20 မေ၊ 2020
ဇော်ထက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တချို့ (မေ ၁၅၊ ၂၀၂၀)အားကောင်း တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ မိုးကြီး၊ မြေပြိုနိုင်ခြေ ရှိ တယ်လို့ ဒုက္ခသည်တွေ စိုးရိမ်နေကြတဲ့အကြောင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်း ထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။
အနှစ် ၂၀ အတွင်း အပြင်းထန်ဆုံးလို့ဆိုတဲ့ Amphan ဆိုင်ကလုန်းမုန်တိုင်းဟာ အခု မေလ ၂၀ ရက် ညနေ ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ စတင်ဝင်ရောက်နေပြီး အကူအညီတွေလိုအပ်နေတဲ့ Cox's Bazar ခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အခြေအနေတွေ ပိုဆိုးလာမှာ၊ ရေကြီး မြေပြိုမှုတွေရှိလာမှာ စိုးရိမ်နေကြပါ တယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတချို့က မုန်တိုင်းသတိပေးချက်ထုတ်ပြန်သလို Cox's Bazar ခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းရှိတဲ့ နေရာတွေမှာ အသံချဲ့စက်နဲ့ လိုက်လံသတိပေးတာလည်း လုပ်ဆောင်နေတယ်လို့ ဘာလုခါလီ ဒုက္ခသည်စခန်းက ဦးအီးစလာမ် ပြောပါတယ်။
“ဟုတ်ကဲ့။ ဒီနေ့မနက်ကစပြီးတော့ မိုးလည်း အရမ်းရွာပါတယ်။ တချို့ဒုက္ခသည်စခန်းမှာဆိုရင် ရေကြီးတာ တို့ မြေပြိုတာတို့ ရှိတယ်လို့ ဒုက္ခသည် အချင်းချင်း ဖုန်းဆက်သွယ်တာကို တွေ့ရပါတယ် ခင်ဗျ။ ဒီနေ့ည ၁၀ နာရီအတွင်းမှာ မုန်တိုင်းတိုက်ခတ်လာမယ်ဆိုပြီးတော့ လူတိုင်းက ပြောနေတာကို တွေ့ရပါတယ်။”
လေပြင်းတိုက်တာ၊ မိုးသဲတာတွေကြောင့် Cox's Bazar ခရိုင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၀ ကျော်မှာ တချို့က စိုးရိမ်ရတဲ့အခြေအနေရှိကြောင်း ကုတုပလောင် ဒုက္ခသည်စခန်းက ဦးမောင်မောင်က ပြောပါ တယ်။
“အခြေအနေက အခုက ဒီမှာ မိုးရွာနေပါတယ်။ မုန်တိုင်းလေလည်း တိုက်နေပါတယ်။ အခြေအနေက စိုးရိမ် နေရတာ ရှိတယ်။ အဓိက အန္တရာယ်ရှိတာက ဘန်လေ ဒုက္ခသည်စခန်းနဲ့ ကုတုပလောင် ဒုက္ခသည်စခန်းပါ။ မုန်းတိုင်းတိုက်ရင် ဒီမှာ မြေပြိုမှုတွေလည်းရှိတယ်။ စိုးရိမ်ရတာရှိတယ်၊ တောင်ပေါ်မှာလည်း ရှိတယ်၊တောင် တန်းမှာလည်းရှိတယ်။ အဲဒီနေရာတွေ ကျနော်တို့မှာ စိုးရိမ်နေရတာပေါ့။”
အန္တရာယ်ရှိတဲ့နေရာတွေကနေ ယာယီနေရာ ရွှေပေးဖို့အတွက်လည်း ကူညီရေးအဖွဲ့တွေက ကမ်းလှမ်းထား တယ်လို့ ဦးမောင်မောင်က ပြောပါတယ်။
အိန္ဒိယမိုးဇလ ဌာနခန့်မှန်းချက်မှာ မုန်တိုင်းဒီရေဟာ ၁၀ ပေကနေ ၁၆ ပေထိတက်နိုင်တယ်လို့ဖော်ပြထားပါတယ်။ ပြည်နယ်အနောက်ပိုင်းက လူဦးရေ ၃၀၀,၀၀၀ လောက်ကို နေရာရွှေ့ပြောင်းထားပြီးဖြစ်ပေမဲ့ ရိုဟင်ဂျာဒုက္ခ သည် စခန်းဘက်တွေမှာတော့ မနက်ဖြန်အခြေအနေပေါ်မူတည်ပြီး အကူအညီတွေ ရနိုင်မယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။
ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒီဒုက္ခသည်တွေကို စိစစ်လက်ခံဖို့ သဘောတူ ထားပေမဲ့ အခု ကပ်ဘေးအခြေအနေကြောင့် နေရပ်ပြန်ရေးအစီအစဉ်တွေ ယာယီရပ်ဆိုင်းထားရပါ တယ်။ မကြာသေးမှီကလည်း ဒုက္ခသည်စခန်းအတွင်း COVID-19 ရောဂါပိုးကူးစက်ခံရသူ ဒုက္ခသည်တဦး ရှိတယ် လို့ ဓါတ်ခွဲအဖြေထုတ်ထားပါတယ်။
Link : Here
No comments:
Post a Comment