Thursday, March 5, 2020

ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် ဒေါ်လာ သန်း ၉၀၀ ခန့် ကုလတောင်းခံ

VOA
ဗွီအိုအေ (မြန်မာဌာန)
05 မတ်၊ 2020
 မှတ်တမ်းဓာတ်ပုံ - ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi ဘင်္ဂလားဒေရှ့်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် စခန်းကိုသွားရောက်။ 
မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် အကူ အညီ အမေရိကန်ဒေါ်လာ ၈၇၇ သန်း လိုအပ်နေကြောင်း ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ တို့က မတ်လ ၃ ရက်နေ့မှာ တောင်းခံလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက်နေတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက်ကို ပြန်နိုင်ဖို့မှာ ဒုက္ခသည်တွေရဲ့ နိုင်ငံ သားဖြစ်ခွင့် အခွင့်အရေးနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းလင်း ဖြစ်ဖို့ အရေးကြီးတဲ့အကြောင်း၊ ဒီကိစ္စကို မြန်မာဘက်က အလျင်အမြန် ဆောင်ရွက်ဖို့ လိုကြောင်းကိုလည်း ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲပြင်ပမှာ ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က အင်္ဂါနေ့က ပြောဆိုပါတယ်။

“ဒီပြဿနာကို ဖြေရှင်းရေးက မြန်မာနိုင်ငံအပေါ်မှာ မူတည်နေပါတယ်။ ဘင်္ဂလာဒေ့ရှ်က ဒုက္ခသည်တွေ မြန်မာ နိုင်ငံကို ပြန်နိုင်မယ့် အခြေအနေကို မြန်မာနိုင်ငံဘက်က ဖန်တီးပေးရမှာဖြစ်ပါတယ်။ ဒုက္ခသည် ပြန်ပို့ရေး အစီ အစဉ်ဟာ သိပ်ကို နှေးကွေးလွန်းတယ်၊ ဒါမှမဟုတ် ဖြစ်မလာသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်” လို့ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က ပြောဆိုသွားတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေကို စိစစ်လက်ခံမ ယ့် အကြောင်းနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ အကြောင်း ပြောဆိုထားပေမဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ကတည်းက စခဲ့တဲ့ ဒုက္ခသည် လက်ခံရေး အစီအစဉ်ဟာ အောင်မြင်မှု မရသေးပါဘူး။

ဒီအတောအတွင်း ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းရေး အတွက် လူသားချင်း စာနာမှု အထောက်အပံ့ အဖြစ် ယူရို ၃၁ သန်း ပေးအပ်မယ့်အကြောင်း ဥရောပ ကော်မရှင်က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ ယူရို ၃၁ သန်း ထဲက ယူရို ၁၈ ဒသမ ၅ သန်းကတော့ ဘင်္ဂလားဒေရှ့် နိုင်ငံမှာရောက်နေတဲ့ အကူအညီ အလိုအပ်ဆုံး ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ အသိုင်းအဝိုင်းအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ 

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */