Friday, February 18, 2022

အိုင်စီဂျေမှာတရားရင်ဆိုင်ဖို့ စစ်ကောင်စီ ကိုယ်စားလှယ် အဖွဲ့ သည်ဟိဂ်ကို ထွက်ခွာ

B B C

ဘီဘီစီမြန်မာပိုင်း
၁၈ ရက် ဖေဖေါ်ဝါရီ ၂၀၂၂
 

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲဆိုထားတဲ့အမှုကို ရင်ဆိုင်ဖို့ အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးဒေါက်တာသီတာ ဦး တို့ ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ကို ဖေဖော်ဝါရီ ၁၈ ရက်မှာ ထွက်ခွာသွားပြီလို့စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒီအမှုကို ၂၀၁၉ ခုနှစ်က သည်ဟိဂ် အထိ သွားရင်ဆိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားပြီး ဦးကိုကိုလှိုင်နဲ့ ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့ ၁၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့တာပါ။

ဒါပေမဲ့ ဦးကိုကိုလှိုင်နဲ့ ဒေါက်တာသီတာဦးတို့ ၂ ဦးစလုံးကို အမေရိကန်က ပိတ်ဆို့ အရေးယူထားပါတယ်။ 


ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး စွဲဆိုထားတဲ့ ဒီအမှုကို နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အဖွဲ့ကတော့ နေပြည်တော်ကနေ အွန်လိုင်းကတစ်ဆင့် ကြားနာမှာ ဖြစ်ပါတယ်။

ဒီလို တက်ရောက်ခွင့် ရရင် စစ်ကောင်စီကို နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိသွားနိုင်မယ်ဆိုပြီး တက်ရောက် ခွင့် မပြုဖို့ နိုင်ငံရေး အတိုက်အခံတွေ ဘက်က ကန့်ကွက်ထားကြတဲ့ ကြားကနေ အခုလို ဖြစ်လာတာ ဖြစ်ပါ တယ်။

"နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုယ်စား ရင်ဆိုင်မယ့် Agent နဲ့ Alternate Agent ကို လက်ခံတယ်လို့ အိုင်စီ‌ဂျေက အကြောင်းကြားလာလို့ ထွက်ခွာတာပါ" လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံဘက်က ရှေ့နေလိုက်ပေးခဲ့တဲ့ ဝီလီယံရှေးဘတ် နုတ်ထွက်သွားခဲ့ပြီးတဲ့နောက် ရှေ့နေအသစ်   ေ တွ ထပ်ငှားထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတချို့က ဖိတ်ခဲ့တယ်လို့ ဆိုပေမဲ့ စစ်ကောင်စီဟာ ကုလသမဂ္ဂရုံးချုပ် နယူးယောက်မှာတော့ တရားဝင်ကိုယ်စားပြုခွင့် မရရှိထားပါဘူး။

ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ အရည်အချင်းစစ်ကော်မတီက ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံကို ဘယ်သူက ကိုယ်စားပြုမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဆုံးဖြတ်မယ့် ကိစ္စကို ရက်ရွှေ့ဆိုင်းထားခဲ့ပါတယ်။

အဲဒီကြားထဲမှာ အာဏာသိမ်းခံခဲ့ရတဲ့ အရပ်သား အစိုးရလက်ထက်က ခန့်ထားခဲ့ပြီး စစ်ကောင်စီကို ဆန့်ကျင် တဲ့ လက်ရှိ မြန်မာရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ကိုယ်စားလှယ် အဖြစ် ဆက် လက် သတ် မှတ်ထားခဲ့ပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရဘက်ကလည်း မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြု ခံထားရသူ ဟာ ဦးကျော်မိုးထွန်းသာ ဖြစ်တာကြောင့် အခုကိစ္စမှာလည်း ဦးကျော်မိုးထွန်းသာလျှင် မြန်မာနိုင်ငံကို ကိုယ် စားပြု တက်ရောက်သင့်တယ်လို့ ပြောထားပါတယ်။

အိုင်စီဂျေဘက်ကတော့ အန်ယူဂျီဘက်ကို အခုထိ တုံ့ပြန်တာ မရှိသေးပါဘူး။

အရင်ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေး ကော်မရှင် အဖွဲ့ဝင် နဲ့ လူ့အခွင့်အရေး ရှေ့နေတယောက် ဖြစ် တဲ့ Christopher Sidoti က စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ အစိုးရ မဟုတ်ဘူး၊ မြန်မာပြည်တွင်းမှာရော ပြည် ပ မှာပါ မြန်မာပြည်ရဲ့ အစိုးရအဖြစ် ကိုယ်စားပြုနိုင်တဲ့ အခြေအနေမျိုး မရှိဘူးလို့ ပြောပါတယ်။ 

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့အဖွဲ့က နေပြည်တော်ကနေ အွန်လိုင်းက ကြားနာမယ်။ ဒါပေမယ့် ICJ ကြားနာမှုကို တက်ခွင့်ရရင် မြန်မာကိုယ်စားပြု အစိုးရသဖွယ်ဖြစ်အောင် လုပ်ပြဖို့ ကြိုးစားမှာပဲ လို့ Sidotiက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဒီလို အစိုးရအဖြစ် အသိအမှတ်ပြုခံရဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတဲ့ နိုင်ငံတနိုင်ငံအတွက် ကိုယ်စားပြုခွင့် ဆိုတာကို ဘယ်လို ဆုံးဖြတ်သလဲကိစ္စနဲ့ ပတ်သက်လို့ ICJကို ရိုက်တာက မေးမြန်းခဲ့ရာမှာတော့ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုသာ ရည်ညွှန်းပြောကြားခဲ့ပါတယ်။


အဲဒီစည်းမျဉ်းစည်းကမ်းတွေအရ ကိုယ်စားလှယ်ကိစ္စအတွက် ဆက်သွယ်မှုတွေဟာ နိုင်ငံတစ်ခုရဲ့ နိုင်ငံခြား ရေး ဝန်ကြီးဌာန သို့မဟုတ် သံရုံးတွေက ဖြစ်ရမယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေ အတွင်းမှာ ရိုဟင်ဂျာ ၇၃၀,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံအတွင်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြရပြီး အဲဒီက ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြရပါတယ်။

ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးသူတွေက မြန်မာ စစ်တပ်ဟာ လူမျိုးတုံး သတ်ဖြတ်မှု မြောက်တဲ့ ရည်ရွယ်ချက်နဲ့ နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုကြပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ အထောက်အပံ့နဲ့ ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ်မှာ လူမျိုးတုံး သတ်ဖြတ်မှု တွေ လုပ်ခဲ့တယ်လို့ စွပ်စွဲပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */