Wednesday, October 7, 2020

ရခိုင်မြောက်ပိုင်း ပစ်ခတ်မှုတွေမှာ အရပ်သား သေဆုံး ဒဏ် ရာရမှုတွေရှိ

VOA

ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်
07 အောက်တိုဘာ၊ 2020
လက်နက်ကြီးကြောင့် ရခိုင်ပြည်နယ် မိုးစဲကွျွန်းဒေသခံတွေ စစ်တွေကို တိမ်းရှောင်လာကြတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - မေယုထွန်း - စက်တင်ဘာ ၂၃၊ ၂၀၂၀)
စစ်ရေးပဋိပက္ခတင်းမာနေဆဲ ရခိုင်ပြည်နယ်မှာ ပစ်ခတ်မှုတွေကြောင့် ရိုဟင်ဂျာ ၅ ဦးထက်မနည်း သေဆုံးပြီး၊ ဒဏ်ရာရသူတချို့လည်း ရှိခဲ့တဲ့အကြောင်း ပြောပြပေးမှာပါ။ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်း အိန် က သတင်းပေးပို့ထားပါတယ်။

ညမထွက်ရအမိန့်ထုတ်ထားတဲ့ မင်းပြားမြို့ထဲပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ မူဆလင်အမျိုးသား(၃)ဦး သေဆုံးခဲ့ သလို ဘူးသီးတောင်မြို့နယ် တိုက်ပွဲမှာလည်း သေဆုံးသူတချို့ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။မင်းပြား မြို့မှာ မနေ့ညပိုင်းက လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာလို့လည်း ဒေသခံတဦး ဖြစ်တဲ့ ဦးမောင်ကျော်ကပြောပါတယ်။

“ညက(၁၁)နာရီလောက် မူဆလင်(၃)ယောက်စက်လှေနဲ့ သွား မင်းပြားချောင်းပေါ့နော်။ အဲဒီ ချောင်းလေး ထဲက စက်လှေနဲ့လာတာကို အပေါ်က စစ်ကြောင်းကနေပြီးတော့ ပစ်လိုက်တာ။ စစ်ကြောင်းထွက်တဲ့အချိန်နဲ့ သူတို့လာတဲ့ အချိန်နဲ့ ကွက်တိကျပြီးတော့ တွေ့ပြီးတော့ ပစ်လိုက်တာ။ အကုန်သေတယ် အခုဆေးရုံမှာ။”

ဒီပစ်ခတ်မှုဖြစ်ပြီး လုံခြုံရေးအဖွဲ့ကနေ ဖားငါးရှာထွက်တဲ့ မင်းပြားမြို့ခံ(၃)ဦးကိုလဲ လှေတစီးပေါ်ကနေ ဖမ်း ဆီး ထား တယ်လို့လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကပြောပါတယ်။

“မနေ့က ရခိုင်သားလေး(၃)ယောက် သူတို့ညနေဖားထိုးထွက်တဲ့ အချိန်မှာ သူတို့နဲ့တွေ့သွားလို့ ဖမ်းသွား တယ် သူတို့ကို။ ရဲစခန်းမှာရောက်နေပြီးဆိုပြီးကြားတယ်။”

တပ်မတော်ကတော့ ရခိုင်ပြည်နယ်အတွင်းလုံခြုံရေးအခြေအနေအရ ညမထွက်ရအမိန့်ပုဒ်မ(၁၄၄) ကိုထုတ် ပြန်ထား တာဖြစ်ပြီး တားမြစ် မိန့်ထုတ်ပြန်ထားတဲ့ နယ်မြေအတွင်းဝင်ရောက်လာတဲ့ စက်လှေ ၂ စီးကို လုံခြုံ ရေးအဖွဲ့က ရပ်တန့် ခိုင်းစဉ် ရပ်တန့်မှု မရှိပဲ မောင်းနှင်ထွက်ပြေးလို့ ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ပစ်ခတ်မှုကြောင့် ဘင်္ဂါလီအမျိုးသား ၃ ဦး သေဆုံးကြောင်းလည်း ပြောဆိုထား ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအာဏာပိုင်တွေကတော့ ဘင်္ဂလီအဖြစ် ရည်ညွှန်းပြောဆိုလေ့ ရှိပါတယ်။

မနေ့တုန်းကလည်း ဘူးသီးတောင်မြို့နယ် စံညှင်းဝေကျေးရွာအုပ်စုရှိ ပြင်ရှည်(မွတ်ဆလင်) ကျေးရွာနှင့် တစ် မိုင်ကျော် အကွာမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့တိုက်ပွဲဖြစ်ပွါးမှုဖြစ်စဉ်မှာ ဒေသခံရွာ သား(၂)ဦး သေဆုံး ပြီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ စံညှင်းဝေကျေးရွာသား အရော်ကူလာကပြောပါတယ်။

“ကျွန်တော်တို့စံညှင်းဝေအုပ်စုက စစ်ကြောင်းတကြောင်းလာပြီးတော့ ပေါ်တာဆွဲပြီးတော့ လူ(၁၅)ယောက် ခေါ် သွား တယ်။ ကျွန်တော်တို့လူမျိုး မူဆလင်လူမျိုးတွေကို ပေါ်တာ ခေါ်သွားတဲ့(၁၅)ယောက်ကို ညှောက် တွေ ဘာတွေတူးခိုင်း တယ်။ မိုင်းတွေဘာတွေရှိရင်ပေါက်အောင် အဲတာလုပ်ချနေတယ်။ တိုက်ပွဲဖြစ်နေတဲ့ အ ချိန်မှာ ဟိုဘက် ဒီဘက်ကျရာမှာ ကျည်ကအလယ်မှာ ကျသွားတယ်။ ကျွန်တော်တို့လူမျိုးတွေ နှစ်ယောက် ဆုံး သွားပြီး တယောက်ဒဏ်ရာရတယ်။ (၁၂)ယောက်ကပြန်ရောက်လာပြီး။”

ဒေသခံတွေကတော့မြန်မာစစ်တပ်ကနေ ရွာသား(၁၅)ဦးကို အထမ်းသမားအဖြစ် ခေါ်ဆောင်သွားစဉ်တိုက် ပွဲအတွင်း ကြားညပ်သေဆုံးတာလို့ဆိုပါတယ်။

စံညှင်းဝေကျေးရွာရွာသားတွေ သေဆုံးမှုနဲ့ပက်သက်ပြီးတပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြော ပါတယ်။

“ဘူးသီးတောင်မြောက်ဖက်ပြင်ရှည်ကျေးရွာမှာ ကျွန်တော်တို့မနေ့ကညနေ(၅)နာရီ(၁၅)လောက်မှာ လက် နက် ငယ်သံ တွေကြားလို့ တပ်ကနေသွားရောက်စစ်ဆေးတယ်။ အဲဒီမှာ ဘင်္ဂါလီနှစ်ဦး သေဆုံးနေတယ်။ တဦးကတော့ဒဏ်ရာပြင်း ထန်ပြီး တော့သတိမေ့နေတာတွေ့ရတယ်။ အဲဒီ ကျွန်တာ်တို့တပ်မတော် ဆေးရုံ မှာတက်ရောက်ပြီးတော့ကုသမှု ခံယူ နေတယ်။ အဲဒီဒဏ်ရာရတဲ့ ဘင်္ဂါလီရဲ့ပြောပြချက်အရ သူတို့နွား ကျောင်းနေတဲ့အချိန်မှာ AA ကလက်နက်ငယ်နဲ့ပစ်သွား တာလို့ပြောတယ်။”

တပ်မတော်စွပ်စွဲချက်အပေါ် AAပြောခွင့်ရ ခိုင်သုခကအခုလိုငြင်းဆိုပါတယ်။

“ဒါမြန်မာစစ်တပ်ရဲ့ သူတို့ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် တဖက်ကိုလာပြီးတော့ စွပ် စွဲတာ ဘဲဖြစ်တယ်။ တကယ့်အဖြစ်မှန်က အဲဒီပြင်ရှည်ရွာကရွာသား(၁၀)ကျော်လောက်ကို မြန်မာစစ် တပ် ကနေ ပေါ်တာ ခေါ်သွားတယ်လို့သိရတယ်။ တောထဲမှာ တိုက်ပွဲဖြစ်တဲ့အချိန်မှာ အဲဒီလူတွေ ဒဏ်ရာရတာ။”

အောက်တိုဘာလ(၆)ရက် ဒီကနေ့မနက်ပိုင်းမှာလဲ ရသေ့တောင်မြို့နယ် မယူမြစ်က ရေတပ်သင်္ဘောကနေ ပစ်ခတ်လို့ မယူကမ်းအနောက်ဖက်ခြမ်းကပြင်ရှည်ကျေးရွာအုပ်စုက ရွာသား (၃) ဦး ထပ်မံဒဏ်ရာရရှိ သွား ကြောင်း ကျေး ရွာအုပ် ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ပြင်ရှည်ကျေးရွာအုပ်စုဘဲ ဒီနေ့မနက်(၇)နာရီ(၄၀)မှ (၈)နာရီ(၄၀)အထိ တနာရီကျော် တိုက် နေ တယ်။ သူတို့ဒလစပ် တိုက်ကြပါတယ်ခင်ဗျ။ အဲဒီအချိန်မှာကျွန်တော်တို့ပြင်ဝန်းကျေးရွာက ဦးမောင်စိုးအ သက်က(၈၈)နှစ် ၊ ဒဏ်ရာရတာက ယာနံဘေးမှာ နှစ်ချက်ထိသွားတယ်ခင်ဗျ။ နောက် ဦးအောင်သန်းစိန် (၅၀) နှစ်နဲ့သားက သူတို့မှာလဲ လက်နက်ကြီး အစမှန်သွားတာရှိတယ်။ စိုးရိမ်ရတာကတော့ ဦးမောင်စိုးအ သက် (၈၈)နှစ်အဖိုးအိုပေါ့။ သူကတော့စေတီပြင် ဆေးရုံကိုရောက်သွားတယ်။”

မနေ့ကလဲ ရေတပ်သင်္ဘောကနေပစ်ခတ်မှုကြောင့် ကံပြင်ရွာသားတဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ရသေ့တောင်မြို့နယ်ကျောက်တန်းတိုက်နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက် နက်ကိုင်AA အဖွဲ့ တို့ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွါးခဲ့ပြီး ထိခိုက်မှုတွေရှိနေတာကြောင့် မြန်မာစစ်ရေယာဉ် ကနေ မယူမြစ်ပေါ်ပစ်ခတ် မှု တွေ လုပ်ဆောင်နေတာလို့လဲ AAရခိုင်လက်နက်ကိုင်ဘက်က စွပ်စွဲထားပါ တယ်။

အောက်တိုဘာလဆန်းမှာတော့ မင်းပြားနဲ့ရသေ့တောင်မြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တို့တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွါးနေပြီး ထောင်နဲ့ချီတဲ့ ဒေသခံရွာသားတွေကလဲ နေရပ်ကနေ တိမ်း ရှောင်နေရပါတယ်။ 

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */