Wednesday, February 2, 2022

ICJ မှာ ထွက်ဆိုချက်တွေ NUG ပြန်ရုပ်သိမ်းတာကို ရိုဟင် ဂျာအဖွဲ့ကြိုဆို

RFA
လွတ်လပ်တဲ့အာရှအသံ
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2022.02.02

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်နေ့က ICJ တရားရုံး ကြားနာပွဲတက်ရောက်လာသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ်များ။
Photo: Reuters 

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့အပေါ် ကနဦးကန့် ကွက် ချက်အားလုံးကို ပြန်လည်ရုပ်သိမ်းတယ်လို့ က ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့စွဲနဲ့ အမျိုးသားညီ ညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်လိုက်ပါတယ်။ တရားမဝင်အာဏာသိမ်းစစ်ကောင်စီက တရားရုံးကို အဆက်အသွယ် ပြုလုပ်နေတာကြောင့် စစ်တပ်ကို မြန်မာကိုယ်စားလှယ်အနေနဲ့ လက်မခံဖို့ လည်း ဖော်ပြထားပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ICJ ကြားနာပွဲလုပ်ဖို့ စီစဉ်ထားပြီး ဘရပ်ဆဲလ်မှာရှိတဲ့ စစ်ကောင်စီရဲ့တရား မဝင်သံရုံးကနေ တရားရုံးကို ဆက်သွယ်ဆောင်ရွက်နေတာကြောင့် NUG က ဒီစာကို ထုတ်ပြန်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ICJ တရားရုံးနဲ့ပတ်သက်ပြီး တရားဝင်ဆက်သွယ်ဆောင်ရွက်ရမယ့်သူဟာ NUG အစိုးရရဲ့သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

တဆက်တည်း ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ရပ်တည်ချက်နဲ့ တရားရုံးရဲ့ ရပ်တည်ချက် တထပ်တည်း ကျဖို့ လည်း NUGရဲ့ စာမှာ ထောက်ပြထားပါတယ်။ NUG ရဲ့ ထုတ်ပြန်တဲ့စာနဲ့ ပတ်သက်ပြီး NUG အစိုးရ လူ့အခွင့် အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို ဆက်သွယ်ခဲ့ပေမဲ့ အဆက် အသွယ်လုပ်လို့ မရသလို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း အဆက်အသွယ် လုပ်လို့ မရသေးပါဘူး။

ခုလို ICJ ကို စာပေးပို့ပြီး မြန်မာနိုင်ငံကို တရားစွဲထားတဲ့အပေါ် ကနဦး ကန့်ကွက်ချက်အားလုံးကို ပြန်လည် ရုပ် သိမ်းလိုက်တဲ့ ကြေညာချက်ကို ရိုဟင်ဂျာအဖွဲ့တွေကတော့ ကြိုဆိုလိုက်ပြီး မြန်မာနိုင်ငံအတွက် ကောင်းတဲ့ လက္ခ ဏာဖြစ်တယ်လို့ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးထွန်းခင်က ပြောပါတယ်။

“အားလုံးပါဝင်တဲ့ ကျနော်တို့ နိုင်ငံသစ်တစ်ခုကို ဦးတည်နေချိန်မှာ တရားရေးမဏ္ဍိုင်ဆိုတာ အရေးကြီးပါ တယ်။ NUG အစိုးရအနေနဲ့ နိုင်ငံတကာတရားရေးမဏ္ဍိုင်တွေနဲ့ ပူးပေါင်းပြီး လုပ်တာဟာ အင်မတန်မှ အား ကောင်းပါတယ်။ တဖက်မှာလည်း PDF ညီအစ်ကိုတွေ စစ်ကောင်စီကို တိုက်နေသလို ပြည်ပမှာလည်း တရား ရေးမဏ္ဍိုင်တွေကနေ စစ်ကောင်စီကို တရားခွင်ပေါ်ကို ခေါ်လာဖို့ အားကောင်းမယ့် အနေအထား တစ်ခု လည်း ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ NUG ရဲ့ ထုတ်ပြန်ချက်အပေါ် အတော်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ရ ပါတယ်”

NUG ရဲ့ ထုတ်ပြန်ချက်စာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကို မေးမြန်းတဲ့အခါမှာ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

စစ်တွေမြို့က မဘသဥက္ကဋ္ဌ ဆရာတော် ဦးနန္ဒောဘာသကတော့ NUG အနေနဲ့ ကန့်ကွက်ချက်ကို ရုပ်သိမ်း ခွင့် မရှိဘူးလို့ မိန့်ကြားပါတယ်။

“ NUG က ရုပ်သိမ်းလို့ မရဘူး။ တရားဝင်အစိုးရမှ မဟုတ်တာ။ တပ်မတော်က အာဏာသိမ်းထားတယ်ဆို တော့ အာဏာသိမ်းတဲ့သူနဲ့ပဲ ဆိုင်တာ။ ဒေါ်အောင်ဆန်းစုကြည်က NUG ဘာလုပ်နေတယ် ဆိုတာ သိချင် မှတောင် သိမှာ”

အခုလို NUG အနေနဲ့ ICJ တရားရုံးတရားခွင်မှာ ကန့်ကွက်ချက်တွေကို ပြန်လည်ရုပ်သိမ်းခြင်းဟာ တရား ဥပဒေနဲ့ ညီညွတ်ပါသလားဆိုတာ မေးစရာရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ ICJ တရားရုံးမှာ ခုလိုမျိုး အရင်က မကြုံခဲ့ဖူးဘူးလို့ လူအခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ကျနော်တို့ ICJ သမိုင်းမှာတော့ တခါမှ အခုလိုမျိုးမကြုံဖူးဘူး။ ပထမဆုံးအကြိမ်ဖြစ်လို့ တရားရုံးက ဘယ် လိုဆုံးဖြတ်မယ်မသိဘူး။ ဒေါ်အောင်ဆန်းစုကြည် တင်တာကို NUG က ရုပ်သိမ်းလို့ ရလား မရဘူးလား ဆို တာကတော့ တရားရုံးကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်”

NUG ထုတ်ပြန်တဲ့စာမှာ ICJ အနေနဲ့ လာမယ့်ကြားနာစစ်ဆေးမှုတွေကို ဖျက်သိမ်းပြီး ကုလသမဂ္ဂအထွေေ ထွညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတဲ့ စစ်တပ်ကို တဖက်သတ် အသိအမှတ်ပြုရာ ရောက်ရှိနိုင် တဲ့ အစဉ်အလာတစ်ရပ် ချမှတ်မိတာမျိုးကို ရှောင်ရှားနိုင်တဲ့ အခွင့်အလမ်း ရှိနေတယ်လို့လည်း ဆိုပါတယ်။

တဆက်တည်း အပြည်ပြည်ဆိုင်ရာ တရားရုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စား လှယ်ကို တရားရုံးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားပြုကိုယ်စားလှယ်အဖြစ် လက်ခံကြောင်း ရှင်းလင်း ပြောကြားပေးဖို့ကိုလည်း NUG ရဲ့ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။



Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */