" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 22, 2020

ICJ ထံ တင်သွင်းမယ့် ပထမဆုံးအစီရင်ခံစာ ပြင်ဆင်မှု ဘယ်လိုရှိလဲ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဝေမာထွန်း
2020-04-22
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၉၊ ဒီဇင်ဘာ ၁၂ရက် နေ့ က တွေ့ရစဉ်
Photo: AFP


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က မြန်မာနိုင်ငံအပေါ် ကြားဖြတ် စီရင် ချက် လေးခုချမှတ်ထားပါတယ်။ အဲဒီအချက်တွေထဲမှာ နောက်လေးလကြာရင် မြန်မာအစိုးက ICJ ထံ အစီ ရင်ခံစာ တင်သွင်းရမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။

ပထမဆုံးတင်သွင်းမယ့် အစီရင်ခံစာမှာ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ကြားဖြတ်ဆုံးဖြတ်ချက်တွေကို ဆောင် ရွက် ရာမှာ တိုးတက်တဲ့အခြေအနေ၊ အခက်အခဲတွေအပါအဝင် ဒုက္ခသည်တွေ ပြန်လက်ခံရေး အစီအစဉ်ကို ထည့်သွင်းတင်ပြဖို့လိုတယ်လို့ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။လေးလပြည့်ရင် တင်သွင်း ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိလို့ မေလထဲမှာ မဖြစ်မနေ တင်သွင်းရမယ်လို့ နား လည် ထားကြောင်း နော်ဝေနိုင်ငံ မှာ နေထိုင်နေတဲ့ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ ရှေ့နေ ဦးမင်းလွင်ဦး ကပြောပါတယ်။

“ကျွန်တော်တို့ မဖြစ်မနေ တင်သွင်းရမယ့် အခြေအနေဖြစ်တယ်။ အခက်အခဲတွေ ဘာတွေရှိနိုင်သလဲ။ ဘာတွေ ရင်ဆိုင်ကြုံတွေ့ရသလဲ။ နှစ်နိုင်ငံအစိုးရအနေနဲ့ ဘယ်လောက်ပူးပေါင်းဆောင်ရွက်မှု ရှိသလဲ။ ဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေတွေ ဘယ်လောက် ဆိုးဝါးသွားသလဲ။ သက်သေခံ စောင့်ရှောက် ထိန်း သိမ်းရမယ့် အချက် တွေမှာ ဘယ်လောက် အောင်မြင်မှုရှိသလဲ၊ တိုးတက်တာကော၊ မတိုးတက် တာကော၊ ဆုတ်ယုတ်တာကော အားလုံးအစီရင်ခံ တင်ပြဖို့ဖြစ်တယ်။ ”

(၁) မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမူဆလင် လူမျိုးစုတွေအပေါ် သတ်ဖြတ်တာ၊ စိတ်ရောကိုယ်ပါ အန္တရာယ် ကျ ရောက်အောင် လုပ်ဆောင်တာ အပါအဝင် လူမျိုးတုံးသတ်ဖြတ်မှုမြောက်စေတဲ့ လုပ်ဆောင်ချက်အားလုံး ကို အစွမ်းကုန် ကာကွယ်တားဆီးပေးဖို့၊

(၂) တပ်မတော် ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေက ရိုဟင်ဂျာ မူဆလင်တွေကို လူမျိုးတုံးသတ် ဖြတ် မှု၊ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်အောင် ပူးပေါင်းကြံစည်မှု၊ သွေးထိုးလှုံ့ဆော်မှု စတာတွေ မကျူးလွန် အောင် ကြပ်မတ်ဖို့

(၃) လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နေရာဒေသတွေက သက်သေ အထောက်အထား အားလုံးကို ဖျက်ဆီးမှုမရှိအောင် မူလအတိုင်း ကာကွယ်ထိန်းသိမ်းထားဖို့နဲ့

(၄) ဒီအမိန့်ချမှတ်တဲ့ နေ့ကစပြီး လေးလအကြာမှာ မြန်မာဘက်က ဆောင်ရွက်ချက်တွေကို တရားရုံးတော် ကို တင်ပြအစီရင်ခံပြီး၊ အဲဒီနောက် ခြောက်လတစ်ကြိမ် ပုံမှန်တင်ပြဖို့ ICJ က ဆုံးဖြတ်ထားတာပါ။

အစီရင်ခံစာတင်သွင်းဖို့  လိုအပ်တဲ့ အချက်အလက်နဲ့ ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေကို ရှေ့နေချုပ် ရုံးနဲ့ စစ် ဥပဒေချုပ်ရုံးတို့  နေ့စဉ် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ဗိုလ်မှူး ချုပ် ဇော်မင်းထွန်း က RFA ကိုပြောပါတယ်။

“သူတို့ သတ်မှတ်ထားတဲ့ အချိန်အတိုင်း ကျွန်တော်တို့ တင်သွင်းဖြစ်မှာ ဖြစ်ပါတယ်။ ရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေ ချုပ် ရုံးကတော့ လိုအပ်တဲ့အချက်အလက်နဲ့ ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေကို နေ့စဉ် ညှိနှိုင်း ဆောင်ရွက် လျှက်ရှိပါတယ်။ နိုင်ငံရေး ရည်မှန်းချက်အရ ဆောင်ရွက်နေတာမျိုးဖြစ်တဲ့အတွက် သူတို့ဆီက လျော့သွားလိမ့် မယ်လို့ မမြင်ပါဘူး။ အချိန်ကိုက် ဖိအားပေးနေဦးမှာပဲလို့ ကျွန်တော်တို့ က မြင်ပါတယ်။”

အစီရင်ခံစာတင်သွင်းဖို့ နီးလာချိန် ဧပြီလ ဒုတိယအပတ်မှာတော့ သမ္မတရုံးက လူမျိုးပြုန်းစေမှု တားဆီး ရေး နဲ့ ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို လိုက်နာဖို့  ညွှန်ကြားစာ ထုတ်ပြန် ခဲ့ပါတယ်။

စာချုပ်ပါ အပိုဒ် ၂ နဲ့ ၃ တားမြစ်ချက်တွေကို ဒေသခံတွေ၊ ဝန်ထမ်းတွေ၊ စစ်မှုထမ်းတွေက ကျူးလွန်မှု မရှိ အောင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေက စီမံဆောင်ရွက်ရမှာဖြစ်ပြီး ကျူးလွန် မှုတွေရှိရင် သမ္မတရုံးထံ တင်ပြရမယ်လို့ စာမှာဖော်ပြပါတယ်။

လူမျိုးပြုန်းစေမှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ် အပိုဒ် ၂ မှာ အုပ်စု တစ်စုရဲ့ အဖွဲ့ ဝင်တွေကို သတ်ဖြတ်တာ၊ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ နာကျင်အောင်လုပ်တာ၊ ဘဝ ရပ်တည်မှု အခြေ အနေတွေ ကို ထိခိုက်အောင်လုပ်တာ၊ မွေးဖွားမှုကို တားမြစ်ပိတ်ပင်တာ၊ အုပ်စု တစ်စုရဲ့ ကလေးတွေကို တခြားအုပ်စုကို အတင်းလွှဲပြောင်းပေးတာတွေကို တားမြစ်ထားပါတယ်။

အပိုဒ် ၃ မှာတော့ လူမျိုးပြုန်းစေမှု၊ လူမျိုးပြုန်းအောင် ပူးပေါင်းကြံစည်မှု၊ လှုံဆော်မှု၊ ညွှန်ကြားမှု၊ အားထုတ် မှုနဲ့ အလိုတူ အလိုပါ ဆောင်ရွက်မှုတွေကို တားမြစ်ထားပါတယ်။

ဒါ့အပြင် ဧပြီလ ၂၀ ရက်နေ့ကလည်း အမုန်းစကားနဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ သမ္မတရုံးက ညွှန် ကြား စာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါတွေဟာ အစီရင်ခံစာမှာ ဖော်ပြမယ့် အကြောင်းအရာတွေလို့ ပြည်တွင်းလေ့ လာသူ တွေက ခန့်မှန်းပါတယ်။

သမ္မတရုံးရဲ့ ညွှန်ကြားချက်တွေကို တပ်မတော်ဘက်က လိုက်နာဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်း ကပြောပါတယ်။

ဒီလထဲမှာ မြန်မာနိုင်ငံအနှံ့က ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေကို ပြန်လွှတ်ပေးလိုက် တာဟာ အစီရင်ခံစာ တင် သွင်းရေးအတွက် အထောက်အကူဖြစ်စေမယ်လို့ ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူ ဦးအေး လွင် ကပြောပါတယ်။

“ထူးထူးခြားခြားကတော့ ဘာတွေ့ရသလဲဆိုရင် ရိုဟင်ဂျာတွေကို လဝက ဥပဒေနဲ့ ဖမ်းဆီးထားတာ တွေကို ပြန် လွှတ်ပေးတဲ့ ကိစ္စရပ်တွေက အပြုသဘောဆောင်တွေ့တယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲဒီဟာတွေက ဖြေ လျော့မှုတွေလုပ်နေတာမို့ အပြုသဘောဆောင်တယ်လေ။”

ပုသိမ်မှာ အမှုရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာ ၁၄ဝ ကို ဧပြီလ ဒုတိယအပတ်ထဲမှာ အမှုရုပ်သိမ်းပြီး ရခိုင်ပြည်နယ် ကို ပြန်ပို့ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနှစ်ဆန်း (၁) ရက်နေ့က သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ရိုဟင်ဂျာ အယောက် ၈၀၀ ကျော် လွတ်လာပြီး သူတို့ကို မူလနေရပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်ကို  ပြန်ပို့လိုက်ပါတယ်။

သူတို့တွေဟာ ရခိုင်ပြည်နယ်မှာ နေထိုင်ကြသူတွေဖြစ်ပြီး စားဝတ်နေရေးခက်ခဲတာ၊ အလုပ်အကိုင်၊ ပညာ ရေး အခက်အခဲတွေကြောင့် လူပွဲစားတွေကနေ တဆင့် ပြည်ပနိုင်ငံတွေကို ထွက်ဖို့ကြိုးစားရင်း ဖမ်းဆီးခံရ သူတွေ ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ဖြစ်နေချိန်မို့လို့ မြန်မာအပေါ် နိုင်ငံတကာရဲ့ ဖိအားတွေဟာ လျော့ကျသွားမယ်လို့ ထင်မြင် မိ ကြောင်း ဥပဒေပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် ကပြောပါတယ်။

“ဘယ်နည်းနဲ့ပဲ တင်တင် တင်လို့ရတယ်။ သံရုံးတွေက ဖွင့်ထားတာကိုး။ ကိုဗစ်ကိစ္စကြောင့် မြန်မာကိစ္စလေ နိုင်ငံ တကာ အကျဉ်းအကြပ်ထဲမှာ လျော့နိုင်စရာရှိတယ်။ ဒီအချိန်မှာ ICJကော ICC ကော အရေးမကြီး တော့ဘူးလေ။ ကိုယ့်တိုင်းပြည်လုံခြုံရေးနဲ့ ကိုယ့်တိုင်းပြည်လူတွေ ကျန်းမာရေးပဲ အရေးကြီးတာကိုး။”

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကတော့ နှစ်နိုင်ငံအစိုးရ အစီအစဉ်နဲ့ ပြန်လာနိုင်တာ မရှိသေးပါဘူး။ လတ် တလောမှာလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေမှုကြောင့် ဒုက္ခသည်ပြန်လည် လက်ခံရေး အစီအစဉ်ကို ရပ်ထား ရ ပုံရှိပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးကလည်း မေလကုန်အထိ ကြားနားမှုတွေ ရပ်ဆိုင်းထားပြီး အလည်အပတ် လာ ရောက်မှုတွေကိုလည်း ဖျတ်သိမ်းထားတယ်လို့ ICJ ရဲ့ ဝက်ဆိုဒ်မှာ ဧပြီလ ၇ ရက်နေ့ ကထုတ်ပြန်ထား ပါတယ်။

အစီရင်ခံစာတင်သွင်းရေး ကိစ္စနဲ့ ပတ်သက်လို့ နောက်ဆုတ်သွားနိုင်ချေရှိ၊ မရှိ နဲ့ စီစဉ်ဆောင်ရွက် ထားမှုအခြေအ နေတွေကို သိနိုင်အောင် နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးနဲ့ သမ္မတ ရုံးပြောရေးဆို ခွင့် ရှိသူ ဦးဇော်ဌေးတို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တုံ့ပြန်ချက် မရရှိသေးပါဘူး။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */