ကြီးချုပ် ရေးနိုး နုတ်ထွက်၍ မာရှယ်ပေတန်း တက်လာသည်။ ပေတန်းသည် အင်္ဂလိပ် ပြင်သစ် စာချုပ်ကို ဖောက်ဖျက်ကာ ဂျာမန်နှင့် စစ်ပြေငြိမ်းရန် စေ့စပ်သည်။ ပေတန်းသည် ဂျာမန်တို့၏ တောင်းဆိုချက်များကို လိုက်လျောကာ ၁၉၄၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့တွင် ဂျာမ နီနှင့် စစ်ပြေငြိမ်းလိုက်သည်။ ဤသို့ဖြင့် ဥရောပတိုက်တွင် လက်နက်နိုင်ငံကြီး တစ်ခုဖြစ်သော ပြင်သစ်သည် ရက်သတ္တပတ် အနည်းငယ်အတွင်း နာဇီတို့၏ လက်တွင်းသို့ လုံးဝ သက်ဆင်းသွားရသည်။

ပြင်သစ်ကို သိမ်းပိုက်နိုင်လိုက်ခြင်းမှာ ဂျာမန်တို့အဖို့ ကြီးစွာသော အကျိုးကျေးဇူးကို ဖြစ်စေသည်။ ပြင်သစ်ထံမှ သိမ်းပိုက်ကြေး ရသည့်အပြင် ဂျာမန်တပ်များကို ပြင်သစ်တို့က ထောက်ပံ့ထားရသည်။ ဥရောပ အနောက်ကမ် းခြေကို ဂျာမန်တို့က ထိန်းချုပ်ထားလေသည်။

ပြင်သစ်၊ ဘယ်လဂျီယမ်နှင့် ဟော်လန်နိုင်ငံများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နိုင်သဖြင့် ဂျာမန်စစ်တပ်များအား မည်သည့်နိုင်ငံကမျှ နိုင်အောင်တိုက်နိုင်လိမ့်မည် မဟုတ်ဟု ထင်ကြသည်။ ပေတန်းအစိုးရသည် ဗီရှိမြို့သို့ ပြောင်းရွှေ့၍ ရုံးစိုက်သည်။ သို့ရာတွင် ဟစ်တလာ၏ သဘောတူညီချက် အရသာ ပေတန်းအစိုးရ တည်မြဲနေခြင်းဖြစ်သည်။ ပြင်သစ် စစ်ခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်ချုပ်ဒီဂေါမှာ ဂျာမန်လက်အောက်သို့ မဝင်ဘဲ အင်္ဂလန်တွင် ခိုလှုံနေယင်း အင်အားစုဆောင်းလျက် ရှိသည်။

ဗြိတိန်တိုက်ပွဲ

ဂျာမန်လက်အောက်သို့ ပြင်သစ်နိုင်ငံကြီး ကျသွားရခြင်းသည် ကြားနေနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ရုရှားတို့ကို များစွာ ထိခိုက်စေသည်။ စစ်ဖြစ်စတွင် အမေရိကန်သည် ကြားနေ ရေးဝါဒကို တင်းကျပ်စွာ လိုက်နာခဲ့သည်။ သို့သော် ပြင်သစ်နိုင်ငံကြီး ကျဆုံးသွားသောအခါ ကြားနေရေးဝါဒကိုလိုက် မနေနိုင်တော့ဘဲ စစ်အင်အားတိုးချဲ့ကာ မဟာမိတ်နိုင်ငံများအား အစွမ်းကုန် ကူညီရတော့သည်။ ၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ဗြိတိန်နှင့် အမေရိကန် နှစ်ပြည်ထောင် သဘောတူညီ စာချုပ်ရေးထိုးသည်။ ထိုစာချုပ်အရ အမေရိကန် စစ်သင်္ဘောဟောင်း ၅၀ ကျော်ကို ဗြိတိန်ကရရှိ၍ ဗြိတိသျှပိုင် ကဒန်းများပေါ်တွင် အမေရိကန် စစ်စခန်းများ ဆောက်လုပ်ခွင့် ပြုသည်။

ဗြိတိန်လေကြောင်းတိုက်ပွဲ

ဟစ်တလာသည် ပြင်သစ်ကို သိမ်းပြီးနောက် နှစ်လခန့် အချိန်ယူ၍ နေလေသည်။ ထိုအတောအတွင်း ဗြိတိသျှတို့သည် စစ်အတွက် ပြင်ဆင်မှုများကို အပြင်းအထန် လုံးပန်းလေသည်။ ၁၉၄၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ဂျာမန်လေတပ်သည် အင်္ဂလန်ရှိ အချက်အခြာမြို့ကြီးများကို စတင်၍ အပြင်းအထန် ဗုံးကြဲလေသည်။ ဗြိတိန်တိုက်ပွဲကြီးကား စလေပြီ။ ဂျာမန်တို့သည် ရာပေါင်းများစွာသော လေယာဉ်ပျံဖြင့် တစ်သုတ်ပြီးတစ်သုတ် ဗြိတိသျှ လေယာဉ်ကွင်းများ၊ စက်ရုံများ၊ ခံတပ်များ၊ မြို့ကြီးများကို ဗုံးကြဲတိုက်ခိုက်သည်။ သို့ရာတွင် ဗြိတိသျှတို့ကို အလွယ်တကူနှင့် မအောင်မြင်နိုင်ချေ။

ဗြိတိသျှ လေတပ်ကလည်း မိမိထက် အရေအတွက်များသော ဂျာမန်လေယာဉ်များကို အောင်မြင်စွာ ခုခံဖျက်ဆီးလေသည်။ သို့ရာတွင် ဂျာမန်လေတပ်က အဆက်မပြတ် ဗုံးကြဲလျက်ပင်ရှိသည်။ စက်တင်ဘာလ ၂ ရက်နေ့တွင် ဗြိတိန်ကို လာရောက်တိုက်ခိုက်သော ဂျာမန်လေယာဉ်ပေါင်း ၆၅၀ ခန့်ရှိသည်။ ဗြိတိသျှတပ်ကလည်း ဂျာမန်လေယာဉ် ၁၀ စင်းလျှင် ၁ စင်းကို ပစ်ချနိုင်ခဲ့သည်။ ထို့နောက်တွင် ဂျာမန်များသည် နေ့ရောညပါ ဗုံးကြဲတိုက် ခိုက် လေသည်။ စစ်ရေးစစ်ရာနှင့်ဆိုင်သော နေရာများသာမက စစ်နှင့် တိုက်ရိုက် မသက်ဆိုင်သော နေရာများကိုလည်း ဗုံးကြဲဖျက်ဆီးလေသည်။ ၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ တိုက်ပွဲမှာ အပြင်းထန်ဆုံးဖြစ်သည်။ သို့ရာ တွင် များစွာသော ဂျာမန်လေယာဉ်တို့မှာ ဗြိတိသျှ လေကြောင်းကာကွယ်ရေး ထုထည်ကြီးကို မထိုးဖောက်နိုင်ကြချေ။ နောက်ဆုံးတွင် ဂျာမန်တို့သည် ဗြိတိန်အား လေကြောင်းမှ အပြတ်အသတ် တိုက်ခိုက်ရန် အကြံကို လက်လျှော့လိုက်ရသည်။

ဗြိတိန်တိုက်ပွဲကို ဗြိတိသျှတို့ အောင်မြင်လိုက်ခြင်းမှာ အလွယ်တကူ မဟုတ်ပေ။ ဤတိုက်ပွဲတွင် လန်ဒန်မြို့တော်နှင့် အခြားမြို့ကြီးများ ဂျာမန်ဗုံးဒဏ်ကြောင့် မရှုမလှ ပျက်စီးခဲ့ရသည်။ ထောင်ပေါင်းများစွာသော အရပ်သူ အရပ်သားများလည်း သေကြေပျက်စီးရသည်။ မသေဆုံးသူများမှာလည်း ကိုယ်လက်အင်္ဂါ ချွတ်ယွင်းကြရသည်။ ဗြိတိသျှ သားကောင်းရတနာ ဖြစ်သော လေကြောင်း သူရဲကောင်းများလည်း ကျဆုံးခဲ့ရသည်။

ဝင်ရိုးတန်းနိုင်ငံများ

ဗြိတိသျှတို့အား လေကြောင်းမှ တိုက်ခိုက်ရန်အကြံကို လက်လျှော့ရပြီးနောက် ဟစ်တလာသည် နောက်ထပ် အကြီးအကျယ် ထိုးစစ်ဆင်ရန် မကြိုးစားတော့ချေ။ တစ်ဖက်တွင် တစ်နေ့တစ်ခြား အင်အားကြီးမားလာသော ဆိုဗီယက်ရုရှား၏ရန်ကို ဟစ်တလာသည် သတိထားနေသည်။ ဆိုဗီယက်ရုရှားမှာ ထိုအချိန်အထိ ဟစ်တလာ၏ မဟာမိတ်ဖြစ်နေသော်လည်း မူလကတည်းက နာဇီတို့အား မုန်းတီးသောစိတ်ကို ကြာရှည်စွာ လျှို့ဝှက်မထားနိုင်ကြချေ။ ထိုအချက်ကို ကောင်းစွာသိသော ဟစ်တလာသည် ရှေးဦးစွာ ဆိုဗီယက်ရုရှားကို နှိမ်နင်းပြီးလျှင် ဥရောပတိုက် တစ်တိုက်လုံးကို စိုးမိုးရန် ကြံရွယ်သည်။

၁၉၄၀ ပြည့်နှစ် စက်တင်ဘာလတွင် နာဇီများ၏ အားပေးကူညီမှုဖြင့် ရူမေးနီးယားတွင် တော်လှန်ရေးဖြစ်ပွားပြီး ကဲရောဘုရင်သည် ထီးနန်းစွန့်လွှတ်လိုက်ရသည်။နောက်တစ်လခန့်အကြာတွင် ရူမေးနီးယား တစ်နိုင်ငံလုံးကို ဂျာမန်တို့က သိမ်းပိုက်လိုက်သည်။ ဟန်ဂေရီမှာကား ဂျာမနီ၏ ဩဇာခံဖြစ်နေသည်။ ဟစ်တလာသည် ကြားနေနိုင်ငံ အမေရိကန်နှင့် ဆိုဗီယက်တို့၏ အင်အားစုကို ဖြိုခွဲရန် အီတလီ၊ ဂျပန်တို့နှင့် ပူးပေါင်းလေသည်။ ၁၉၄၀ ပြည့်နှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် ဝင်ရိုးတန်းနိုင်ငံများဟူ၍ ပေါ်ပေါက်လာသည်။

ထိုနေ့တွင် ချုပ်ဆိုသော စာချုပ်အရ ဥရောပတိုက်တွင် ဂျာမနီနှင့် အီတလီတို့၏ ခေါင်းဆောင်မှုကို ဂျပန်ကအသိ အမှတ်ပြု၍ အာရှတွင် ဂျပန်၏ ဦးဆောင်မှုကို ဂျမနီနှင့် အီတလီက အသိအမှတ် ပြုရသည်။ တစ်နိုင်ငံအား ပြင်ပရန်သူများ တိုက်ခိုက်ခဲ့သော် တစ်ဦးကို တစ်ဦးကူညီရန် သဘောတူညီကြသည်။ ဟစ်တလာသည် သူ၏ ခေတ် သစ် ထူထေင်မှု လုပ်ငန်းစဉ်ထဲသို့ ဆိုဗီယက်အား ဆွဲသွင်းရန် ကြိုးစားခဲ့သေးသည်။ ဤသို့ကြိုးစား၍ မအောင် မြင်သည့်အဆုံး ဆိုဗီယက်အား ကျူးကျော်တိုက်ခိုက်ရန် စီစဉ်တော့သည်။ ဆိုဗီယက်တို့ကလည်း ပြန်လည်ခုခံရန် ပြင်ဆင်လေသည်။

၁၉၃၉ ခုနှစ်က အီတလီသည် အယ်လ်ဗေးနီးယားပြည်နယ်ကလေးကို သိမ်းခဲ့သည်။ တဖန် ၁၉၄၀ ပြည့်နှစ်တွင် ဂရိကို တိုက်ခိုက်သည်။ သို့ရာတွင် ရုတ်တရက် မအောင်မြင်ဘဲ ရှိသဖြင့် ဂျာမန်တို့၏ အကူအညီကို တောင်းယူရသည်။ အီတလီတပ်များသည် ဗြိတိသျှတို့၏ လက်တွင် နှစ်ကြိမ်တိုင်တိုင် အကြီးအကျယ် ဆုံးရှုံးသည်။ အထူးသဖြင့် လစ်ဗျန်သဲကန္တရတိုက်ပွဲမှာ အီတလီတို့အဖို့ အနစ်နာဆုံး တိုက်ပွဲဖြစ်သည်။

ဗြိတိန်အား အမေရိကန်ကူရပြီ

ဂရိနှင့် လစ်ဗီးယားတွင် အီတလီတပ်များ အရေးနိမ့်နေစဉ် အမေရိကန်ပြည်ထောင်စုသည် စစ်ထဲဝင်ရန် ခြေလှမ်းလျှက် ရှိသည်။ ဗြိတိသျှတို့သည် စစ်ပစ္စည်းများကို အမေရိကန်ပြည်ထောင်စုထံမှ ဝယ်ယူလိုက်ရာ ၁၉၄၀ ပြည့်နှစ် အကုန်လောက်တွင် ဒေါ်လာငွေများ ကုန်ခမ်းသွားသဖြင့် အခက်အခဲနှင့် တွေ့ရလေသည်။ ဂျာမန်ယူ ဘုတ် ခေါ် ရေငုပ်သင်္ဘောများကလည်း မဟာမိတ် ကုန်းသင်္ဘောများကို အစားမထိုးနိုင်လောက်အောင် နှစ်မြှုပ်လျက်ရှိသည်။

ယင်းအခက်အခဲကို ကျော်နင်းနိုင်ရန် အမေရိကန် သမ္မတ ရူးစဗဲ့က နည်းလမ်းသစ်များကို တီထွင်လိုက်၏။ ထိုနည်းလမ်းများမှာ အမေရိကန်ပြည်ထောင်စုမှ စစ်ပစ္စည်းများကို ဗြိတိန်နိုင်ငံသို့ ခေတ္တငှားထားပြီးလျှင် စစ်ပြီးသောအခါ အမေရိကန်ပြည်ထောင်စုသို့ ပြန်ပေးအပ်ရန်ပင် ဖြစ်တော့သည်။ ထိုအစီအစည်မှာ ကောင်းလွန်းသောကြောင့် ၁၉၄၁ ခုနှစ်တွင် အမေရိကန်လွှတ်တော်က အငှားချအကြွေးပေး ဥပဒေကြမ်းကို အတည်ပြုလိုက်သည်။ စစ်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာ၌ ဂျာမန်ရေငုပ်သင်္ဘောများ၏ အန္တရာယ်ကို ကာကွယ်ရန် သင်္ဘောများကို အမေရိကန်ရေတပ်က ဥရောပတိုက်နှင့် အိုက်စလန်ကဒန်းအထာ အစောင့်အရှောက်နှင့် လိုက်ပို့ပေးခဲ့ရသည်။

အာဖရိက နှင့် အရှေ့အနီးပိုင်းနိုင်ငံမျာ

စစ်ဖြစ်စနှစ်များအတွင်း၌ အပြင်းထန်ဆုံး တိုက်ပွဲများမှာ ဥရောပတိုက်တွင် ဖြစ်ပွားလေသည်။ ဂျာမန်တို့က အောင်ပွဲ တစ်ပွဲပြီး တစ်ပွဲရလျက်ရှိရာ ဂျာမန် စစ်မျက်နှာမှာလည်း ကျယ်ပြန့်သည်ထက် ပျယ်ပြန့်လာသည်။ ၁၉၄၀-၄၁ခုနှစ် ဆောင်းရာသီတွင် တိုက်ပွဲများ အကြီးအကျယ်မဖြစ်ပွားဘဲ ငြိမ်သက်လျက်ရှိသည်။ ထိုအတော အတွင်း နိုင်ငံရေးပရိယာယ်များကို ပြင်ဆင်ရင်း လာမည့် တိုက်ပွဲကြီးများအတွက် အားယူနေကြသည်။ ၁၉၄၁ ခုနှစ် နွေဦးပေါက်တွင် ငြိမ်သက်နေသော စစ်မျက်နှာသည် ရုတ်တရက် လှုပ်ရှားလာသည်။ ဂျာမန်တို့သည် ဗော်လကန်ဒေသ၊ အာဖရိကနှင့် အရှေ့အနီးပိုင်းနိုင်ငံများတွင် ထိုးစစ်ဆင်လေသည်။

၁၉၄၁ ခုနှစ်တွင် ဘူလ်ဂေးရီးယားနိုင်ငံသည် ဝင်ရိုးတန်းနိုင်ငံများနှင့် ပူပေါင်းပြီး ဂျာမန်စစ်တပ်များကို ဝင်ခွင့်ပြုလိုက်သည်။ ယူဂိုဆလားဗီးယားနိုင်ငံသည်လည်း ဝင်းရိုးတန်းမဟာမိတ် အဖွဲ့ဝင်နိုင်ငံ ဖြစ်သွားသည်။ ဂရိနိုင်ငံသည်လည်း ဂျာမန်တို့၏ တိုက်ခိုက်ခြင်းကို ခံရသည်။ ယခင်က အီတလီတပ်များအား အောင်မြင်စွာခုခံနိုင်ခဲ့သော ဂရိတပ်များသည် အင်အားကြီးမားသော ဂျာမန်တပ်ကြီးကိုမူ အရှုံးပေးရတော့သည်။ ယခုအခါတွင် ဂျာမနီသည် ဗော်လကန် တစ်လျှာက်လုံးကို သိမ်းပိုက်မိပြီးဖြစ်ရာ ဥရောပတစ်တိုက်လုံးအား မိမိခြေဖဝါး အောက်တွင် ထားရှိကာ ဆိုဗီယက် ရုရားတစ်ဦးတည်းကိုသာ တိုက်ခိုက်ရန်ကျန်တော့သည်။

အဒေါ့ ဟစ်တလာ
အဒ်ဒေါ့လ်ဖ် ဟစ်တ်တလာ


ဂျာမန်တပ်များက စစ်ပွဲတစ်ခုပြီး တစ်ခု ခံယူနေကြသည့် အချိန်တွင် ဗြိတိသျှတို့၏ဂုဏ်သတင်းမှာ များစွာ ယုတ်လျော့နေသည်။ အာဖရိကတိုက်ပွဲများတွင် ဂျာမန်တို့သည် ပွဲဦးထက် အောင်ပွဲများ ရရှိကြပေသည်။ ဂျာမန်ဗိုလ်ချုပ်ကြီး ရွမ်းမဲအုပ်ချုပ်သော တပ်များသည် လစ်ဗီးယားတွင် ထိုးစစ်ဆင်ကာ အီဂျစ်ဘက်သို့ ချီတက်လျှက်ရှိသည်။ ဗြိတိသျှတပ်များသည် အပြင်းဆုတ်ခွာပြီးလျှင် တိုဗရွတ်မြို့သို့ ရောက်ရှိသောအခါ ထိုနေရာမှနေ၍ အပြင်းအထန်ခုခံလေသည်။ နောက်ဆုံး၌ အီဂျစ်နိုင်ငံ ဆိုလစ်မြို့တွင် ဂျာမန်တို့အား ကြံ့ကြံ့ခံလေသည်။ ဂျာမန်တပ်များရှေသို့ မတိုးနိုင်တော့ချေ။ မေလတွင် ဂျာမန်တို့သည် မြေထဲပင်လည်အတွင်းရှိ ကရိကဒန်းကို လေထီးတပ်သားများ အသုံးပြုကာ အပြင်းအထန်တိုက်ခိုက်လေသည်။ ဗြိတိသျှတို့က စွမ်းအားရှိသမျှ ခုခံပါသော်လည်း ဂျာမန်လေတပ်ဒဏ်ကို မခံနိုင်ဘဲ ဆုတ်ပေးကြရသည်။

တိုက်ပွဲမှာ အပြင်းထန်ဆုံးတိုက်ပွဲတစ်ရပ်ပင် ဖြစ်ပါတော့သည်။ ယင်းတိုက်ပွဲတွင် ဂျာမန်တို့ဘက်က လူ ၂ဝဝဝဝခန့် ဆုံးရှုံး၍ အဂင်္လိပ်ဘက်မှ ၁၅၀၀၀ ခန့်ဆုံးရှုံးသည်။ ကရိကဒန်းကျဆုံးရခြင်းမှ ဗြိတ်သျှတို့အဖို့ ဆုံးရှုံးမှုကြီးတစ်ခုပင် ဖြစ်သည်။ အီရတ်နိုင်ငံတွင် နာဇီတို့၏ အကူအညီဖြင့် တော်လှန်ရေးဖြစ်ပွားလျက် အီရတ်တို့နှင့် ဗြိတိ သျှတို့ တိုက်ခိုက်ကြသည်။ ပြင်သစ်ပိုင် ဆီးရီးယားပြည်တွင်လည်း ဂျာမန်တို့ ခြိမ်းခြောက်လျှက်ရှိသည်။ ကရီကဒန်းကျသွားပြီ:နောက် ဗြိတိသျှတို့သည် ဂျာမန်တို့ လက်မဦးခင် ဆီးရီးယားနှင့် လက်ဗနွန်ကို သိမ်းပိုက်လိုက် ကြသည်။ ဟစ်တလာသည် ဥရောပအရှေပိုင်းသို့ စစ်မျက်နှာဖြန့်နေစဉ် သိမ်းပိုက်ထားသော ဥရောပ အနောက်ပိုင်းတွင်လည်း အခြေအေနခိုင်မြဲအောင် ကြိုးပမ်းလေသည်။ဂျာမန် သြဇာခံ ဗီရှိအစိုးရကလည်း ဟစ်တလာနှင့် ပူး ပေါင်း၍ ဂျာမနီနှင့် ပြင်သစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးများအတွက် စည်းဝေးတိုင်ပင်ကာ အစီအစဉ်များ ပြုလုပ်လေသည်။

နာဇီစစ်ဦး ဆိုဗီယက်သို့ လှည့်ပြီ

၁၉၃၉ခုနှစ်မှစ၍ အတိအလင်း ဖြစ်ပွားခဲ့သော ကမ္ဘာစစ်သည် ယုတ်လျော့ခဲ့သည်ဟူ၍ မရှိခဲ့ဘဲ တစ်နေ့တစ်ခြား ကျယ်ပြန့်ကူးစက်လာသည်။ ၁၉၄၁ခုနှစ်တွင် ဆိုဗီယက်ရုရှားစစ်ထဲသို့ ဝင်ရောက်လာသည်။ ဤသို့ဝင်ရောက်ရခြင်းမှာကား ဂျာမနီက စတင်တိုင်ခိုက်ခြင်းကြောင့်ပင် ဖြစ်သည်။ ဂျာမနီသည် အခြားနိုင်ငံများကို စိတ်ချလက်ချ တိုက်ခိုက်ရန်အတွက် ဆိုဗီယက်ရုရှားနှင့် မကျူးကျော်ရေး စာချုပ်ကို ပြုလုပ်ထားသော်လည်း ဆိုဗီယက်၏ အင် အားကို အမြဲတမ်း စိုးရိမ်လျက်ရှိနေခဲ့သည်။ ဗြိတိန်ကို အင်တိုက်အားတိုက် ဝင်ရောက်မတိုက်ခိုက်ခြင်းမှာလည်း ဆိုဗီယက် ရုရှား၏ နောက်ပိုင်းရန်ကို စိတ်မချခြင်းကြောင့်ဖြစ်သည်။သို့ဖြစ်ရာ ဥရောပ တစ်တိုက်လုံးအား အုပ် စိုးမိသောအခါ နာဇီစစ်ဦးသည် ဆိုဗီယက်ရုရှားဘက်သို့ လှည့်လေသည်။ ၁၉၄၁ ခုနှစ် ဇွန် ၂၂ ရက်နေ့တွင်ဂျာမန် တပ်များသည် ဆိုဗီယက်-ဂျာမန် မကျူးကျော်ရေးစာချုပ်ကို ဖောက်ဖျက်ကာ ဆိုဗီယက်ရုရှားကို တိုက်ခိုက်လေတော့သည်။ ဂျာမန်တို့သည် အဓိက စစ်ကြောင်းကြီး သုံးကြောင်းခွဲ၍ ချီတက်သည်။

ဂျာမန် အကျဉ်းစခန်းရှိ ကိုယ်လုံးတီးဖြစ်နေသော ဆိုဗီယက် စစ်သားများမြောက်ဘက်စစ် ကြောင် းမှာ ဗော်လတစ်နိုင်ငံများကို ဖြတ်၍ လီနင်ဂရက်မြို့တော်သို့ ဦးတိုက်လေသည်။ အလယ်စစ်ကြောင်းမှာ ဝှိုက်ရပ်ရှားခေါ် ရုရှားဖြူနယ်ကို ဖြတ်၍ မော်စကိုမြို့တော်သို့ ဦးတည်လေသည်။ တောင်ဘက်စစ်ကြောင်းမှာ ယူကရိန်းနယ်နှင့် ကော်ကေးဆပ်နယ်ကို ဦးလှည့်ထားသည်။ ဆိုဗီယက်တို့ကလည်း စစ်တပ်များကို သုံးစုခွဲကာ ဂျာမန်တို့အား ခုခံရန် ပြင်ဆင်ထားသည်။

ဂျာမန်တို့၏ မြောက်ဘက်စစ်ကြောင်းနှင့် အလယ်စစ်ကြောင်းမှာ အလွန်လျှင်မြန်စွာ ချီတက်လျက်ရှိသည်။ ဇူလိုင်လတွင် အလယ်စစ်ကြောင်းသည် စမိုလင့်မြို့အထိရောက်၍ မြောက်ဘက်စစ်ကြောင်းမှာ ဗော်လတစ်နယ်များအားလုံးကို သိမ်းပိုက်မိလေသည်။ စမိုလင့်တွင် ဆိုဗီယက်တို့ အပြင်းအထန်ခုခံကြရာ ဂျာမန်တမ်းများ ရှေ့သို့မတက်နိုင်ဘဲ တစ်လခန့် ကြန့်ကြာသွားလေသည်။

ထိုသို့ ကြန့်ကြာသွား သောကြောင့်လည်း ဂျာမနီတို့ မော်စကိုမြို့တော်ကို လက်လွတ်ရလေသည်။မြောက်ဘက်တွင်ကား ဂျာမန်တို့သည် လီနင်ဂရက်မြို့အနီးသို့ ရောက်လာသည်။ ဖင်းလူမျိုးတို့ကလည်း ဂျာမန်တို့ဘက်မှ ဝင်ရောက်တိုက်ခိုက်သည်။ သို့သော် လီနင်ဂရက်မြို့တွင်းသို့ကား မဝင်ရောက်နိုင်ချေ။ တောင်ဘက်တွင် ဂျာမန်တို့သည် ယူကရိန်းသို့ဝင်ရောက်ပြီးလျှင် ကီးယက်မြို့နှင့် စက်ရုံများစွာရှိသော အိုဒက်ဆာမြို့သို့ သိမ်းပိုက်လိုက်သည်။ ခါခေါ့မြို့မှာလည်း ဂျာမန်တို့လက်တွင်းသို့ ကျဆင်းရလေသည်။ ဤသို့လျှင် ဂျာမန်တို့သည် မြို့များကို တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်နိုင်ကြသော်လည်း သူတို့၏ အကျအဆုံးများမှာ မနည်းလှချေ။ မြေတစ်လက်မကို အသက်ပေါင်းများစွာဖြင့်လဲ၍ ခဲယဉ်းစွာ တိုက်ယူရလေသည်။

အမေရိကန်နှင့် ဂျပန် စစ်ထဲသို့ ဝင်လာခြင်း
ပစိဖိတ် စစ်ပွဲ


အနောက်ဥရောပတွင် အစပြုခဲ့သော ဒုတိယကမ္ဘာစစ်သည် ဂျပန်တို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် အရှေ့ တိုင်းသို့ ကူးစက်လာခဲ့လေရာ ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးသည်ဂျပန်နှင့် အဂင်္လိပ်တို့ စစ်ခင်းရာ စစ်တလင်းကြီးဖြစ်လာခဲ့သည်။ ဂျပန်တို့သည် အဂင်္လိပ်၊ အမေရိကန်တို့၏ အငိုက်တွင် ဝင်စီးလိုက်ရသဖြင့် ပထမတွင် များစွာစစ်ရေးသာလျက် ရှိသည်။ ဂျပန်တို့သည် စစ်အတွက် နှစ်ပေါင်းများစွာကပင် ပြင်ဆင်ထားခဲ့သည်။ စစ်သားများကိုလည်း အထူးလေ့ကျင့်ပေးထားသည်။ ထို့အပြင် သယ်ယူပို့ဆောင်ရေးလမ်းပန်း အဆက်အသွယ်များမှာ ဂျပန်တို့အဖို့ များစွာ အဆင်ပြေလျက်ရှိသည်။

တိုက်ခိုက်ရာ၌ လက်ဦးသဖြင့် အလွယ်တကူ သိမ်းပိုက်ရရှိသော နေရာများကို စစ်စခန်းပြုလုပ်ကာ နောက်ထပ် ဆက်လက်၍ နယ်ပယ်များကို တိုက်ခိုက်သိမ်းပိုက်နိုင်လေသည်။ သို့ဖြစ်၍ ငါးလတိုင်တိုင် ဂျပန်တို့သည် အောင် ပွဲများ တစ်ခုပြီးတစ်ခု ဆွတ်ခူးလျက်ရှိသည်။ ၁၉၄၁- ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဗြိတိသျှတို့၏ အကြီးဆုံးနှင့် အကောင်းဆုံး စစ်သဘောင်္ကြီး နှစ်စင်းဖြစ်သော ဝေလမင်းသားနှင့် ရီပတ်တို့ကို ဂျပန်လေယာဉ်ပျံများက နှစ်မြှုပ်ပစ်လိုက်သည်။

ဂျပန်တို့၏ အောင်ပွဲမျာ


ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကျွန်းများမှာ ဂျပန်တို့၏ လက်အောက်သို့ တဖြည်းဖြည်းကျဆင်းလျက်ရှိသည်။ ဂျပန်ရေတပ်သည် ဒီဇင်ဘာလအတွင်း၌ပင် ဂွမ်ကဒန်း၊ ဝိတ်ကဒန်းတို့ကို သိမ်းပိုက်ပြီးနောက် ဗြိတိသျှပို်ဟောင် ကောင်ကျွန်းကို သိမ်းပိုက်လိုက်လေသည်။ ထို့နောက် ဂျပန်တို့သည် မလေးကျွန်းဆွယ်နှင့် ဖိလစ်ပိုင်ကျွန်းတို့ကို တိုက်ခိုက်သည်။ ဖိလစ်ပိုင်ကဒန်းရှိ ဗိုလ်ချုပ် မက်အာသာအုပ်ချုပ်သော အမေရိကန် ဖိလစ်ပီနိုတပ်များက အပြင်းအထန် ခုခံသော်လည်း စစ်အင်အားချင်း မမျှသဖြင့် ဆုတ်ခွာပေးရသည်။ လူဇုန်၊ ဗာတန်း၊ ကော်ရီဂျီဒေါ်ကျွန်းတို့မှာ တစ်ခုပြီးတစ်ခု ဂျပန်တို့ လက်တွင်းသို့ ဆင်းသက်ရလေသည်။ အမေရိကန်စစ်သားအမြောက် အများပင် သုံ့ပန်းအဖြစ် အဖမ်းခံရလေသည်။ ပစိဖိတ်အနောက်တောင်ပိုင်းတွင်လည်း ဂျပန်တို့မှာ အထူးပင် စစ်ရေးသာလျက်ရှိသည်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလတွင် စတီးဗီးကျွန်းနှင့် မလေးပြည်မကြီးကို အင်္ဂလိပ်တို့လက် လွတ်  လိုက်ရသည်။ ထိုအချိန်တွင် မြန်မာပြည်သို့လည်း စစ်မီးကူးစက်လျက်ရှိပေပြီ။ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် အရှေ့တိုင်း၌ ဗြိတိသျှတို့၏ အကြီးဆုံးခံတပ်ဖြစ်သော စင်ကာပူခံတပ်ကြီး ကျဆုံးလေသည်။ မဟာမိတ်တို့၏ အရှေ့ပိုင်းအင်အား ပြိုကွဲလေသည်။ အင်္ဂလိပ်၊ အမေရိကန်နှင့် ဒပ်ချ်တို့သည် ဆက်လက်၍ မခုခံနိုင်ကြတော့ချေ။ ဆူမတြား၊ ဂျာဗားနှင့် ဒပ်ချ်ပိုင်ကျွန်းများမှာ တစ်ကျွန်းပြီး တစ်ကျွန်း ဂျပန်လက်အောက်သို့ ကျရောက်ရလေသည်။ မြန်မာပြည်ဘက်တွင်လည်း မေလလောက်တွင် ဂျပန်တို့သည် မြန်မာတစ်ပြည်လုံးကို သိမ်း ပိုက်မိလေသည်။ ယင်းသို့အားဖြင့် ဂျပန်၏ အာဏာစက်ကွင်းမှာ ခြောက်လအတွင်းတွင် ပစိဖိတ် အနောက် တောင် ဒေသများကို လွမ်းခြုံမိလေတော့သည်။ အာရှအရှေ့တောင်ပိုင်းတွင် ဗြိသိသျှနှင့် မဟာမိတ်နိုင်ငံများ၏ အဆုံးအရှုံးမှာ များပြားလှသည်။ သဘာဝပစ္စည်းများ၊ ကုန်ကြမ်းများ၊ အသီးအနှံများဖြင့် ကုံလုံကြွယ်ဝသော နိုင် ငံများကို လက်လွတ်လိုက်ရသည်။မြန်မာပြည်မှ ဆန်နှင့် ရေနံ၊ မလ္လာယုကျွန်းဆွယ်မှ ကော်ဖတ်၊ ဒပ်ချ်ကျွန်းများမှ သကြားစသော ပစ္စည်းများကို ဂျပန်တို့ ရရှိလိုက်ကြသဖြင့် ဂျပန်တို့မှာ အင်အား ပိုမိုတောင့်တင်းသွားတော့ သည်။ ထို့အပြင် စစ်ရေးစစ်ရာတွင်လည်း ဂျပန်သည် ပစိဖိတ်အနောက်တောင်ပိုင်းကို လက်ကိုင်ပြုထားရသဖြင့် များစွာအခွင့်အရေးသာလျက် ရှိလေသည်။ ယင်းသို့ အဘက်ဘက်တွင် အရှုံးနှင့်သာ ရင်ဆိုင်နေရသော်လည်း မဟာမိတ် နိုင်ငံများမှာ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ ဤစစ်ကို မနိုင်မနေဟူသော ဇွဲသတ္တိဖြင့် ဆက်လက်တိုက်ခိုက်လျက်ရှိလေသည်။ အမေရိကန် ပြည်ထောင်စုမှာ အငိုက်တွင် အတိုက်ခံရသဖြင့် ပထမတွင် အတန်ပင် နစ်နာဆုံးရှုံးသွားရသော်လည်း နောင်တွင် တဖြည်းဖြည်း အင်အားပြည့်တင်းလာပြီးလျှင်ရန်သူကိုပြန်၍ ထိရောက်စွာ တိုက်ခိုက်နိုင်လေသည်။ ဂျပန်သည် သြစတီးလီးယား အရှေ့မြောက်ရှိ ကော်ရယ်ပင်လယ်ကို စိုးမိုးရန် ကြိုးစားသောအခါ အမေရိကန် တပ်များက အပြင်းအထန် ခုခံတိုက်ခိုက်သဖြင့် ဂျပန်တို့၏ ကြိုးစားအားထုတ်မှုမှာ အထမမြောက်တော့ချေ။ ဤတိုက်ပွဲမှာ ပစိဖိတ်တိုက်ပွဲတွင် ပထမ အကြီးကျယ်ဆုံး တိုက်ပွဲတစ်ပွဲဖြစ်သည်။ ကော်ရယ်ပင်လယ်တွင် အရေးနိမ့်သော ဂျပန်တို့သည် ပစိဖိတ်အလယ်ပိုင်း အမေရိကန် စစ်စခန်းတစ်ခုဖြစ်သော မစ်ဒဝေးကဒန်းကို ၁၉၄၂ ခုနှစ် ဇွန်လတွင် စစ်သင်္ဘော တပ်ကြီးဖြင့် တိုက်ခိုက်ပြန်သည်။ လေယာဉ်ပျံများလည်း နှစ်ဘက်စလုံးမှပင် ပါဝင်တိုက်ခိုက်ကြသည်။ ဤတိုက်ပွဲတွင်လည်း ဂျပန်တို့ပင် အရေးနိမ့်လေသည်။ ထိုနှင့် တစ်ချိန်တည်းမှာပင် ဂျပန်တပ်သားများသည် အလူးရှင်းကဒန်းများပေါ်သို့ တက်ရောက်နိုင်ကြလေသည်။

စာရေးသူ (ကျေနပ်တော့နော်)





No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */